ကင်ဂျုံနမ် သတ်ဖြတ်ခံခဲ့ရသည့်အမှု အောက်တိုဘာ ၂ ရက် စတင်စစ်ဆေးမည်

September 29, 2017

ကင်ဂျုံနမ် သတ်ဖြတ်ခံခဲ့ရသည့်အမှု အောက်တိုဘာ ၂ ရက် စတင်စစ်ဆေးမည်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ အဖေတူမအေကွဲအစ်ကို ကင်ဂျုံနမ်ကို သတ်သူလို့ စွပ်စွဲခံထားရတဲ့ အမျိုးသမီးနှစ်ဦးရဲ့ အမှုကို အောက်တိုဘာ ၂ ရက်မှာ စတင်စစ်ဆေးမှာ ဖြစ်ပါတယ်။ ဗီယက်နမ်အမျိုးသမီး ဒုံသီဟောင်နဲ့ အင်ဒိုနီးရှားအမျိုးသမီး ဆီတီအီရှာတို့ဟာ ပြစ်မှုထင်ရှားပါက သေဒဏ်အထိ ကျခံရမှာဖြစ်ပါတယ်။ ကင်ဂျုံနမ်ဟာ ဖေဖော်ဝါရီ ၃ ရက်က မလေးရှားလေဆိပ်မှာ အဆိပ်ငွေ့ပါတဲ့ အဝတ်အုပ်ပြီး အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ အခုဖမ်းဆီးခံနေရတဲ့ ဒီအမျိုးသမီးနှစ်ဦး အသုံးပြုခဲ့တဲ့ အဆိပ်အမျိုးအစား VX ဟာ ကုလသမဂ္ဂက လူအစုအပြုံလိုက် သေစေနိုင်တဲ့ ဓာတုလက်နက်အဖြစ် သတ်မှတ်ထားတဲ့ အလွန်ပြင်းထန်တဲ့အဆိပ် ဖြစ်ပါတယ်။ စွပ်စွဲခံထားရသူ အမျိုးသမီးနှစ်ဦးစလုံးက သူတို့ရဲ့သံရုံးကို ပြောကြားရာမှာ “သူတို့ဟာ ဘာမှမသိနားမလည်တဲ့ အသုံးချခံတွေသာဖြစ်တယ်” လို့ ပြောကြားထားပါတယ်။ ဒီလုပ်ကြံမှုဟာ မြောက်ကိုရီးယား ထောက်လှမ်းရေးရဲ့လုပ်ရပ် ဖြစ်တယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေးနဲ့ အမေရိကန်အစိုးရ တာဝန်ရှိသူတွေက ပြောကြားထားပါတယ်။ ကင်ဂျုံနမ်ဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ မြောက်ကိုရီးယားခေါင်းဆောင်ဟောင်း ကင်ဂျုံအီရဲ့ အကြီးဆုံးသားဖြစ်ပြီး လက်ရှိခေါင်းဆောင် ကင်ဂျုံအန်းနဲ့ ဖအေတူမအေကွဲ ညီအစ်ကိုတော်စပ်သူ ဖြစ်ပါတယ်။
4 years Ago
Up