ကင်ဂျုံအန်း ရွေးထားသည့် အမျိုးသမီးပေါ့ပ်ဂီတအဖွဲ့ တရုတ်တွင် ဖျော်ဖြေမည်

November 22, 2016

မြန်မာစစ်ရှောင်ဒုက္ခသည်များ တရုတ်ပြည်ဘက်ထွက်ပြေး

မြန်မာနိုင်ငံမြောက်ပိုင်း မူဆယ်ခရိုင်ထဲမှာ ပစ်ခတ်မှုတွေဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံထဲကို စစ်ဘေးရှောင်ဒုက္ခသည်တွေ ၀င်ရောက်လာနေတယ်လို့ ရန်ကုန်ရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ပါတယ်။ နယ်စပ်ဒေသက မြန်မာပြည်သူတွေဟာ တရုတ်ပြည်ဘက်ကို ၀င်ရောက်စစ်ဘေးရှောင်လာတဲ့ အတွက် လူသားချင်းစာနာတဲ့အနေနဲ့ ယာယီလက်ခံ ပြုစုပေးနေပြီး ဒဏ်ရာရရှိသူတွေကိုလည်း ဆေးရုံသို့ပို့ဆောင် ကုသပေးနေတယ်လို့ ဆိုပါတယ်။ နိုဝင်ဘာလ ၂၀ရက်က တရုတ်နိုင်ငံအနီး မြန်မာအစိုးရတပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့တို့ အကြား ပစ်ခတ်မှုတွေဖြစ်ပွားတဲ့ အခြေအနေကို တရုတ်နိုင်ငံအနေနဲ့ အာရုံစိုက်နေကြောင်း၊ အပစ်အခတ်ရပ်စဲဖို့နဲ့ နယ်စပ်ဒေသအလျင်အမြန်တည်ငြိမ် အေးချမ်းလာ ဖို့မျှော်လင့်တယ်လို့လည်း သံရုံးထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာရောက်ရှိနေတဲ့ တရုတ်နိုင်ငံသားတွေအနေနဲ့လည်း လုံခြုံရေး သတိထားကြဖို့နဲ့ ပစ်ခတ်မှုတွေဖြစ်ပွားတဲ့ဒေသကို မသွားကြဖို့လည်း သတိပေးထားပါတယ်။ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကတော့ တရုတ်နိုင်ငံ အနေနဲ့ တရုတ်-မြန်မာနယ်စပ်ဒေသ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအပေါ် အလေးအနက်ဂရုပြုကြောင်း၊ သက်ဆိုင်ရာဘက်အသီးသီးက တွေ့ဆုံဆွေးနွေးပြီး မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်မှုရရှိစေဖို့ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ဖို့တိုက်တွန်းတဲ့အကြောင်း ဘေဂျင်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။ အလားတူ တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကလည်း တရုတ်စစ်တပ်အနေနဲ့ မြန်မာပြည်မြောက်ပိုင်းဒေသ ပစ်ခတ်မှုတွေနဲ့ သက်ဆိုင်သူအားလုံးက အခြေအနေကို တည်ငြိမ်အောင်ထိန်းချုပ်နိုင်ပြီး ထိပ်တိုက်တွေ့မှုတွေ ပိုမိုမပြင်းထန်လာစေဖို့ မျှော်လင့်တယ်၊ တရုတ်ပြည်ရဲ့ အချုပ်အခြာအာဏာနဲ့ လုံခြုံရေးကို မထိခိုက်ဖို့ မျှော်လင့်တယ်၊ တရုတ်တပ်မတော်ဟာ နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ထိန်းသိမ်းစောင့်ရှောက်ပြီး တရုတ်နယ်စပ်ရှိ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်လုံခြုံမှုကို ထိန်းသိမ်း စောင့်ရှောက်ပေး မယ်လို့ ပြောပါတယ်။ နိုဝင်ဘာ၂၀ ရက် မူဆယ်နဲ့ ကွတ်ခိုင်မြို့နယ်ထဲမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအပြီး မြန်မာနယ်စပ်နဲ့ ကပ်နေတဲ့ တရုတ်နိုင်ငံယူနန်ပြည်နယ် ၀န်ဒင်းမြို့ကို ထွက်ပြေးလာတဲ့ စစ်ရှောင် မြန်မာ ဒုက္ခသည်ပေါင်း ၈၀၀ ကျော်လောက်ရှိတယ်လို့ တရုတ်သတင်းတွေမှာဖော်ပြပါတယ်။
6 years Ago

December 10, 2015

ကင်ဂျုံအန်း ရွေးထားသည့် အမျိုးသမီးပေါ့ပ်ဂီတအဖွဲ့ တရုတ်တွင် ဖျော်ဖြေမည်

မိုရန်ဘွန်လို့ အမည်ပေးထားတဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး ပေါ့ပ်ဂီတအဖွဲ့ဟာ ပွဲဦးထွက် နိုင်ငံတကာ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် တရုတ်နိုင်ငံ၊ လျောင်နင်းခရိုင်ကို ဒီဇင်ဘာ ၉ ရက်နေ့မှာ သွားရောက်ခဲ့ကြပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းကိုယ်တိုင် ၂၀၁၂ ခုနှစ်တုန်းက ဒီအဖွဲ့မှာ ပါဝင်သူတွေကို ရွေးချယ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပြီးနောက် နိုင်ငံတ၀ှမ်း လူသိများလာခဲ့တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။ ကျော်ကြားတဲ့ သူတို့ရဲ့ သီချင်းတွေထဲမှာ “တို့နိုင်ငံက အကောင်းဆုံးပါပဲ”၊ “လေ့လာစူးစမ်းကြပါစို့” စတဲ့ သီချင်းတွေပါဝင်ပြီး တောက်ပတဲ့စကပ်နဲ့ အနောက်တိုင်းဟန် ဖျော်ဖြေမှုပုံစံတွေ ပါဝင်ပါတယ်။ တရုတ်-မြောက်ကိုရီးယား နှစ်နိုင်ငံဂီတအဖွဲ့ ၂ ဖွဲ့ဟာ လာမယ့် ဒီဇင်ဘာ ၁၂ ရက်နေ့ကနေ ၁၄ ရက်နေ့ထိ ဘေဂျင်းမြို့၊ အမျိုးသားစင်တာမှာ ဖျော်ဖြေကြမှာဖြစ်ပြီး တရုတ်သီချင်း အများစုလည်း ပါဝင်တယ်လို့ ဆင်ဟွာသတင်းဌာနမှာ ဖော်ပြပါတယ်။ အဲဒီအဖွဲ့ရဲ့ ပထမဆုံး နိုင်ငံတကာခရီးစဉ်ဟာ နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှု ခိုင်မြဲစေဖို့ ရည်ရွယ်တာဖြစ်တယ်လို့ မြောက်ကိုရီးယား ဗဟိုသတင်းအေဂျင်စီက ပြောပါတယ်။ အဲဒီဖျော်ဖြေပွဲကို အများပြည်သူအတွက် လက်မှတ်ရောင်းချမှာ မဟုတ်ဘဲ တရုတ်နိုင်ငံမှ ပြည်သူသိအနုပညာရှင်၊ အတတ်ပညာရှင် ၂၀၀၀ လောက် ဖိတ်ကြားမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ဒီလို နှစ်နိုင်ငံယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်ဟာ ပထမအကြိမ်တော့ မဟုတ်ပါဘူး။ ၂၀၁၀ ပြည့်နှစ်တုန်းကလည်း “အနီရောင်ခမ်းနားမှုစံအိမ်များရဲ့အိပ်မက်” အမည်နဲ့ မြောက်ကိုရီးယား အော်ပရာဆပ်ကပ်အဖွဲ့ တဖွဲ့ဟာ တရုတ်နိုင်ငံကို လာရောက်ခဲ့ဖူးပါတယ်။ ဓာတ်ပုံ - စီစီတီဗွီ  
7 years Ago
Up