ကင်ဆာဖြစ်စေနိုင်သည့် ငရုတ်သီးမှုန့်များ ပြန်လည်သိမ်းဆည်းရန်ညွှန်ကြား

December 14, 2016

ကင်ဆာဖြစ်စေနိုင်သည့် ငရုတ်သီးမှုန့်များ ဈေးကွက်တွင်း ဆက်လက်ရောင်းချနေ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနရဲ့   ဓာတ်ခွဲစစ်ဆေးချက်တွေအရ ဈေးကွက်အတွင်းမှာ ရောင်းချနေတဲ့ ငရုတ်သီး အကြမ်းမှုန့်၊ အနုမှုန့်၊ လှော်ထောင်းမှုန့်နဲ့ အစိမ်းမှုန့်တွေမှာ ခွင့်မပြုဆိုးဆေးနဲ့ မှိုအဆိပ်ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိထားပါတယ်။ ဒီလိုစစ်ဆေးတွေ့ရှိထားပေမယ့် ဈေးကွက်အတွင်းမှာ တားမြစ်သတိပေးတာတွေတော့ မရှိသေးဘဲ ငရုတ်သီးမှုန့်တွေ ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်နေတယ်လို့ ငရုတ်သီးမှုန့် ရောင်းသူတွေက ဆိုပါတယ်။ ရွှေကြက်ဖငရုတ်သီးမှုန့်နှင့် အထွေထွေစားသောက်ကုန် အရောင်းဆိုင်မှ ဦးမောင်မောင်ညွန့်က “ဟိုအရင်တုန်းကတော့ လာစစ်ဆေးကြတယ်။ ကျန်းမာရေးအဖွဲ့တွေ ဝင်ကြတယ်။ စစ်တယ်ဆိုတာလည်း အပေါ်ယံလောက်ပါပဲ။ တကယ်တမ်း ထိထိရောက်ရောက်တော့ မရှိဘူးဗျ။ တကယ်တမ်း ထိထိရောက်ရောက်မရှိလို့လည်း ဒီလို အောက်ခြေဈေးတွေမှာ အရောအနှော၊ ဆိုးဆေး၊ အကုန်လုံး အခုချိန်ထိ ရောင်းနေကြတာပဲ။ အခုချိန် ဘယ်ဈေးပဲဝင်ဝင် ရှိနေတာပဲ။ ကျနော့်ဆိုင်ကို ကြိုက်တဲ့အချိန်မှာ ဝင်စစ်လို့ရတယ်။ ကျနော် ငရုတ်သီး အစစ်တမျိုးပဲ ရောင်းတယ်။ ပြင်ပပစ္စည်းမပါဘူး။ ဆိုးဆေးဘာညာ လုံးဝမပါဘူး” လို့ ပြောပါတယ်။ ငရုတ်သီးမှုန့် စားသုံးသူတွေကလည်း သတင်းတွေမှာ ထုတ်ပြန်ထားတာ တွေ့ပေမယ့်လည်း  ပုံမှန်သုံးနေကျအတိုင်း သုံးစွဲနေကြတယ်လို့ ပြောပါတယ်။ “ကုန်ကားနဲ့ဆိုရင် ရန်ကုန်ကသယ်တယ်။ ဘုတ်ဆုံမဆိုရင် ဝယ်သွားတာပဲ။ ဘုတ်ဆုံမ ငရုတ်သီးမှုန့်ဆိုရင် ရွာတွေ၊ ဈေးတွေမှာ ဖြန့်တာပဲ။ ဖြန့်တယ်၊ ယူတယ်၊ စားနေတာပဲ။ အပူရှိန်နည်းတဲ့အခါကျတော့ မှိုပုံစံမျိုးဖြစ်ရင်လည်း ဖြစ်ပြီးသွားမှာပေါ့။ ဒါလေးတွေလည်း ရှိမှာပေါ့။ နည်းနည်းပါးပါး သန့်စင်ပြီးတော့ သုံးရတာပေါ့” လို့ ဈေးဝယ်တဦးဖြစ်တဲ့ ဦးတင်ထွေးက ပြောပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ကော်မတီက မှိုအဆိပ်တွေ့ရှိကြောင်း ထုတ်ပြန်ကြေညာထားတဲ့ ငရုတ်သီးမှုန့်တွေကတော့ ဒေါ်တင်(ဆင်ဖြူကျွန်း)၊ OK ထွန်း၊ မြို့မဆင်ဖြူတော်၊ ဖိုးဝ၊ မြန်မာရနံ့၊ ဒေါ်ထွေး၊ ဒေါ်ခင်အေး(မော်လမြိုင်)၊ KSS နဲ့ ဘုတ်ဆုံမတို့ ဖြစ်ပါတယ်။ မြန်မာပြည်ဈေးကွက်ထဲ ဖြန့်ဖြူ ရောင်းချနေတဲ့ ငရုတ်သီးမှုန့်တွေနဲ့ အရောင်တင်မှုန့်တွေမှာ ကင်ဆာရောဂါဖြစ်စေနိုင်တဲ့ မှိုအဆိပ်တမျိုး (Aflatoxin) ပါဝင်ကြောင်း စစ်ဆေးတွေ့ရှိရလို့ တပတ်အတွင်း ပြန်လည်သိမ်းဆည်းကြဖို့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက လုပ်ငန်းရှင်တွေကို ညွှန်ကြားထားတာ ဖြစ်ပါတယ်။ မြန်မာပြည်မှာ ငရုတ်သီးမှုန့်လုပ်ငန်းလုပ်ဖို့ မှတ်ပုံတင်ထားသူ ၁၄ ဦးသာရှိပေမယ့် လက်ရှိ နိုင်ငံတ၀န်း ငရုတ်သီးမှုန့် အမှတ်တံဆိပ် ၆၅၀ ကျော်ရောင်းချနေပြီး တဝက်ကျော်မှာ အသည်းကင်ဆာရောဂါ ဖြစ်ပွားစေနိုင်တဲ့ မှိုတမျိုးဖြစ်တဲ့ (Aflatoxin) ပါဝင်တာ တွေ့ရှိရတယ်လို့ အစားသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက သိရပါတယ်။ သတင်း - သူဇာလင်း
5 years Ago

November 14, 2016

ကင်ဆာဖြစ်စေနိုင်သည့် ငရုတ်သီးမှုန့်များ ပြန်လည်သိမ်းဆည်းရန်ညွှန်ကြား

မြန်မာပြည်ဈေးကွက်မှာ ရောင်းချနေတဲ့ ငရုတ်သီးမှုန့်တွေနဲ့ အရောင်တင်မှုန့်တွေမှာ ကင်ဆာရောဂါဖြစ်စေနိုင်တဲ့ မှိုအဆိပ်တမျိုး (Aflatoxin) ပါဝင်ကြောင်း စစ်ဆေးတွေ့ရှိရလို့ တပတ်အတွင်း ပြန်လည်သိမ်းဆည်းကြဖို့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက လုပ်ငန်းရှင်တွေကို ညွှန်ကြားလိုက်ပါတယ်။ မြန်မာပြည်မှာ ငရုတ်သီးမှုန့်လုပ်ငန်းလုပ်ဖို့ မှတ်ပုံတင်ထားသူ ၁၄ ဦးသာရှိပေမယ့် လက်ရှိ မြန်မာတနိုင်ငံလုံးမှာ ငရုတ်သီးမှုန့် အမှတ်တံဆိတ် ၆၅၀ ကျော်ရောင်းချနေပြီး တ၀က်ကျော်မှာ အသည်းကင်ဆာရောဂါ ဖြစ်ပွားစေနိုင်တဲ့ မှိုတမျိုးဖြစ်တဲ့ (Aflatoxin) ပါဝင်တာ တွေ့ရှိရတယ်လို့ အစားသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ဒု-ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဒေါ်ခင်ချစ်က ဒီဗွီဘီကို ပြောပါတယ်။ “စစခြင်း FDA က စလုပ်တာက ရန်ကုန်နဲ့ မန္တလေးက ဈေးကွက်ထဲမှာရှိတဲ့ ငရုတ်သီးမှုန့်တွေကို ကောက်လိုက်ပြီး စစ်လိုက်တဲ့အခါကျတော့ Aflatoxin တွေက တော်တော်များများတွေ့နေတယ်။ နမူနာကောက်တဲ့ဟာက တ၀က်ကျော်လောက်တွေ့နေတယ်။ အဲတော့ မဖြစ်ဘူးဆိုပြီးတော့ တိုင်းနဲ့ပြည်နယ်အားလုံးမှာ ကောက်ခိုင်းလိုက်တယ်။ အဲတော့ အားလုံး နမူနာ စုစုပေါင်း ၆၅၁ မျိုးရှိတယ်။ တိုင်းနဲ့ပြည်နယ် ၁၄ ခုရယ် နေပြည်တော်ရယ် ကောက်လိုက်ပြီးတော့ Aflatoxin ကို စစ်လိုက်တာပေါ့။ စစ်လိုက်တော့ ၆၅၁ ခုမှာ ၆၀ ရာခိုင်နှုန်းကျော် (၄၀၀ နီးပါး) က Aflatoxin တွေ့ရတယ်။ သူက ၁၀ ရာခိုင်နှုန်းကျော်ရင် လူကို အန္တရာယ်ဖြစ်စေတယ်လို့ အာဆီယံမှာ ပြဋ္ဌာန်းထားတယ်။ ဒါပေမယ့် အခုက ၁၀ ရာခိုင်နှုန်းမက ၁၅ ရာခိုင်နှုန်းကျော်တာတွေတောင်ပါတယ်။ အဲလိုဆိုတော့ ဒါ တော်တော် အန္တရာယ်ရှိတယ်ဆိုပြီးတော့ ယူဆလို့ FDA က အကုန်လုံး ခေါ်တွေ့ သတိပေးလိုက်တာပေါ့နော်။” ဈေးကွက်တွင်းရောင်းချတဲ့ ငရုတ်သီးမှုန့်တွေကို တပတ်အတွင်း ပြန်လည်သိမ်းဆည်းတာ မလုပ်ရင်တော့ အရေးယူမှာဖြစ်တယ်လို့လည်း ဒေါက်တာ ဒေါ်ခင်ချစ်က ပြောပါတယ်။ “ကျမတို့ ညွှန်ချုပ်ကတော့ တပတ်အချိန်ပေးထားတယ်။ တပတ်အတွင်းမှာ ပြန်အကြောင်းကြားပေးပါပေါ့ ကျမတို့ကိုလေ။ သူ့တို့မှာ ဘယ်လောက်ရှိလဲ။ ဘယ်လိုဖျက်ဆီးမယ်ပေါ့နော်။ ရှိသမျှ တိုင်းနဲ့ပြည်နယ်အသီးသီးက FDA ကို လာအပ်ဖို့တော့ ပြောထားတယ်။ သိမ်းဆည်းမှုတွေ မလုပ်ရင်တော့ သူတို့ရဲ့ အမှတ်တံဆိပ်ကို သတင်းစာကနေ ကြေညာလိုက်မယ်။ သူတို့ရဲ့ Brand ကို ကြေညာလိုက်ရင် ဘယ်သူမှ ၀ယ်စားမှာမဟုတ်တော့ဘူး။” နိုဝင်ဘာ ၁၂ ရက်က ရန်ကုန်မြို့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနခွဲမှာ ကျင်းပတဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာလည်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်က ဈေးကွက်ထဲမှာ ဖြန့်ဖြူးရောင်းနေတဲ့ အန္တရာယ်ရှိတဲ့  ငရုတ်သီးမှုန့်တွေကိစ္စ အမြန်ဆုံးအရေးယူဆောင်ရွက်မယ်လို့ ပြောကြားခဲ့ပါတယ်။ “တွေ့နေတဲ့ဟာကို ၁ ရက်စောင့်လည်း အန္တရာယ်ရှိတယ်၊ ၂ ရက်စောင့်လည်း အန္တရာယ်ရှိတယ်။ ကျနော်တို့ အချိန်ကို မစောင့်ချင်တော့ဘူး။ ၁ ရက်ဆိုရင် ၅၁ သန်းလုံးက စားကြတယ်။ စဉ်းစားကြည့် ၅၁ သန်းပါးစပ်ထဲရောက်သွားရင် ဒါ ကင်ဆာဖြစ်မယ်မဖြစ်ဘူး ဘယ်သူမှ မပြောနိုင်ဘူး။ ၅၁ သန်းမစားတောင်မှ ၂၅ သန်း၊ တနေ့တနေ့ အဆိပ် ၂၅ သန်းကို ကျွေးမလား စဉ်းစားကြည့်။” စားသုံးရန်မသင့်ကြောင်း ကြေညာမယ့် ငရုတ်သီးမှုန့် အမှတ်တံဆိပ်တွေကိုတော့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနအနေနဲ့ လတ်တလော ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။
5 years Ago
Up