ကင်ဂျုံနမ်အား အမျိုးသမီးနှစ်ဦး ဘယ်လိုသတ်ခဲ့သလဲ၊ သူတို့နှစ်ဦးအကြောင်း တစေ့တစောင်း (ရုပ်သံ)

February 19, 2017

ကင်ဂျုံနမ်အား အမျိုးသမီးနှစ်ဦး ဘယ်လိုသတ်ခဲ့သလဲ၊ သူတို့နှစ်ဦးအကြောင်း တစေ့တစောင်း (ရုပ်သံ)

ကင်ဂျုံနမ်ကို အဆိပ်အုပ် သတ်မှုနဲ့စပ်လျဉ်းပြီး စွပ်စွဲထားတဲ့ အမျိုးသမီး ၂ ဦးရဲ့အကြောင်း အသေးစိတ်ကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ ရဲတွေက ထုတ်ဖော်ပြောကြားလိုက်တယ်လို့ မေရာသတင်းမှာ ဖော်ပြထားပါတယ်။ သူတို့ ၂ ဦးမှာ တစ်ဦးက အသက် ၂၈ နှစ်အရွယ် ဒေါင်သီဟွန်း အမည်ရတဲ့ ဗီယက်နမ် အမျိုးသမီးဖြစ်ပြီး နောက်တစ်ဦးကတော့ အသက် ၂၅ နှစ် အရွယ် စီတီအိုက်ရှာဆိုတဲ့ အင်ဒိုနီးရှား အမျိုးသမီးတို့ဖြစ်တယ်လို့ ဆိုပါတယ်။ LOL တီရှပ်ကို ဝတ်ဆင်ထားခဲ့တဲ့ ဗီယက်နမ်အမျိုးသမီး ဒေါင်သီဟွန်းက ဖျော်ဖြေရေးဝန်ထမ်း တစ်ဦးအဖြစ် အလုပ် လုပ်ကိုင်နေပြီး သူမက ဗီယက်နမ်မှ မလေးရှားကို ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ ရောက်ရှိကာ ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ မလေးရှားကနေ ပြန်ဖို့ စီစဉ်ထားတာလို့ သိရပါတယ်။ အင်ဒိုနီးရှားနိုင်ငံသား စီတီအိုက်ရှာကတော့ Spa တစ်ခုမှာ အနှိပ်သည်အဖြစ် အလုပ် လုပ်ကိုင်ခဲ့တယ်၊ အင်ဒိုနီးရှားမှ မလေးရှားကို ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ အပတ်က အသတ်ခံရသူ ကင်ဂျုံနမ် မလေးရှား ကွာလမ်လမ်ပူ လေဆိပ်က လူဝင်မှုကြီးကြပ်ရေးကောင်တာကို သုံးစွဲဖို့ စောင့်ဆိုင်းစဉ် သတ်ခံရမှု ဖြစ်ခဲ့တာပါ။ ကင်ဂျုံနမ်က ကွာလမ်လမ်ပူလေဆိပ်ရဲ့ ၃ ထပ်မှာ ကိုယ်တိုင်လုပ်ဆောင်ရတဲ့ လူဝင်မှုကြီးကြပ်ရေး စစ်ဆေးခံကောင်တာအရှေ့မှာ ရပ်နေစဉ် အမျိုးသမီး ၂ ဦးက တိုက်ခိုက်လုပ်ကြံခဲ့ကြတာပါ။ အင်ဒိုနီးရှားအမျိုးသမီး စီတီအိုက်ရှာက ကင်ဂျုံနမ်ကို အာရုံလွှဲစဉ် ဗီယက်နမ်အမျိုသမီး ဒေါင်သီဟွန်းက ဂျုံနမ်ကို ခုန်ပြီး နောက်ဘက်က ဆွဲချုပ်၊ လည်ပင်းညှစ်ထားက အဆိပ်ရေစွတ်ထားတဲ့ အဝတ်နဲ့ မျက်နှာကို အုပ်ခဲ့တာလို့ ဆိုပါတယ်။ အဲ့ဒီနောက် အမျိုးသမီး ၂ ဦးက အဲ့ဒီနေရာကနေ တစ်ယောက် တစ်နေရာစီ ထွက်ပြေးသွားကြပါတယ်။ စီတီအိုက်ရှာကတော့ လုပ်ကြံမှုမဖြစ်ခင် တစ်ည နိုက်ကလပ်မှာ “ထူးဆန်းတဲ့ အမျိုးသားတစ်စိမ်း” တစ်ဦး သူမနား ကပ်လာပြီး “ရုပ်သံမှာ ပြမဲ့ ဟာသကားအတွက် သရုပ်ဆောင်ပေးဖို့ ငွေပေးခဲ့တာ” လို့ ပြောခဲ့ပါတယ်။ ဘာကြောင့်သတ်တာလဲဆိုတဲ့ ကိစ္စကို ခုထိ မသိရှိသေးဘူးလို့ ရဲတွေက ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ ပြောလိုက်ပါတယ်။ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ကင်ဂျုံနမ် လုပ်ကြံသတ်ဖြတ်မှုနဲ့ စပ်လျဉ်းပြီး အသေးစိတ် အစီအစဉ်စွဲ ဆောင်ရွက်တဲ့ မြောက်ကိုရီးယား လူမျိုးလို့ ယူဆရတဲ့ လူ ၄ ဦးရဲ့ စီစီတီဗွီက ရရှိတဲ့ ရုပ်သံကို ထုတ်လွှင့်ခဲ့ပြီး အမျိုးသမီး ၂ ဦးက ကွာလမ်လမ်ပူ နိုင်ငံတကာ လေဆိပ်မှာ သူတို့ လုပ်ဆောင်ရမယ့် လုပ်ကြံသတ်ဖြတ်မှုကို ဆောင်ရွက်စဉ် အဲ့ဒီအမျိုးသား ၄ ဦးက အနီးအနားအကွာအဝေးက စောင့်ကြည့်ခဲ့တယ်လို့ ရဲတွေက စွပ်စွဲထားကြောင်း သိရပါတယ်။  
4 years Ago
Up