ကင်ဆာရောဂါသည်

May 10, 2019

ဘမ်ရွမ်ဂရတ်ဆေးရုံတွင် လူနာအား သွေးသွင်းကုသရာမှ အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရ

နာမည်ကြီး ထိုင်းပုဂ္ဂလိကဆေးရုံ တရုံဖြစ်တဲ့ ဘမ်ရွမ်ဂရတ်ဆေးရုံမှာ ကင်ဆာရောဂါသည် လူနာတဦးကို သွေးသွင်းကုသရာမှ အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံခဲ့ရကြောင်း ဝန်ခံပြီး လူနာကို အခမဲ့ဆေးကုသပေးဖို့ ဆေးရုံက ကတိပြုထားခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။ ဆေးရုံ စီမံခန့်ခွဲမှုအဖွဲ့က မေလ ၉ ရက်နေ့မှာ ဒါကို အတည်ပြု ထုတ်ပြန်ပြီး အသက် ၂၄ နှစ်အရွယ် သွေးကင်ဆာရောဂါသည် လူနာအမျိုးသားကို သွေးသွင်းကုသချိန်မှာ အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံခဲ့ရတာလို့ ဆိုပါတယ်။ သတင်းထုတ်ပြန်ချက်ထဲမှာတော့ ဆေးရုံအနေနဲ့ သွေးကို ထိုင်းကြက်ခြေနီအဖွဲ့ အမျိုးသားသွေးဌာနက လက်ခံရယူခဲ့တာလို့ ဖော်ပြပါတယ်။ သွေးလှူဒါန်းမှုကနေတဆင့် အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရတာဟာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ဖြစ်တောင့်ဖြစ်ခဲဖြစ်ကာ အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံထားရတဲ့ သွေးလှူရှင်ရဲ့ ကူးစက်ခံထားရပြီး ကြားကာလ (Window Period) မှာသာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သွေးလက်ခံသူတွေ အနေနဲ့ကတော့ ဒါကို သတိပြုဖို့လိုပြီး စွန့်စားမှုတခုလို မျက်စိမှိတ် လက်ခံကြရတာ ဖြစ်ပါတယ်။ အခုကူးစက်ခံရသူ လူနာကတော့ သူ့အသက် ၉ နှစ်အရွယ် ၂၀၀၄ ခုနှစ်ကတည်းက ရောဂါကုသခံနေရသူ ဖြစ်တယ်လို့ ဆိုပါတယ်။ ဆေးရုံအနေနဲ့ ပြီးခဲ့တဲ့ ဆယ်စုနှစ်ကာလအတွင်း အေ့ဒ်စ်ရောဂါသည် လူနာတွေကို အကြိမ်ပေါင်း ၂၆၆ ကြိမ်လောက် ကုသမှုပေးခဲ့ဖူးပြီး ကုန်ကျငွေ ကိန်းဂဏန်း ၇ လုံးလောက် ကုန်ကျတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ဆေးရုံစီမံအုပ်ချုပ်မှု အဖွဲ့ကတော့ ကံအကြောင်းမလှစွာ ကူးစက်ခံရတဲ့ လူနာကို ဆက်လက်ပြီး ကုသမှုတွေ လုပ်ပေးသွားမယ်လို့ ပြောပါတယ်။
2 years Ago

December 1, 2018

ကင်ဆာရောဂါသည် ကျောင်းသားကို သီးသန့်ခွဲထားသည့် တရုတ်ကျောင်းဆရာ ဝေဖန်ခံရ

ကင်ဆာရောဂါခံစားနေရတဲ့ ကလေးငယ်တစ်ယောက်ကို ခွဲခြားဆက်ဆံတဲ့ တရုတ်နိုင်ငံက ကျောင်းဆရာတယောက်ဟာ လူမှုကွန်ရက်မှာ ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရတယ်လို့ OC သတင်းမှာဖော်ပြပါတယ်။ ဒီဖြစ်စဉ်ဟာ တရုတ်နိုင်ငံ ဖူဂျီယမ်ပြည်နယ်က ကျောင်းတခုမှာ ပြီးခဲ့တဲ့ စက်တင်ဘာလက ဖြစ်ပွားခဲ့တာပါ။ ဇူလို့ခေါ်တဲ့ အသက် ၁၃ နှစ်အရွယ်ကလေးဟာ Non-Hodgkin lymphoma လို့ခေါ်တဲ့ သွေးကင်ဆာရောဂါတမျိုးကို ခံစားနေရတာဖြစ်ပြီး သူဟာ မကြာသေးခင်ကမှ ဒီကျောင်းကို ပြောင်းရွှေ့လာခဲ့ပါတယ်။ သူ့ရောဂါ သူများဆီကူးမှာဆိုးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆရာက စာသင်ခန်းရဲ့ နောက်ဆုံးမှာ တယောက်တည်း ထိုင်ခိုင်းခဲ့တာဖြစ်ပြီး စာမေးပွဲတွေကိုလည်း ဝင်ရောက်ဖြေဆိုခွင့် မပြုခဲ့ဖူးလို့ တရုတ်မီဒီယာတွေမှာ ဖော်ပြပါတယ်။ ဇူဟာဒီ အခြေအနေကို ကျောင်းစတက်ကတည်းက ကြုံတွေ့ခဲ့ရတာဖြစ်ပြီး အစပိုင်းကတော့ သူ့မိဘတွေကို ဖွင့်မပြောဘဲ ဒီလိုခွဲခြားမှုဒဏ်ကို တယောက်တည်း မြိုသိပ်ခဲ့ရပါတယ်။ ဒါပေမယ့် နှစ်ဝက် စာမေးပွဲ ရလဒ်ထွက်ပေါ်လာပြီးချိန်မှာမှ သူ့ရလဒ်တွေမပါတာကို တွေ့ခဲ့ရပြီးနောက် ဒီဖြစ်ရပ်ကို မိဘတွေကသိခဲ့ရတာပါ။ ဇူကို ခွဲခြားဆက်ဆံတာဟာ အဲဒီကျောင်းရဲ့ ဘာသာစကားသင်ပေးတဲ့ ဆရာလို့သိရပြီး ဆရာရဲ့ ခွဲခြားမှုကြောင့် ဇူဟာ စာမေးပွဲသုံးခုကို လွဲချော်ခဲ့ရတယ်လို့လည်း သိရပါတယ်။ ကင်ဆာရောဂါသည် ဇူကို ခွဲခြားဆက်ဆံတာ ဆရာတယောက်တည်းတော့ မဟုတ်ပါဘူး။ သူကျောင်းပြောင်းလာပြီးနောက်ပိုင်းမှာ အတန်းထဲက ကျောင်းသားအချို့ကိုလည်း မိဘတွေက ရောဂါကူးမှာဆိုးလို့ ကျောင်းပြောင်းခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ လက်တွေ့မှာ ဇူခံစားနေရတဲ့ ရောဂါဟာ ကူးစက်တတ်တဲ့ ရောဂါမျိုး မဟုတ်ဘဲ ဇူဟာလည်း ကုသမှုခံယူထားတဲ့အတွက် ရောဂါပျောက်ကင်းနေပြီလို့ သိရပါတယ်။ ဒါပေမယ့် သူ့မှာ ရောဂါရှိတယ်ဆိုတဲ့ သတင်းကြောင့် ဒီလိုခွဲခြားမှုတွေနဲ့ ကြုံခဲ့ရတာဖြစ်ပြီး “စာမေးပွဲဖြေတဲ့ ၄၅ မိနစ်လုံး ကျနော့်သားလေးက အပြင်မှာတယောက်တည်း ထွက်ထိုင်ခဲ့ရပတယ်” လို့ ဇူရဲ့ ဖခင်ဖြစ်သူက ပြောပါတယ်။ ဇူရဲ့ ဖြစ်ရပ်ကို သူ့အဖေက လူမှုကွန်ရက်ပေါ်တင်ခဲ့ရာမှ ဒီကိစ္စဟာ တရုတ်နိုင်ငံတွင်းမှာ ပျံ့နှံ့ခဲ့တာဖြစ်ပြီး လူမှုကွန်ရက်အသုံးပြုသူတွေဟာလည်း ခွဲခြားဆက်ဆံခဲ့တဲ့ ကျောင်းဆရာကို ပြင်းပြင်းထန်ထန် ဝေဖန်နေကြပါတယ်။ ဒီလုပ်ရပ်ကြောင့် ခွဲခြားတဲ့ ကျောင်းဆရာကို သူ့ရာထူးဖြစ်တဲ့ လက်ထောက်ကျောင်းအုပ် အဖြစ်ကနေ ရပ်ဆိုင်းထားပြီး ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးမှု ပြုလုပ်သွားမယ်လို့လည်း ဒေသဆိုင်ရာ ပညာရေးဗျူရိုကလည်း ပြောပါတယ်။ ဒီလိုခွဲခြားဆက်ဆံတဲ့ ကိစ္စမှာ ဇူရဲ့ ကင်ဆာရောဂါက မကူးစက်နိုင်တာကို မသိတဲ့ ကျောင်းဆရာကို လူမှုကွန်ရက်အသုံးပြုသူတွေက ပြင်းပြင်းထန်ထန်ဝေဖန်နေကြပြီး “ကိုယ်ချင်းစာစိတ်မရှိတဲ့သူ၊ ဆရာ မဖြစ်ထိုက်သူ” လို့ အသုံးပြုသူတဦးက ရေးသားထားပါတယ်။
3 years Ago
More News
Up