ကင်ဂျုံနမ်ကို အင်အားပြင်း ဓာတုအဆိပ်ရည်သုံးပြီး လုပ်ကြံခဲ့ဟု မလေးရှားပြော

February 24, 2017

ကင်ဂျုံနမ်ကို အင်အားပြင်း ဓာတုအဆိပ်ရည်သုံးပြီး လုပ်ကြံခဲ့ဟု မလေးရှားပြော (ရုပ်သံ)

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ ဖအေတူမအေကွဲ အစ်ကိုတော်စပ်သူ ကင်ဂျုံနမ် လုပ်ကြံသတ်ဖြတ်ခံရမှုမှာ အာရုံကြောထိခိုက်စေတဲ့ အင်အားပြင်း ဓာတုအဆိပ်ရည်တမျိုးကို အသုံးပြုခဲ့တယ်လို့ မလေးရှားနိုင်ငံက ထုတ်ဖော်ပြောလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့က ကင်ဂျုံနမ်ဟာ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ လေဆိပ်တွင်းမှာ အမျိုးသမီး ၂ ဦးက သူ့ရဲ့မျက်နှာကို အဝတ်တခုနဲ့အုပ်ကာ တိုက်ခိုက်ခံရပြီး ဆေးရုံပို့ဆောင်ချိန် လမ်းမှာ သေဆုံးခဲ့ရတာပါ။ စစ်ဆေးတွေ့ရှိချက်တွေအရ ဒီအဆိပ်ရည်ဟာ ကုလသမဂ္ဂအဖွဲ့ကြီးက အစုလိုက်အပြုံလိုက် ထိခိုက်ပျက်စီးစေနိုင်တဲ့ လက်နက်တမျိုးလို့ ဖော်ပြထားတဲ့ ဗီအက်ခ်စ် (VX Nerve Agent) ဓာတုအဆိပ်ရည်တမျိုးလို့ ဆိုပါတယ်။ ဒီဓာတုအဆိပ်ရည်ဟာ အနံ့အရသာမရှိဘဲ ဆီကဲ့သို့သော ပယင်းရောင်အရည်တမျိုးဖြစ်ပြီး လူ့ခန္ဓာကိုယ် အရေပြားပေါ်ကို အစက်တစက်ကျလိုက်တာနဲ့ မိနစ်ပိုင်းအတွင်း သေဆုံးစေနိုင်ပါတယ်။ သူအလုပ်လုပ်ပုံဟာ အရေပြားတွင်း ဖောက်ထွင်းစိမ့်ဝင်သွားနိုင်ပြီး အာရုံကြော တုံ့ပြန်ထုတ်လွှင့်မှု ဖြစ်စဉ်တွေကို ထိခိုက်စေတာဖြစ်ပါတယ်။ အဆိပ်ငွေ့ကို ရှူသွင်းစေတာ၊ ခန္ဓာကိုယ်တွင်း ထိုးသွင်းစေတာ၊ မျက်စိ၊ အရေပြား စတဲ့ နေရာတွေကတဆင့် စိမ့်ဝင်တာတွေကြောင့် အန္တရာယ်ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ဒီလုပ်ကြံခံရမှုနောက်ကွယ်မှာ မြောက်ကိုရီးယားနိုင်ငံ ရှိနေနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာပါ။ မလေးရှားရဲချုပ် အဘူဘိတ်ကာကတော့ “မလေးရှား ဓာတုဆေးဝါးစစ်ဆေးရေးဌာနရဲ့ အဆိုအရ ကင်မ်ရဲ့ မျက်လုံးတွေနဲ့ မျက်နှာမှာ ဒီအဆိပ်သင့်မှုတွေ့ရပြီး ဆက်လက်စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်” လို့ ပြောပါတယ်။ လက်ရှိဖမ်းဆီးခံထားရသူ အမျိုးသမီး ၂ ဦးဟာ အထူးလေ့ကျင့်ပေးခံထားရသူတွေ ဖြစ်နိုင်တယ်လို့လည်း ပြောဆိုနေပြီး ဒီလုပ်ကြံခံရမှုနဲ့ ပတ်သက်တဲ့ ဆက်စပ်တရားခံတွေကိုလည်း မလေးရှားနိုင်ငံက အလိုရှိနေတာဖြစ်ပါတယ်။
4 years Ago
Up