မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ အသစ်ဆောက်လုပ်ပြီးစီးတဲ့ ရေငုပ်သင်္ဘောကို ကြီးကြပ်စစ်ဆေးခဲ့ပြီး အဲဒီရေငုပ်သင်္ဘောရဲ့ နည်းဗျူဟာစွမ်းရည်နဲ့ လက်နက်စနစ်တွေကို ညွှန်ကြားခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် ကေစီအန်အေ သတင်းဌာနက ဇူလိုင် ၂၃ ရက်မှာ ပြောပါတယ်။
ခေါင်းဆောင် ကင်ဂျုံအန်းရဲ့ အထူးကွပ်ကဲမှုအောက်မှာ ဆောက်လုပ်နေတဲ့ အဲဒီရေငုပ်သင်္ဘောဟာ ဂျပန်ပင်လယ်လို့ သိကြတဲ့ အရှေ့ပင်လယ်ပြင်မှာ ခုတ်မောင်းသွားမယ်လို့ ကေစီအန်အေ သတင်းဌာနက ဖော်ပြပါတယ်။
ရေငုပ်သင်္ဘောကို ကြည့်ရှုစစ်ဆေးနေတဲ့ ကင်ဂျုံအန်းရဲ့ ဓာတ်ပုံတွေကို ကေစီအန်အေ သတင်းဌာနက ဖော်ပြခဲ့ပေမယ့် ရေငုပ်သင်္ဘောမှာ ဘယ်လက်နက်စနစ် အမျိုးအစား တပ်ဆင်ဖို့ ညွှန်ကြားခဲ့တယ်ဆိုတာနဲ့ ဘယ်အချိန်က သွားကြည့်ခဲ့တယ်ဆိုတဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မပြောခဲ့ပါဘူး။
ကင်ဟာ ရေငုပ်သင်္ဘောကို သုံးရာမှာ ပိုဗျူဟာကျတဲ့ ခြေလှမ်းတွေ စွမ်းဆောင်နိုင်စေဖို့ သူနဲ့အတူ လိုက်ပါလာတဲ့ ကာကွယ်ရေးနဲ့ သိပ္ပံဆိုင်ရာ အရာရှိတွေကို တာဝန်ပေးခဲ့တယ်လို့ အစိုးရမီဒီယာက ကြေညာပါတယ်။
4 years Ago