ကင်ဆာရောဂါ နောက်ဆုံးအဆင့်ဖြစ်နေတဲ့ မိခင်ကို သီချင်းဆို နှစ်သိမ့်ခဲ့တဲ့ အသက် ၁၂ နှစ်အရွယ် သမီးလေးရဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက် စာမျက်နှာတွေပေါ် ရေပန်းစားနေပါတယ်။
ဒီအဖြစ်အပျက်ဟာ စကော့တလန်နိုင်ငံ၊ ဂလက်စ်ဂေါမြို့မှာ ဖြစ်ခဲ့တာဖြစ်ပြီး အသက် ၁၂ နှစ်အရွယ် သမီးငယ် ခေလာဂျော့ဂ်ျက မိခင်ကို ဆေးရုံမှာ လာရောက်တွေ့ဆုံချိန် ခုလို ဖျော်ဖြေနှစ်သိမ့်ခဲ့တာပါ။
အသက် ၄၇ နှစ်အရွယ် မိခင်ဖြစ်သူ အန်းန်ဂျော့ဂ်ျဟာ ကာလရှည်ကြာ ကင်ဆာရောဂါ ခံစားနေခဲ့ရတာဖြစ်ပြီး နောက်ဆုံးအဆင့်ရောက်ချိန်မှာတော့ မာရီကျူရီ နာတာရှည် ကျန်းမာရေးစောင့်ရှောက်ရေး စင်တာဆီ ပြောင်းရွှေ့ခဲ့ရတာပါ။
ခေလာဂျော့ဂ်ျဟာ အဆိုတော် ခရစ္စတီနာပယ်ရီ (Christina Perri) ရဲ့ နှစ်ပေါင်းတထောင် (A Thousand Years) သီချင်းနဲ့ သီဆိုဖျော်ဖြေခဲ့မှုဟာ ကြည့်ရှုသူတွေကို စိတ်ထိခိုက်စေခဲ့ပါတယ်။
မိခင်ဖြစ်သူဟာ မတူညီတဲ့ ကင်ဆာရောဂါ ၃ မျိုးရဲ့ ဒဏ်ကို ၁၆ နှစ်လောက် ခံစားခဲ့ရတာဖြစ်ပြီး ခုချိန်ဟာ သူ့အတွက် အသက်ရှင်ကျန်နေဖို့ သီတင်းပတ်အနည်းငယ်သာ ကျန်တော့တဲ့ အခြေအနေပါပဲ။
သမီးငယ် သီချင်းဆိုဖျော်ဖြေနေချိန်မှာ ရုပ်သံဗွီဒီယိုဖိုင်နဲ့ မှတ်တမ်းတင်ခဲ့တဲ့ အဒေါ်ဖြစ်သူ ရိုဆလင်းရေလီကတော့ “သူက မိခင်ကိုရော မိသားစုတွေကိုပါ ခုလို သီချင်းဆိုပြနေကျပါ။ ဒါပေမယ့် ခုတကြိမ်ကတော့ တကယ့်ကို ပြည့်စုံပါတယ်။ သူ့အမေကိုလည်း တကြည့်ကြည့်နဲ့ စောင့်ပြီး ဂရုစိုက်နေတာပါပဲ။ မအေနဲ့သမီးက မခွဲဘဲ အမြဲရှိနေခဲ့ကြတာဆိုတော့ သူ့အမေမရှိတော့ရင် သူ့အတွက်တော့ နေထိုင်ရ ပိုခက်ခဲသွားမှာပဲ” လို့ ပြောပါတယ်။
ဒါပေမယ့် ရောဂါသည်မိခင်နဲ့ နှစ်ပေါင်းများစွာ ပြုစုစောင့်ရှောက်ပြီး နေလာခဲ့တဲ့ သမီးငယ် ခေလာအဖို့ သိပ်တော့ မထူးဆန်းတော့ပါဘူး။
လက်ရှိမှာတော့ နှစ်ပေါင်းများစွာ ဆေးကုသပေးခဲ့ရတဲ့ ကုန်ကျစရိတ်တွေကြောင့် သူတို့သားအဖဟာ ခက်ခက်ခဲခဲ ရပ်တည်နေကြရတာပါ။
ခေလာရဲ့ ကျောင်းက သူငယ်ချင်းတွေက သူတို့မိသားစုကို ကူညီနိုင်ဖို့ Gofundme အမည်နဲ့ ဝက်ဘ်ဆိုက်တခုကို ထောင်ထားပေးခဲ့ပြီး ထောက်ပံ့ကူညီရေး ရန်ပုံငွေရရှိနိုင်ဖို့ ကြိုးစားပေးခဲ့ကြပါတယ်။
လှူဒါန်းလိုသူတွေအနေနဲ့လည်း
https://www.gofundme.com/for-kayla-a-very-brace-young-girl မှတဆင့် ဝင်ရောက်လေ့လာနိုင်တယ်လို့ ဆိုပါတယ်။
5 years Ago