ကင်ဂျုံနမ်လုပ်ကြံခံခဲ့ရတဲ့ ဓာတုအဆိပ် ဘယ်လောက်ပြင်းသလဲ

February 24, 2017

ကင်ဂျုံနမ်လုပ်ကြံခံခဲ့ရတဲ့ ဓာတုအဆိပ် ဘယ်လောက်ပြင်းသလဲ (ရုပ်သံ)

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ ဖအေတူမအေကွဲအစ်ကို ကင်ဂျုံနမ်ကို လုပ်ကြံသတ်ဖြတ်ရာမှာ အသုံးပြုခဲ့တဲ့ ဓာတုအဆိပ်ရည်ဟာ ဘယ်လောက်ပြင်းပါသလဲ။ ဒီအဆိပ်ကို ဗီအက်ခ်စ် (VX Nerve Agent) ဓာတုအဆိပ်ရည်တမျိုးလို့ မလေးရှား တာဝန်ရှိသူတွေက ထုတ်ဖော်ပြောလိုက်ပါပြီ။ ဒါကို ၁၉၅၀ ပြည့်နှစ်ကာလတွေတည်းက စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ဓာတုလက်နက်အဖြစ် အသုံးချဖို့ ရည်ရွယ်ထုတ်လုပ်ခဲ့ကြတာပါ။ အမေရိကန်နိုင်ငံဟာလည်း ဒီဓာတုပစ္စည်းထုတ်လုပ်မှုမှာ ပါဝင်ခဲ့ပြီး ၁၉၆၁ ခုနှစ်မှာ အစုလိုက်အပြုံလိုက် ထုတ်လုပ်ခဲ့ပါသေးတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အဆိပ်ရည်ရဲ့ အကျိုးသက်ရောက်မှုကို အမေရိကန်စစ်တပ်က ယုန်တွေနဲ့ စမ်းသပ်ပြထားတာကို တွေ့ရမှာပါ။ ယုန်ရဲ့မျက်လုံးတွင်းကို ဓာတုအဆိပ်ရည်စက် ချလိုက်ပြီး သိပ်မကြာခင်မှာပဲ လှုပ်ရှားရုန်းကန်ပြီး မချိမဆန့် သေဆုံးသွားခဲ့တာကို တွေ့ရမှာပါ။ လက်ရှိမှာတော့ ဒီအဆိပ်ရည်ဟာ ကုလသမဂ္ဂအဖွဲ့ကြီးက အစုလိုက်အပြုံလိုက် ထိခိုက်ပျက်စီးစေနိုင်တဲ့ လက်နက်တမျိုးလို့ ဖော်ပြပြီး တားမြစ်ထားတဲ့ ဓာတုအဆိပ်ရည်တမျိုး ဖြစ်ပါတယ်။ ဒီဓာတုအဆိပ်ရည်ဟာ အနံ့အရသာမရှိဘဲ ဆီကဲ့သို့သော ပယင်းရောင်အရည်တမျိုးဖြစ်ပြီး လူ့ခန္ဓာကိုယ် အရေပြားပေါ်ကို အစက်တစက်ကျလိုက်တာနဲ့ မိနစ်ပိုင်းအတွင်း သေဆုံးစေနိုင်ပါတယ်။ သူအလုပ်လုပ်ပုံဟာ အရေပြားတွင်း ဖောက်ထွင်းစိမ့်ဝင်သွားနိုင်ပြီး အာရုံကြော တုံ့ပြန်ထုတ်လွှင့်မှု ဖြစ်စဉ်တွေကို ထိခိုက်စေတာဖြစ်ပါတယ်။ အဆိပ်ငွေ့ကို ရှူသွင်းစေတာ၊ ခန္ဓာကိုယ်တွင်း ထိုးသွင်းစေတာ၊ မျက်စိ၊ အရေပြား စတဲ့ နေရာတွေကတဆင့် အန္တရာယ်ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။
4 years Ago
Up