ကင်ညာ

March 5, 2019

ကင်ညာတွင် ရဟတ်ယာဉ်တစီးပျက်ကျ၊ ရဟတ်ယာဉ်မှူး အပါအဝင် ၅ ဦး သေဆုံး

ကင်ညာနိုင်ငံ အနောက်မြောက်ပိုင်း တာကန်နာရေကန်အတွင်းရှိ ကျွန်းပေါ်ကနေ ပျံတက်လာတဲ့ ရဟတ်ယာဉ်တစီး ပျက်ကျခဲ့တာကြောင့် အမေရိကန်နိုင်ငံသား ၄ ဦးနဲ့ ကင်ညာ ရဟတ်ယာဉ်မှူးတို့ သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက မတ်လ ၄ ရက်နေ့မှာ ပြောပါတယ်။ ရဟတ်ယာဉ်ဟာ မတ်လ ၃ ရက်နေ့ ည ၈ နာရီဝန်းကျင်အချိန် သဘာဝဥယျာဉ်အတွင်း ပျက်ကျခဲ့ပြီး လိုက်ပါလာသူအားလုံး သေဆုံးခဲ့တယ်လို့ ကင်ညာအမျိုးသားရဲတပ်ဖွဲ့က တွစ်တာကနေ ဖော်ပြပါတယ်။ တာကန်နာရေကန်အတွင်း ကျွန်းကနေ ရဟတ်ယာဉ်နှစ်စီး ပျံတက်ပြီး ပြည်မကြီးရှိ လိုဘိုလိုစခန်းကို ဦးတည်ပျံသန်းခဲ့တယ်လို့ ကင်ညာ အရပ်ဘက်လေကြောင်း အာဏာပိုင်အဖွဲ့က ပြောပါတယ်။ ဒီလေယာဉ်ပျက်ကျမှုဟာ ကင်ညာအနောက်ပိုင်းမှာ အပေါ့စားလေယာဉ်တစီး ပျက်ကျပြီး တလမပြည့်မီမှာပဲ ဖြစ်ခဲ့တာပါ။ အပေါ့စားလေယာဉ် ပျက်ကျတုန်းကလည်း အမေရိကန် ၃ ဦး အပါအဝင် လေယာဉ်ပေါ်ပါ ၅ ဦးလုံး သေဆုံးခဲ့ပါတယ်။
3 years Ago

February 15, 2019

ကင်ညာတွင် လေယာဉ်တစင်းပျက်ကျမှုကြောင့် ၅ ဦး သေဆုံး

ကင်ညာနိုင်ငံ ဂရတ်ရိဖ်တောင်ကြား ဒေသမှာ ဖေဖော်ဝါရီ ၁၃ ရက်က အပေါ့စား လေယာဉ်တစင်း ပျက်ကျခဲ့လို့ လူ ၅ ဦးသေဆုံးခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ အမေရိကန် နိုင်ငံသား ၂ ဦးနဲ့ ပြင်သစ်နိုင်ငံသား ၁ ဦးတို့ပါဝင်ပါတယ်။ Cessna 206 လေယာဉ်ငယ်ဟာ အရေးပေါ်ဆင်းသက်ဖို့ ကြိုးပမ်းစဉ် သစ်ပင်ကို တိုက်မိပြီး ကယ်ရီချိုစီရင်စုက လယ်ကွင်းထဲ ပျက်ကျခဲ့တာပါ။ အဲဒီလေယာဉ်ငယ်ဟာ မာဆိုင်းမာရာ ဘေးမဲ့တောကနေ နိုင်ငံမြောက်ဖျား တူခါနာစီရင်စုကို ပျံသန်းခဲ့တာဖြစ်ပြီး လေယာဉ်ကနေ အကူအညီတောင်းခံချက်ကို ရခဲ့တယ်လို့ ကင်ညာအရပ်ဘက် လေကြောင်း အာဏာပိုင်အဖွဲ့  (KCAA) က သတင်းထုတ်ပြန်ပါတယ်။ လေယာဉ်လယ်ကွင်းထဲဆင်းခါနီးအချိန်မှာ  မူမမှန်တဲ့ အသံတွေ ထွက်ခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။ လေယာဉ်မှူးက  လယ်ကွင်းထဲက လုပ်သားတွေကို ဘေးလွတ်ရာ ပြေးကြဖို့ အချက်ပေးပြီးနောက် လေယာဉ်နောက်ပိုင်းဟာ  သစ်ပင်ကို ၀င်တိုက်ပြီး ပျက်ကျခဲ့တာပါ။ မနှစ်တုန်းကလည်း ဒေသခံ FlySax လုပ်ငန်းပိုင် လေယာဉ်တစင်း တောင်နဲ့ ၀င်တိုက်မိပြီး ခရီးသည် ၈ ဦးနဲ့ လေယာဉ်မှူး ၂ ဦး သေဆုံးခဲ့ပါတယ်။
3 years Ago
More News
Up