ကင်ဂျုံအန်းသည် အာရှကိုဖျက်ဆီးမည့် အရူးကောင်ဟု ဖိလစ်ပိုင်သမ္မတ ဝေဖန်

August 3, 2017

ကင်ဂျုံအန်းသည် အာရှကိုဖျက်ဆီးမည့် အရူးကောင်ဟု ဖိလစ်ပိုင်သမ္မတ ဝေဖန်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ နျူကလီးယားစစ်ဖြစ်အောင် လုပ်နေပြီး အာရှကိုဖျက်ဆီးမယ့် အရူးကောင်လို့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ဝေဖန်ပြစ်တင်လိုက်ပါတယ်။ ပြုံယမ်းရဲ့ တာဝေးပစ်ဒုံးကျည် စမ်းသပ်မှုတွေအရေး ဆွေးနွေးသွားမယ့် နိုင်ငံတကာ အစည်းအဝေးပွဲကို မနီလာမြို့တော်မှာ လက်ခံမကျင်းပခင် ရက်ပိုင်းအလိုမှာ ခုလိုပြောလိုက်တာဖြစ်ပြီး သူဟာ အန္တရာယ်များတဲ့ အရုပ်တွေနဲ့ ဆော့ကစားနေတာဖြစ်တယ်လို့ အားမနာတမ်း ဝေဖန်လိုက်တာပါ။ ဒီဒေသဆိုင်ရာ ထိပ်သီးအစည်းအဝေးပွဲမှာ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးနဲ့လည်း ဒူတာတေး တွေ့ဖို့ရှိနေပါတယ်။ ဒူတာတေးက ကင်မ်ကို “အရူးတယောက်” လို့ သုံးသွားခဲ့ကာ “တကယ်လို့ သူအမှားတခုခု လုပ်လိုက်တာနဲ့ အရှေ့ဖျားဒေသဟာ လုံးဝခြောက်သွေ့တဲ့ လွင်တီးခေါင်မြေ ဖြစ်သွားလိမ့်မယ်” လို့ နိုင်ငံပိုင်ရုပ်သံသတင်းမှာ သတိပေး ပြောကြားလိုက်တာပါ။ “ဒီ နျူကလီးယားစစ်ကို ရပ်သင့်ပါပြီ။ တကယ်လို့ အကန့်အသတ်ရှိတဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဒီမှာ စဖြစ်ပြီဆိုရင် နောက်ဆက်တွဲပြဿနာတွေက ဘာတွေဖြစ်မလဲ မသိနိုင်ပါဘူး။ ဒီမြေတွေပေါ်မှာ ဘာမှကို စိုက်လို့ပျိုးလို့ ရတော့မှာ မဟုတ်ဘူး။” မြောက်ကိုရီးယားနိုင်ငံဟာ ပြီးခဲ့တဲ့အပတ်ကလည်း အမေရိကန်နိုင်ငံ ဘယ်နေရာကိုမဆို ထိမှန်နိုင်တယ်ဆိုတဲ့ ဒုတိယအကြိမ် တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်မှုတခုကို ပြုလုပ်ခဲ့ပါသေးတယ်။ အခုကျင်းပမယ့် လုံခြုံရေးဆွေးနွေးပွဲဆိုင်ရာ အစည်းအဝေးကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီတို့လည်း တက်ရောက်ကြမှာဖြစ်ပြီး နိုင်ငံပေါင်း ၂၇ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေ ပါဝင်မှာပါ။ နိုင်ငံခြားရေးဝန်ကြီးတွေဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယားဒုံးကျည် စမ်းသပ်မှုနဲ့ ပတ်သက်ပြီး အကြီးအကျယ် စိုးရိမ်နေကြပြီး ဒီအကြောင်းတွေကို ဦးဆောင်ဆွေးနွေးသွားကြမှာဖြစ်တယ်လို့ ဆိုပါတယ်။
4 years Ago
Up