ကချင်ပြည်နယ် သယံဇာတဝန်ကြီး ဦးဒါရှီလဆိုင်း

February 24, 2021

ကချင်ပြည်နယ် သယံဇာတဝန်ကြီး ဦးဒါရှီလဆိုင်းကို တရားစွဲပြီး အကျဉ်းထောင်ပို့

ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်  သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းကို အာဏာသိမ်းစစ်ကောင်စီက  ပုဒ်မ ၅၀၅(ခ)နဲ့ ရားစွဲကာ မြစ်ကြီးနားအကျဉ်းထောင်သို့  ပို့လိုက်ပါတယ်။

နိုင်ငံတော်အကြည်ညိုပျက်စေမှုလို့လူသိများတဲ့ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅(ခ)နဲ့ မြစ်ကြီးနား မြို့နယ်တရားရုံးမှာ အမှုဖွင့်တရားစွဲထားတာလို့  ဝန်ကြီးပြန်လွတ်မြောက်ဖို့ ကြိုးပမ်းပေးနေတဲ့ အဖွဲ့အစည်း တစ်ခုထံကနေ သိရပါတယ်။

ဦးဒါရှီလဆိုင်းကို ဖေဖော်ဝါရီ ၉ ‌ရက်နေ့ညက ရဲတပ်ဖွဲ့၀င် ၅ ယောက်နဲ့ အရပ်ဝတ် လူ ၄ လေယောက်လောက်က  ရဲကားတွေနဲ့ လာခေါ်ဆောင်သွားခဲ့တာဖြစ်ပြီး  ၂၃ ရက်နေ့မှာတော့  မြစ်ကြီးနား အကျဉ်းထောင်သို့ ပို့လိုက်တယ်လို့ သိရပါတယ်။

ဦးဒါရှီလဆိုင်းဟာ ဖေဖော်ဝါရီ ၉ ရက်နေ့မှာ  ကချင်ပြည်နယ်အစိုးရအဖွဲ့အောက်ရှိ ဦးစီးဌာန အဖွဲ့အစည်းတွေနဲ့ လက်အောက်ခံရုံးဌာန အသီးသီးမှ သက်ဆိုင်ရာ အရာရှိ၊ အရာထမ်းတွေ အားလုံး အစိုးသစ်ဖွဲ့စည်းပြီးသည်အထိ ရုံးပိတ်ရက် သတ်မှတ်ကြောင်း ထုတ်ပြန် ကြေညာခဲ့ပါတယ်။

တပ်မတော်က ဥပဒေမဲ့ အာဏာသိမ်းခြင်းအပေါ် ရဲ၀င့်စွာ အာဏာ ဖီဆန်တဲ့  ဆုံးဖြတ်ချက်ပြတ်သားသူ ပြည်သူ့၀န်ထမ်းတွေကို အလေးနက်ထား မှတ်တမ်းတင် ဂုဏ်ပြုကြောင်းပါရှိတဲ့  ထုတ်ပြန်ချက်တစ်စောင်ကို ၀န်ကြီးချုပ်ကိုယ်စား ထုတ်ပြန်ခဲ့ပါတယ်။

မီးမီး

2 years Ago
Up