အင်ဒိုနီးရှားနိုင်ငံမှာ ကင်ဆာရောဂါသည် ဇနီးဖြစ်သူအတွက် ဆေးခြောက်စိုက်ပျိုးခဲ့တဲ့ ခင်ပွန်းဖြစ်သူကို ထောင်ဒဏ်ချမှတ်ခဲ့ပြီးနောက်မှာ ဇနီးဖြစ်သူ သေဆုံးသွားခဲ့ပါတယ်။
ဘော်နီယိုကျွန်း၊ အနောက်ကာလီမန်တန်ပြည်နယ်၊ ဆန်ဂိုးဒေသတရားရုံးက တရားခံ ဖီဒယ်အယ်ရီ ဆူဒီဝါတိုကို ထောင်ဒဏ် ၈ လနဲ့ ဒဏ်ကြေး ရူပီးငွေ သိန်းတထောင် ပေးဆောင်ဖို့ အမိန့်ချမှတ်ခဲ့တာပါ။
ဆန်ဂိုးတရားရုံး တရားသူကြီးက “တရားခံအား ထောင်ဒဏ် ၈ လနဲ့ ငွေဒဏ်ရူပီး သိန်းတထောင် ချမှတ်လိုက်သည်။ ငွေဒဏ်မပေးဆောင်ပါက ထောင်ဒဏ်တလ တိုးမြှင့်ကျခံရမည်” ဆိုပြီး အမိန့်ချမှတ်ခဲ့တာပါ။
တရားခံ ဆူဒီဝါတိုက “ကျနော် တကယ်စိတ်ပျက်မိပါတယ်။ ကျနော့်မိန်းမ အသက်ပြန်ရှင်အောင် ဘယ်လိုဆုံးဖြတ်ချက်မျိုးကမှ မလုပ်နိုင်ပါဘူး” လို့ ပြောပါတယ်။
သူ့ရဲ့ဇနီးဖြစ်သူဟာ Syringomyelia လို့ခေါ်တဲ့ ကျောရိုးနာ့ဗ်ကြောမကြီးအတွင်းမှာ အကျိတ်တည်တဲ့ ရှားပါးရောဂါတမျိုး ခံစားနေခဲ့ရတာဖြစ်ပြီး နာကျင်တဲ့ဝေဒနာ သက်သာအောင် ဆေးခြောက်အသုံးပြုနိုင်ဖို့ ခုလိုစိုက်ပျိုးခဲ့တာလို့ ဆိုပါတယ်။
တရားရုံးက ဆူဒီဝါတိုဟာ ဆေးခြောက်သုံးသူ ဒါမှမဟုတ် မူးယစ်ကုန်သည်မဟုတ်ဘူးလို့ ပြောတာကို လက်ခံပေမယ့် ဆေးခြောက်အသုံးပြုခွင့်နဲ့ တခြားတဦးကို ပေးခွင့်မရှိဘူးလို့ ဆုံးဖြတ်ခဲ့တာပါ။
အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာပေါ်မှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ရင် ဥပဒေတင်း ကျပ်ပြီး မကြာသေးခင်ကလည်း သမ္မတ ဝီဒိုဒိုက မူးယစ်ရောင်းဝယ်သူတွေကို ပစ်သတ်ဖို့ ရဲတပ်ဖွဲ့ကို ညွှန်ကြားထားခဲ့ပါတယ်။
ဒါပေမယ့်လည်း ဆူဒီဝါတိုရဲ့ အမှုကတော့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကို ကရုဏာနဲ့ ခံပြင်းဒေါသ ဖြစ်စေပါတယ်။
5 years Ago