ကင်ဂျုံနမ်သတ်မှုဖြင့် ဖမ်းဆီးခံ အင်ဒိုနီးရှားသူအတွက်

March 3, 2017

ကင်ဂျုံနမ်သတ်မှုဖြင့် ဖမ်းဆီးခံ အင်ဒိုနီးရှားသူအတွက် မျှမျှတတ တရားစီရင်ပေးရန် တောင်းဆို

ကင်ဂျုံနမ် အသတ်ခံရမှုနဲ့ အစွပ်စွဲခံရသူ အင်ဒိုနီရှား အမျိုးသမီးအတွက် မျှမျှတတ တရားစီရင်ပေးဖို့ အင်ဒိုနီးရှားအစိုးရက မတ် ၂ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။ အင်ဒိုနီးရှားအစိုးရအနေနဲ့ တရားစီရင်ရေး ချောမွေ့ဖို့ မျှော်လင့်ကြောင်း၊ တရားစီရင်ရေးကာလမှာ တရားခံမှာ အပြစ်ရှိကြောင်း သက်သေမပြမချင်း အပြစ်ကင်းတယ်ဆိုတဲ့မူကို ကိုင်ဆွဲဖို့လိုအပ်ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် အာမန်နာသာ နက်ဆာက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယားအစိုးရအပေါ် ဝေဖန်ခဲ့တဲ့ ကင်ဂျုံနမ်ဟာ ဖေဖော်ဝါရီ ၁၃ ရက်နေ့က ကွာလာလမ်ပူလေဆိပ်မှာ မျက်နှာကို ဓာတုအဆိပ် သုတ်လိမ်းခံရပြီးနောက် သေဆုံးခဲ့ပါတယ်။ အဲဒီအမှုနဲ့ပတ်သက်ပြီး အသက် ၂၅ နှစ်အရွယ် အင်ဒိုနိးရှားနိုင်ငံသူ စီတီအိုက်ရှာကို မလေးရှားရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။ သူဟာ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ကဖြစ်ပြီး သားသည်မိခင်တဦး ဖြစ်ပါတယ်။ စီတီအိုက်ရှာနဲ့အတူ အသက် ၂၈ နှစ်အရွယ် ဗီယက်နမ်မြောက်ပိုင်းသူ ဒုန်သီဟောင်ကိုလည်း ဖမ်းဆီးထားပြီး ပြစ်မှုထင်ရှားရင် သူတို့ ၂ ဦး သေဒဏ်ကျခံရမှာ ဖြစ်ပါတယ်။ ဒီအမှုကို လာမယ့် ဧပြီ ၁၃ ရက်နေ့ ဆက်လက်ကြားနာ စစ်ဆေးမှာဖြစ်ကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။
5 years Ago
Up