ကင်ဆာရောဂါသည်ကလေးငယ် အသက်ဆက်ရန် ရန်ပုံငွေမြှင့်တင်ပေးမည့် ဟယ်ရီစတိုင်

November 3, 2016

ကင်ဆာရောဂါသည်ကလေးငယ် အသက်ဆက်ရန် ရန်ပုံငွေမြှင့်တင်ပေးမည့် ဟယ်ရီစတိုင်

နာမည်ကျော် တေးဂီတအဖွဲ့တဖွဲ့ဖြစ်တဲ့ One Direction အဖွဲ့မှ ဟယ်ရီစတိုင်ဟာ အသက် ၄ နှစ်အရွယ် ကင်ဆာရောဂါသည်ကလေးငယ်ရဲ့ ရောဂါခံစားနေရတဲ့ စိတ်မချမ်းမြေ့ဖွယ် ဓာတ်ပုံတွေ အင်တာနက်ပေါ်မှတဆင့် ပျံ့နှံ့ခဲ့ပြီးနောက်မှာ မိသားစုနဲ့ ဆက်သွယ်ခဲ့ပါတယ်။ နာတာရှည်ကင်ဆာရောဂါသည် သမီးငယ် ဂျက်ဆီကာဟာ အသက်ရှင်နေထိုင်ဖို့ ရက်သတ္တပတ်လောက်ပဲ ကျန်တော့ချိန်မှာ ဖခင်ဖြစ်သူ အန်ဒီဝှီလန်က ကင်ဆာရောဂါကို တိုက်ခိုက်ခုခံနေရတဲ့ သမီးငယ်ရဲ့ အဖြူအမည်းဓာတ်ပုံတွေကို အင်တာနက်ပေါ်မှတဆင့် မျှဝေခဲ့တာပါ။ ၀ှီလန်ဟာ လန်ကက်ရှိုင်းယားပြည်နယ်မှ လျှပ်စစ်ကျွမ်းကျင်ပညာရှင်တဦးဖြစ်ပြီး သမီးငယ်ရဲ့ ဒီအဖြစ်အပျက်ကို ပြန်လည်မျှဝေခဲ့ကာ ရန်ပုံငွေရှာဖွေခဲ့တာပါ။ နိုဝင်ဘာ ၂ ရက်နေ့မှာတော့ ဟယ်ရီစတိုင်က မိသားစုနဲ့ ဆက်သွယ်ကာ ဂျက်ဆီကာအတွက် ရန်ပုံငွေမြှင့်တင်ပေးဖို့ သဘောတူညီခဲ့တယ်လို့ တယ်လီဂရပ်ဖ် သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ GoFundMe ဆိုတဲ့ အင်တာနက်စာမျက်နှာပေါ်မှာ ဂျက်ဆီကာရဲ့ ပျော်ရွှင်ချမ်းမြေ့မှုအတွက် ရန်ပုံငွေ ပေါင် ၂ သောင်း ရရှိနိုင်ဖို့ ရည်ရွယ်ခဲ့ကြပေမယ့် ခုချိန်မှာတော့ မူလကထက် ၂ ဆနီးပါး ပိုမိုရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဖခင်ဖြစ်သူ ၀ှီလန်က “ဒီပုံကို ရိုက်ယူနိုင်ဖို့ ကျနော့်အတွက် ခက်ခဲခဲ့ပါတယ်။ ဘယ်သူ့ကိုမှ ၀မ်းနည်းစိတ်ထိခိုက်စေဖို့လည်း မရည်ရွယ်ခဲ့ပါဘူး။ သမီးလေးဟာ နာကျင်မှုကြောင့် တညလုံး အော်ငိုနေခဲ့ရတယ်။ သူဟာ စစ်ဆေးမှုတွေ အကြိမ်ကြိမ်လုပ်ရပါဦးမယ်” လို့ ပြောပါတယ်။ ဂျက်ဆီကာဟာ Neuroblastoma အဆင့် ၄ ကင်ဆာရောဂါကို လွန်ခဲ့တဲ့ ၁၃ လလောက်ကတည်းက ခံစားနေခဲ့ရတာဖြစ်ပြီး ဆက်လက်ကုသနိုင်ဖို့ ငွေကြေးအခက်အခဲတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။
5 years Ago
Up