ကချင်ပြည်နယ်အစီအစဉ်

September 4, 2020

Any Questions? ကချင်ပြည်နယ်အစီအစဉ် ( ဒုတိယပိုင်း)

၂၀၂၀ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေကို ပထမဆုံးအကြိမ်မဲပေးကြမယ့် First time voters လူငယ်တွေက သူတို့သိလိုသမျှတွေကို မေးမြန်းပြီး ပါတီတာဝန်ရှိတဲ့သူတွေက ပြန်လည်ဖြေကြားပေးမယ့် Any Question? ရုပ်သံအစီအစဉ်ကို DVB TV ကနေ့ တင်ဆက်ပေးနေရာမှာ ဒီတစ်ပတ်တော့ ကချင်ပြည်နယ် အစီအစဉ် ဒုတိယပိုင်းကို တင်ဆက်ပေးမှာ  ဖြစ်ပါတယ်။  ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကချင်ပြည်နယ်၊ ကချင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) တို့ကို Any Questions? အစီအစဉ်မှာ  ဖြေကြားပေးဖို့ ဒီဗွီဘီက ဖိတ်ကြားခဲ့ပါတယ်။ ဖိတ်ကြားထားတဲ့ ပါတီတွေထဲက လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) ဒုဥက္ကဋ္ဌ  ဦးလီပေါရဲ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဦးသိန်းထွန်း၊  ကချင်ပြည်နယ်ပြည်သူ့ပါတီက လူငယ်ရေးရာ တာဝန်ခံ  ဦးနော်ခုန့်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကချင်ပြည်နယ်  အလုပ်အမှုဆောင်အဖွဲ့၊ ဘဏ္ဍာရေးမှူး  ဦးသန့်ဇော်လတ်က မေးခွန်းတွေကို ဖြေကြားပေးမှာပါ။  ဒီအစီအစဉ်မှာ ပါဝင်မေးမြန်းချင်တဲ့ လူငယ်တွေအထဲက  တစ်ဦးကတော့  ခေါန်းမိုင်ပါ။သူက အသက်ကတော့ ၂၄ ထဲ ရောက်နေပါပြီ။ ပထမဆုံးအကြိမ်မဲပေးမယ့် လူငယ်တစ်ယောက် ဖြစ်ပါတယ်။  ခေါန်းမိုင် မေးခွန်း- ကချင်ပြည်နယ်ပြည်သူ့ပါတီဖြစ်တဲ့ KSPP ကို မေးခွန်းမေးချင်ပါတယ်။ ဒီဟာကဘာလဲဆိုတော့ အကယ်၍ မဲနိုင်သွားခဲ့ရင်၊ လွှတ်တော်ထဲ ရောက်သွားခဲ့ပြီဆိုရင် KSPP အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်တဲ့ အပိုင်းတွေကို ဘယ်လိုများ ပြင်ဆင်သွားမလဲပေါ့။ မဲဆွယ်တဲ့ မူဝါဒမှာတော့ မတွေ့ရဘူးပေါ့နော်။ ဒါကြောင့် ဒီ အခြေခံဥပဒေပြင်ဆင်တဲ့ အပိုင်းကို ဘယ်နည်းနဲ့သွားမလဲ ဆိုတဲ့ အချက်ကို စိတ်ဝင်စားပါတယ်။ အဲဒါကြောင့် ဒါလေးကိုမေးချင်ပါတယ်လို့ပါ။   ဦးနော်ခုန့်-  ဖြေ။ ။ ကျနော်တို့ ၂၀၀၈ အခြေခံဥပဒေကို လွန်ခဲ့တဲ့ ငါးနှစ်မှာ စကားလုံးနှစ်လုံးပဲ ပြင်နိုင်တာ အားလုံးပဲ သိရှိနိုင်မှာပါ။ ဒီဟာကို ကျနော်တို့တတွေ သေသေချာချာလေ့လာကြည့်တယ်။ ဘာဖြစ်လို့ စကားလုံးနှစ်လုံးတည်း ပြင်နိုင်ရတာလဲ။ အဓိကကတော့ တိုင်ရင်းသားလက်နက်ကိုင်တွေရယ်၊ ဒုတိယကတော့ တိုင်းရင်းသားနိုင်ငံရေးပါတီ အင်အားစုတွေရယ် ပါဝင်တာအားနည်းတဲ့အတွက်ကြောင့်လို့ ကျနော်တို့ပါတီက မြင်ပါတယ်။ ဆိုတော့၊ ကျနော်တို့က ယုံကြည်ချက် ရှိပါတယ်။ ဒါကဘာလဲဆိုတော့ အခြေခံဥပဒေဆိုတာကို ပြုပြင်ဖို့အတွက်က လွှတ်တော်အတွင်းကနေကော၊ လွှတ်တော် ပြင်ပကနေကော နှစ်ခု တစ်ခါတည်း၊ တပြိုင်နက်သွားပါမှ ဒါက အောင်မြင်နိုင်မယ့် အရာပါ။ လွှတ်တော်ပြင်ပလမ်းကြောင်းကလည်း ရှိသလို၊ လွှတ်တော်အတွင်းမှာလည်း ကျနော်တို့ တိုင်းရင်းသားပါတီများ အားကောင်းလာရင် ဒီဟာကို သေသေချာချာ ပြင်နိုင်မှာပါ။ ဒီအတွက်နဲ့ စနစ်တကျ ချဉ်းကပ်တဲ့ ဗျူဟာတွေ ကျနော်တို့မှာ ရှိပါတယ်။ ဒီဟာကို ဘယ်လိုနည်းနဲ့ ပြုပြင်မယ်ဆိုတဲ့ လွန်ခဲ့တဲ့ ငါးနှစ်ရဲ့ အနေအထားတွေကို ကြည့်ပြီးမှ၊ ကျနော်တို့ ဒီကနေမှ သင်ယူစရာတွေ၊ သင်ခန်းစာတွေ အများကြီး ရရှိခဲ့ပါတယ်။ ဒီအတွက်လည်း ကျနော်တို့တတွေ ပြုပြင်သွားဖို့ အားနည်းချက်တွေကို ပြန်လည်ပြင်ဆင်ပြီးမှ ကျနော်တို့တွေက ၂၀၀၈ အခြေခံဥပဒေကို တစ်ခါတည်း၊ ဘုန်းကနဲဆိုပြီး ပြင်ဆင်တာ မဟုတ်ဘဲနဲ့ တဖြည်းဖြည်း ပြင်ဆင်သွားတဲ့ဘက်ကို ကျနော်တို့တွေ စဉ်းစားထားပါတယ်။ လူငယ်တဦး- မေး။ ။ ကျနော်မေးခွန်းလေး မေးချင်ပါတယ်။ ကချင်ပြည်နယ်အတွက် လူငယ်တွေအားလုံး၊ အခြေခံ လူတန်းစားလူငယ်တွေအားလုံးကို ပညာသင်ကြားနိုင်ရန်အတွက် ဘယ်လိုဆောင်ရွက်မလဲ ဆိုတာကို မေးချင်ပါတယ်။ ဦးလီပေါရဲ- ဖြေ။ ။ ကျနော်တို့ ကချင်ပြည်နယ်မှာကတော့ ငြိမ်းချမ်းစွာ ပညာသင်ကြားဖို့က ဒေသအစုံပေါ့ဗျာ။ မြို့ကြီး ပြကြီးတွေတင်မကဘူး၊ တောကြိုတောင်ကြား တရားဥပဒေမစိုးမိုးနိုင်တဲ့ နေရာတွေမှာကော ကျနော်တို့ ပိုမိုကောင်းမွန်တဲ့ ပညာသင်ကြားရေးစနစ် ဖြစ်ဖို့ရန်အတွက် ဆိုရင် ကျနော်တို့က ကျနော်တို့ ပါတီအနေနဲ့ အဓိကက ငြိမ်းချမ်းရေး လိုပါတယ်။ အဲဒီတော့ ကျနော်တို့ဒီမှာ အခုလက်ရှိ စစ်ရှောင်တွေလည်း အများကြီးရှိတယ်ပေါ့နော်။ ဒါပေမဲ့ စစ်ရှောင်တွေကတော့ ဘာပဲပြောပြော လွှတ်တော်မှာ နိုင်ငံတော်အစိုးရအနေနဲ့ အဘက်ဘက်က ပြည့်စုံအောင် ပညာရေး၊ ကျန်းမာရေးတွေ ပြည့်စုံအောင် တတ်နိုင်သမျှ လုပ်ဆောင်ပေးထားတာ မြင်ရပါတယ်။ ဒါပေမဲ့ တချို့ဒေသ၊ တော်တော်လေးကို တရားဥပဒေ မစိုးမိုးနိုင်တဲ့ နေရာတွေမှာတော့ ပညာသင်ကြားရေးကို တော်တော်လေး အခက်အခဲဖြစ်တယ်၊ ကျနော်တို့ မြင်နေရတဲ့ အပိုင်းမှာပေါ့။ အဲဒီတော့ ကျနော်တို့က ဖြစ်စေချင်တာက ဒီ ကချင်ပြည်နယ်မှာ ငြိမ်းချမ်းရေးကို ကျနော်တို့ အဓိက လုပ်ဆောင်ရပါမယ်။ ငြိမ်းချမ်းရေး ရှိမှပဲ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်တယ်။ ငြိမ်းချမ်းရေး မရှိလို့ကတော့ ကျနော်တို့ပါတီ အနေနဲ့က တိုက်တွန်းပေးရုံကလွဲပြီး ကျန်တဲ့အပိုင်းကတော့ လုပ်လို့ မရပါဘူးလို့ ကျနော်မြင်ပါတယ်။ ကျေးဇူးတင်ပါတယ်။   လူငယ် တဦး- မေး။ ။ နိုင်ငံရေးထဲမှာ လုပ်နေတဲ့ ပါတီတွေနဲ့ စကားပြောခွင့်ရမယ်ဆိုရင်ပေါ့နော်၊ တကယ် လက်တွေ့ကျကျ လုပ်နေတဲ့ အန်အယ်လ်ဒီ ကို မေးချင်ပါတယ်။ သူတို့က လူငယ်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်းပေးမယ်လို့ ပြောထားပြီးတော့ အခုဟာက ကျောင်းပြီးနေတဲ့ လူငယ်တွေက အများကြီးပဲ။ အလုပ်မရှိဘဲနဲ့ နေနေတဲ့ လူငယ်တွေ အများကြီးပဲလေနော့။ ဒီလိုလုပ်ငန်းခွင်တောင် မရောက်ဘဲနဲ့ လူငယ်တချို့က မူးယစ်ဆေးဝါးတွေ သုံးစွဲသွားတယ်၊ အဲဒီလိုမျိုးတွေ ဖြစ်နေတယ်။ ဒါကိုဘာလို့ မလုပ်ပေးနိုင်တာလဲပေါ့နော့။ နောက်ထပ် ပညာရေးလည်း ပြောင်းတော့ ပြောင်းလဲနေပါတယ်။ ဒါပေမဲ့ အဲဒီလောက်ထိ မထိရောက်ဘူးပေါ့။ ပညာရေးလည်း ပြောင်းလဲပေးမယ်လို့သာ ပြောနေတာ။ ဒါပေမဲ့ လက်တွေ့ကျကျ မပြောင်းလဲပေးနိုင်ဘူး။ ဦးသန့်ဇော်လတ်က- ဖြေ။ ။ ပညာရေးဆိုတာ နှစ်ပေါင်းများစွာကြီး ဖြစ်လာတဲ့ ပညာရေးကို ချက်ချင်းကြီး ဝုန်းကနဲတော့ မဖြစ်နိုင်ပါဘူး။ ပြောင်းလဲနေပါတယ်။ လူငယ်တွေအတွက် ဆိုတာကလည်း လုပ်သင့်သလောက်တော့ လုပ်နေပါတယ်။ တတ်နိုင်သမျှ လုပ်နေပါတယ်။ ဒါပေမဲ့ ကျနော်တို့ ကချင်ပြည်နယ်ဒေသဆိုတာက အကြောင်းအမျိုးမျိုး ရှိပါတယ်။ ခုနက ပြောသလို ငြိမ်းချမ်းရေးမရတာတွေ၊ တခြားကိစ္စတွေကြောင့်မို့လို့ ဖြစ်ပျက်နေတဲ့ ကိစ္စတွေပါ။   မေး။ ။ ကျနော့်နာမည်က ဝမ်ဆေး၊ အသက်က ၂၂။ လာမယ့်ရွေးကောက်ပွဲမှာတော့ ကျနော် က USDP ကိုပေးချင်တယ်။ နိုင်ငံရေးပါတီနဲ့ စကားပြောခွင့်ရမယ် ဆိုရင်တော့ ကျနော်က အန်အယ်လ်ဒီ ကို ပြောချင်တာပေါ့။ ဒီပါတီ တက်လာတဲ့ အချိန်ကျတော့ အရင်ပါတီနဲ့လည်း သိပ်ကွာခြားမှု မရှိဘူးပေါ့၊ ပြောရမယ်ဆိုရင်။ လူငယ်ပိုင်း ပြောမယ်ဆိုရင် ဘွဲ့ရပညာတတ် တော်တော်များများ ရှိတယ်။ ဒါပေမဲ့ အလုပ်ခွင် ဝင်ပြီဆိုရင် လူကြီးရှိမှ၊ အချိတ်အဆက်ရှိမှ၊ အထူးသဖြင့် နောက်ခံကောင်းကောင်းပေါ့။ အဲဒီပြဿနာ၊ အဲဒီမေးခွန်း ထုတ်ချင်တယ်။ ဘာကြောင့် ဒီလို တန်းတူအခွင့်အရေး မဖြစ်တာလဲပေါ့။ ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှု အတွက်ဆိုရင်တော့ ကျနော်တို့ ဒီနယ်စပ်ပြဿနာပေါ့။ တရုတ်၊ နိုင်ငံသားမဟုတ်လည်း ဝင်ခွင့်ပေးတယ်၊ ပြီးတော့ သူတို့ကို မှတ်ပုံတင် လုပ်ပေးတယ်။ တိုင်းရင်းသားတချို့ကျတော့ လွယ်လွယ်ကူကူ မလုပ်ပေးဘူး။ ပိုက်ဆံ ဘယ်လောက် ဘယ်လောက် ပေးရမယ်။ ဒီပြဿနာ တော်တော်ဖြစ်နေတယ်။ ဒီပြဿနာ ဖြေရှင်းရမယ်။ ဘယ်ပြဿနာကို အဓိက အရင်ဖြေရှင်းစေချင်လဲဆိုတော့ ခုနက ပြောတဲ့ မှတ်ပုံတင် ကိစ္စပေါ့။ တိုင်းရင်းသားတွေကျတော့ ဘာလို့ကြာနေတာလဲ၊ ဘာကြောင့် တန်းတူအခွင့်အရေး မပေးတာလဲ။ ဦးသန့်ဇော်လတ်-ဖြေ။ ။ ဟုတ်ကဲ့ပါခင်ဗျ။ တန်းတူအခွင့်အရေး မပေးဘူး ဆိုတာကတော့ မဟုတ်ဘူးလို့ ကျနော်ကတော့ ငြင်းချင်ပါတယ်ခင်ဗျ။ တချို့နေရာတွေ အခက်အခဲဖြစ်တယ် ဆိုတာကတော့ သူ့နေရာဒေသအပေါ် မူတည်လိမ့်မယ်လို့ ပြောချင်ပါတယ်ဗျ။ တခြားအကြောင်းအရာတွေ ရှိကောင်းရှိမှာပေါ့ဗျာ။” ။ “မှတ်ပုံတင်ကတော့ သူတို့ ခုနကပြောတဲ့ တိုင်းရင်းသားတွေကတော့ ခက်တယ် ဘာညာဆိုတာ ကျနော်တို့လည်း ခုန ကျနော်ပြောသလိုပေါ့ သူ့နယ်မြေ သူ့ဒေသအရ သူ့အကြောင်းအရာ ရှိလို့နေမှာပါ။ တိုင်းရင်းသားတွေ ခက်ခက်ခဲခဲဖြစ်အောင် လုပ်နေတာတော့ မဟုတ်ပါဘူးဗျ။ အခုလိုမျိုး ပြန်လည်ဖြေကြားပေးသွားတဲ့သူတွေကိုရော မေးမြန်းပေးသွားသူတွေကိုပါ ကျေးဇူးအများကြီးတင်ပါတယ်။ အွန်လိုင်းပေါ်ကနေပြီးတော့ ကြိုတင်ရယူထားတဲ့ လူငယ်တချို့ရဲ့ ရင်ဖွင့်သံတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။    “ကချင်ပြည်နယ်မှာ နေချင်သော်ငြားလည်း၊ ကျနော့်လိုမျိုးပေါ့နော်။ ကချင်ပြည်နယ်မှာ အခြေချပြီးတော့ ကျနော့်ရဲ့ ပညာရေး၊ စီးပွားရေး၊ အလုပ်အကိုင် အခွင့်အလမ်းကို တိုးတက်ချင်သော်ငြားလည်း အခြေအနေ အကြောင်းကြောင်းကြောင့် ဘယ်လိုမှ မဖြစ်နိုင်တဲ့အတွက် ကျနော်တို့က ဒေသကို စွန့်ခွာရပါတယ်ခင်ဗျ။ ဒါက တကယ်ကို လုံးဝမကောင်းဘူးပေါ့နော်။” “ဒေသကိုစွန့်ခွာသွားခြင်းအားဖြင့် ကျနော်တို့ရဲ့ အသိုင်းအဝန်းကို ကျနော်တို့က ဘာမှ ပြန်မလုပ်ပေးနိုင်တော့သလို ဖြစ်သွားတယ်။ ပြီးတော့ ကျနော်တို့က နယ်ဝေးကို သွားလိုက်တဲ့အတွက် ကျနော်တို့ အသိုင်းအဝိုင်း လူမှုအဖွဲ့အစည်းကလည်း ပျက်သွားသလိုဖြစ်ပြီးတော့ adaptability  အရမ်းပြန်လုပ်ရတဲ့ အပိုင်းတွေရှိတယ်။ ဆိုတော့ အရမ်းကြီးတော့ ပြောင်းလဲမှု မရှိဘူး။” “လူငယ်တွေအတွက်၊ အဝေးသင်တက်နေတဲ့ လူတွေအတွက် အလုပ်လုပ်ရင်း ကျောင်းတက်ဖို့ အတွက်က အခွင့်အရေးက မရှိဘူးဖြစ်နေတယ်။ နယ်ခြားမြေခြား ရန်ကုန်ဆင်းတာတို့၊ အဲဒီလိုမျိုး၊ တခြားနယ်သွားပြီး အလုပ်သွားလုပ်ရတာမျိုးတို့ ကြုံနေရတယ်ပေါ့နော်။ လူငယ်အများစုက အဝေးသင်တက်တဲ့ သူတွေပေါ့နော်။ အဲဒီအတွက်ကြောင့်မို့လို့ မြစ်ကြီးနားမှာ အလုပ်အကိုင် အခွင့်အလမ်း ပိုပြီးတော့ လုပ်ပေးသွားစေချင်တယ်။” “အခု ကပ်ရောဂါနဲ့ ကိုဗစ်-၁၉ အချိန်လည်း ဖြစ်တယ်ဆိုတော့ အဲဒီဟာကို ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်ပေးတာကို လိုချင်တယ်ပေါ့နော်။ ပြီးတော့ လာမယ့်အချိန်မှာ မဲနိုင်မယ့် ပါတီတွေကလည်း ကျေးဇူးပြု၍ တိုင်းပြည်ကို အရင်ကအစိုးရထက် ကောင်းအောင်ပိုပြီး လုပ်ပေးပါလို့ပဲ ပြောချင်ပါတယ်။” “မဲပေးတယ်ဆိုတာ မှတ်ပုံတင်ရှိမှ ပေးလို့ရတာလေ။ နိုင်ငံသားစိစစ်ရေးကတ်ပြားရှိမှ ပေးလို့ရတာ။ အဲဒီတော့ အခုက မှတ်ပုံတင်က အရမ်းခက်တယ်။ အရမ်းခက်တယ်ဆိုတဲ့အတွက် မှတ်ပုံတင်ရဖို့ဆိုရင် တော်တော်လေးကိုမှ လုပ်ယူရတယ်ပေါ့နော်။ အဲဒီအတွက် ဒီနှစ်မှ မှတ်ပုံတင်က ရတာ သိပ်မကြာသေးဘူးဆိုတော့ ဒီနှစ်မှ စပြီး မဲပေးရမှာပေါ့နော်။ အဲဒီတော့ ရင်အရမ်းခုန်ပါတယ်လို့။”   ဒါကတော့ အွန်လိုင်းပေါ်ကနေပြီးတော့ ကြိုတင်ရယူထားတဲ့ လူငယ်တချို့ရဲ့ ရင်ဖွင့်သံတွေပဲ ဖြစ်ပါတယ်။ အခု ဆက်ပြီးတော့ လိုင်းပေါ်မှာရှိနေတဲ့ ပထမဆုံးအကြိမ်မဲပေးရမယ့် လူငယ်တွေရဲ့ တိုက်ရိုက်မေးမြန်းတဲ့ အစီအစဉ်ကိုလည်း စတင်မှာ ဖြစ်ပါတယ်။    ကိုဇော်လင်းအောင် မေးခွန်း။ ။ ကျနော်ကတော့ ကချင်ပြည်နယ်ပြည်သူ့ပါတီကို မေးချင်တယ်ပေါ့နော်။ ကချင်ပြည်နယ်ကနေပြီးမှ KSPP အနေနဲ့ တရားမျှတမှု၊ လူ့အခွင့်အရေးနဲ့ လုံခြုံမှု အလေးထားမှုတွေကို ကျနော့်အနေနဲ့ သိချင်တယ်ပေါ့နော်။ ပြီးတော့ လူငယ်လူရွယ်များ အများဆုံး ဖျက်ဆီးခံနေရတဲ့ မူးယစ်ဆေးဝါး ပြဿနာရယ်၊ ဖားကန့်က ကိစ္စလိုမျိုးပေါ့နော်၊ လူငယ်တွေကို ဖမ်းသွားပြီးတော့မှ အဲဒီလို ကိစ္စတွေရှိတယ်။ ပြီးတဲ့အခါကျတော့ သဘာဝ သယံဇာတတွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေပေါ့၊ ဥပမာ - ပူတာအိုကလိုမျိုး ကိစ္စတွေ၊ မြစ်ဆုံဆည်လိုမျိုး ကိစ္စတွေအတွက်ကို ကိုင်တွယ်ဖို့ မူဝါဒ၊ လုပ်ထုံးလုပ်နည်း တိတိကျကျ ရှိသလားပေါ့။ ကျနော့်အနေနဲ့ အဲဒါလေးတွေ မေးမြန်းချင်ပါတယ်ခင်ဗျ။ KSPP  ဦးနော်ခုန့် -ဖြေ။ ။ တစ်ခုကတော့ မတူကွဲပြားတဲ့ လူငယ်တွေကို ဘယ်လိုမျိုး အခွင့်အရေးပေးဖို့ ဘယ်လိုမျိုး လက်တွဲဖို့ အစီအစဉ်ရှိလဲဆိုတဲ့ မေးခွန်းနဲ့ စပါတယ်။ ကျနော်တို့ဆီမှာကို ပါတီရဲ့ မူထဲမှာကို ပါပါတယ်။ ကျနော်တို့ ကချင်ပြည်နယ်ထဲမှာ ကျား၊ မ၊ လူမျိုး၊ ဘာသာ ခွဲခြားမှု မရှိဘဲနဲ့ ကချင်ပြည်နယ်ရဲ့ အကျိုးကို အတူတကွ ပူးပေါင်းဆောင်ရွက်ရေးဆိုတာ ပါပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ဆီမှာ အဓိကအားဖြင့် လူငယ်ပိုင်းမှာဆိုရင် လူမျိုးစုံရှိပါတယ်။ ရှမ်းတွေရှိတယ်၊ ကချင်လူမျိုး ၆ မျိုးစလုံးရှိတယ်၊ ပြီးရင် မွတ်စလင်တွေပါတယ်၊ ဂေါ်ရခါးတွေပါတယ်၊ ချင်းတွေပါတယ် ပေါ့နော်။ လူငယ်ကပဲ နေရာဒေသတိုင်းမှာ များပြားတဲ့အချိန်မှာ လူငယ်ထဲမှာ ပါဝင်လာတဲ့ တခြားလူမျိုးတွေလည်း အများကြီးပါပါတယ်။ ဒါကတော့ ကျနော်တို့ မူထဲမှာ ပါတဲ့အတိုင်းပဲ အတူတကွ ပူးပေါင်းဆောင်ရွက်မယ်ဆိုတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့က ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာ ဘယ်သူကပိုပြီးသာရမယ်၊ ဘယ်သူက လျော့ရမယ်ဆိုတာ မရှိပါဘူး။ အကုန်လုံးအတူတကွ ရသင့်ရထိုက်သော အခွင့်အရေးများကို အတူတူ စံစားရမယ်ဆိုတဲ့ မူဝါဒ ဖြစ်ပါတယ်။ ဆိုတော့၊ မူးယစ်ဆေးဝါး ပြဿနာကို ဖြေရှင်းတဲ့နေရာမှာ ကျနော်တို့ ရောင်းဝယ်မှု၊ နောက်ထပ် သုံးစွဲမှုကို ဖြေရှင်းဖို့အတွက် ကျနော်တို့က ကျနော်တို့ရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းထဲမှာ ထည့်သွင်းထားပါတယ်။ ရွေးကောက်ပွဲ ကြေညာစာတမ်းကို လက်ရှိမှာ ပြည်သူတွေသိအောင်ပဲ မတင်ပြရသေးတာဖြစ်တယ်။ ကျနော်တို့ အကုန်လုံး ပြီးစီးပြီးမှ မတင်ပြရသေးတာ ဖြစ်ပါတယ်လို့။ ဒီအပေါ်မှာလည်း တောင်းပန်ချင်ပါတယ်။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးမှ ကျနော်တို့ အဓိကအားဖြင့် သုံးစွဲမှုတွေကို ပြန်လည်ထူထောင်ရေး စခန်းများနဲ့ အကျအနလုပ်ပြီးမှ သေသေသပ်သပ် စည်းကမ်းတကျနဲ့ ကျနော်တို့တတွေ မူးယစ်ဆေးဝါး သုံးစွဲမှုတွေကို ကုစားသွားမှာ ဖြစ်ပါတယ်။  နောက်ထပ် ရောင်းဝယ်ဖောက်ကားမှု အပိုင်းမှာကတော့ တရားဥပဒေစိုးမိုးရေး၊ ဒီဟာ အရမ်းအရေးကြီးသွားပါတယ်။ ဆိုတော့ တချိန်တည်းမှာပဲ ဒီ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားသူတွေ တခြားအလုပ်အကိုင် အခွင့်အလမ်း ရရှိမှသာလျှင် သူတို့က ဒီလုပ်ငန်းကို ဆက်မလုပ်မှာ ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့က မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားတဲ့ သူတွေရဲ့ ပြောင်းရွှေ့ပြီးလုပ်နိုင်မယ့် အလုပ်အကိုင် အခွင့်အလမ်း များကိုလည်း စဉ်းစားပါတယ်။ ဒါမှသာလျှင် မူးယစ်ဆေးဝါး ပြဿနာကို ကျနော်တို့ ကောင်းကောင်းမွန်မွန် ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ ဒီအတွက် ကျနော်တို့က မူးယစ်ဆေးဝါး ပြဿနာနဲ့ ပတ်သက်ပြီးမှ တိကျသေချာတဲ့ လုပ်ဆောင်မှုတွေနဲ့ မဟာဗျူဟာများ ချမှတ်ရေးဆွဲထားတာ ဖြစ်ပါတယ်။ နောက်တစ်ခုက ကျနော်ထင်တယ် ဖားကန့်အရေး …။ ကျနော် အဲဒါ သိပ်တော့မရှင်းလိုက်ဘူး။ ဖားကန့်မှာ ဘယ်လိုဟာကို ပြောချင်လဲဆိုတာပေါ့နော်။ အဓိကကတော့ ဖားကန့်လိုမျိုး၊ နောက် သဘာဝသယံဇာတတွေပေါ့နော်၊ အဲဒီလိုမျိုး ကိစ္စနဲ့ ပတ်သက်လို့ ကာကွယ်ပေးဖို့ပေါ့နော်။ အဲဒါမျိုးမေးထားတာပါ။ ဖြေ။ ။ ဟုတ်ကဲ့။ ဖားကန့်ဒေသနဲ့ ပတ်သက်ပြီးတော့မှ ကျနော်တို့က သဘာဝသယံဇာတ၊ ဒီဟာမှာ အန္တရာယ် ဖြစ်သွားတယ်ပေါ့နော်။ မြေပြိုမှုတွေဖြစ်တယ်၊ လူအများကြီးသေတယ်။ အခု ဒီဟာကို နှစ်ပေါင်းများစွာ ကျနော်တို့တွေ တွေ့ပြီးမှ လုပ်ပါတယ်။ အဲဒီတော့ ဒီနေရာတွေမှာ ဘာတွေလိုအပ်နေလဲ ဆိုတော့ ဖားကန့်မှာ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးကို ဒီဟာနဲ့ပတ်သက်ပြီးမှ ထိထိရောက်ရောက် ကိုင်တွယ်ပြီး သုတေသန လုပ်နေတဲ့ အဖွဲ့အစည်းတွေ မရှိပါဘူး။ အဲဒီတော့ ဒီဟာမှာ သိပ်မကြာခင်ကပဲ ကချင်ပြည်နယ်ပြည့်သူပါတီက သုတေသန အဖွဲ့တွေ ရှိပါတယ်။ အဓိကအားဖြင့်တော့ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးကို ကျနော်တို့တတွေ လုပ်သွားဖို့ ရှိပါတယ်။ ပြည်သူများ တကယ်ပဲ အသက်အန္တရာယ် မရှိဘဲနဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းကို လုပ်နိုင်ဖို့အတွက် ရည်ရွယ်ပါတယ်။ အခုဟာကတော့ အမြင့်ကနေ ပြုတ်ကျတာတွေ၊ မြေပြိုပြီးသေတာတွေ အများကြီးကို တွေ့ရတဲ့အချိန်မှာ တကယ်ပဲ စိတ်မကောင်းပါဘူး။ ဆိုတော့၊ ဒီဟာနဲ့ပတ်သက်ပြီးမှ အသိပညာပေးခြင်း၊ နောက်ထပ် သုတေသနဘက်ကနေပြီး ကြိုတင်သတိပေးခြင်း စတဲ့ အရာများကို ကျနော်တို့ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ နောက်ထပ် ဒီ ပူတာအိုလိုမျိုး သဘာဝသယံဇာတ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီးတော့မှ ကမ္ဘာမှာ အင်မတန်မှ ရှားပါးတဲ့နေရာ၊ ရှားပါးလာတဲ့နေရာလို့ ပြောလို့ရပါတယ်၊ ပူတာအိုဒေသက။ ကျနော်တို့ရဲ့ အများသုံးနှုန်းနေတာက လှပသောအပြင်အဆင်လို့ သုံးနှုန်းပါတယ်ဗျ။ တကယ်ပဲ သဘာဝတွေ မပျက်စီးသေးတဲ့နေရာဖြစ်ပါတယ်။ ဒီလိုမျိုးနေရာမှာ လွန်ခဲ့တဲ့ အချိန်တုန်းက သြဇီဘက်က ကုမ္ပဏီကြီးတစ်ခုကနေပြီး ဧက သုံးသိန်းကျော် ဓာတ်သတ္ထုစမ်းသပ်တူးဖော်မှု ဆိုတဲ့ဟာတွေ ကျနော်တို့ ကြားလာရတဲ့အချိန်မှာ ကျနော်တို့ အများကြီးစိတ်မကောင်း ဖြစ်ရပါတယ်။ သဘာဝသယံဇာတဆိုတာ ထုတ်ယူသုံးစွဲလိုက်ရင် ကုန်သွားမှာပါ။ ဒါပေမယ့် သဘာဝပတ်ဝန်းကျင်တွေ အများကြီး ပျက်စီးသွားနိုင်ပါတယ်။ ဒီဘက် ကျနော်တို့ဆီမှာ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီးမှ ခိုင်မာတဲ့ မူဝါဒတွေနဲ့ သဘာဝခရီးသွားလုပ်ငန်းကိုသာ အားကိုးအားထားပြုပြီး ဒေသခံများက ဒီသတ္ထုတွေကို ထုတ်ယူသုံးစွဲစရာ မလိုဘဲ၊ ကမ္ဘာမှာရှိတဲ့ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှုကို အများကြီး ဦးစားပေးခြင်းအားဖြင့် ပြုလုပ်သွားဖို့အတွက် ကျနော်တို့ အစီအစဉ် ရှိပါတယ်။ ကိုအောင်မိုင်- မေး။ ။ ဟုတ်ကဲ့ ကျနော့်နာမည်ကတော့ အောင်မိုင်လို့ ခေါ်ပါတယ်။ အားလုံးနဲ့ တွေ့ရတာ ဝမ်းသာပါတယ်။ ကျနော်ကတော့ လက်ရှိအစိုးရရဲ့ စွမ်းဆောင်မှုတွေ အပေါ်မှာ တာဝန်ယူမှု၊ တာဝန်ခံမှုဆိုတဲ့ အပေါ်မှာ ဥပမာတစ်ခုပေးချင်တယ်။ ကျနော့်မေးခွန်းကတော့ KSPP ကို မေးချင်ပါတယ်။ ကျနော်တို့ ခံစားနေရတာက ဘာလဲဆိုတော့ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် လက်ရှိ အစိုးရခေါင်းဆောင်တွေက ကားဘီးလောက်တောင် တန်ဖိုးမရှိတဲ့အဆင့်ဖြစ်နေတယ် ဆိုတာကို သတိပေးချင်တာပေါ့။ ဆိုလိုချင်တာက သူတို့ ကားဘီးပေါက်ရင် ဝပ်ရှော့သွားတယ်၊ တစ်ခါတည်း ပြင်တယ်။ ဒါပေမယ့် IDP ချက်ခြင်းလုပ်ဆောင်ပေးဖို့ ကြန့်ကြာတယ်ဆိုတဲ့ အချက်ကို ထောက်ပြချင်တယ်။ ကျနော့်မေးခွန်းက ဘာလဲဆိုတော့ လာမယ့် ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် KSPP အနေနဲ့ စစ်ရှောင်ပြည်သူတွေအရေး၊ စစ်ရှောင် ပြည်သူတွေရဲ့ အရေးဆိုတဲ့နေရာမှာ နေရပ်ပြန်ရေးပါမယ်၊ နောက်ပြီးတော့ လုံခြုံရေး၊ နောက်ပြီး အခြေခံလိုအပ်ချက်တွေ ပံ့ပိုးပေးရေး၊ ရပ်ရွာ ပြန်လည်ထူထောင်ပေးရေးနဲ့ လူမှုဘဝမြှင့်တင်ပေးရေးပေါ့။ ဒါတွေနဲ့ ပတ်သက်ပြီးတော့မှ ဘယ်လိုမူဝါဒတွေ ရေးဆွဲထားပြီလဲပေါ့။ နောက်ပြီးတော့ လက်ရှိ IDP တွေရဲ့ ဒေသမှာ လုပ်ဆောင်နေတဲ့ တရုတ်ရဲ့ စီမံကိန်းတွေပေါ့။ ဒါနဲ့ ပတ်သက်ပြီးမှ ဘယ်လိုဆောင်ရွက်သွားမလဲဆိုတဲ့ မေးခွန်းပါ။ ကျေးဇူးတင်ပါတယ်။ KSPP  ဦးနော်ခုန့်ဖြေ။ ။  ကိုအောင်မိုင်၊ ကျေးဇူးတင်ပါတယ်။ IDP တွေရဲ့ အရေးဟာ ကချင်ပြည်နယ်ရဲ့ တကယ်ကို လေးလေးနက်နက် ဖြေရှင်းရမယ့် အရေးဖြစ်ပါတယ်။ အခုဆိုရင် ဒီစစ်ပွဲကြောင့် စစ်ရှောင်များဟာ ၉ နှစ်ကျော်သွားပါပြီ။ မိမိရဲ့ ရပ်ရွာ အိုးအိမ်တွေကို စွန့်ခွာရတဲ့ အတိဒုက္ခ စိတ်ဆင်းရဲတွေကို ကျနော်တို့ ခံစားလာရတာက ၉ နှစ်ရှိပြီဆိုတော့ တကယ်ကို စိတ်မချမ်းမြေ့စရာပါ။ ဒီမှာ ကျနော်တို့ IDP တွေက ကောင်းမွန်စွာနဲ့ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေး၊ ဟိုမှာ ရောက်တဲ့ အခါမှာ မိမိရဲ့ လက်ငုတ်လက်ရင်းဖြစ်တဲ့ မိမိရဲ့ အလုပ်အကိုင် ပြန်လည်ရရှိလာရေး၊ ကျန်းမာရေး၊ ပညာရေး အစရှိတဲ့ အဘက်ဘက်က သူတို့ရဲ့ လူမှုဘဝ ဖူလှုံရေးအတွက် ဖွံ့ဖြိုးမှုများကို အရေးတကြီး လုပ်ဆောင်ဖို့ အလွန်လိုအပ်ပါတယ်။ ဒီ IDP များ နေရပ်ပြန်နိုင်ရေးမှာ ဒီအတွက် ဖွဲ့ထားတဲ့ ကော်မတီတွေ၊ ကော်မရှင်တွေ အများကြီးရှိပါတယ်။ ဒီအထဲမှာ ကျနော်တို့ KSPP က လူတွေပါဝင်တယ်ဆိုတော့ မူဘောင်တွေက အဓိကအားဖြင့် ရပ်မိရပ်ဖများနဲ့ အပြင်ကအဖွဲ့အစည်းပေါ့နော်၊ ကျနော်တို့ ဘာသာရေးအဖွဲ့ကနေပြီး ဦးဆောင်တဲ့ အဖွဲ့အစည်းတွေ ရှိတယ်၊ ဒါတွေနဲ့ ပူးတွဲပြီးမှ လုပ်ဆောင်နေတာတွေ ရှိပါတယ်။ နေရပ်ပြန်နိုင်ရေးနဲ့ ပတ်သက်ပြီး လုပ်ထားတဲ့ မူဘောင်၊ မူဝါဒတွေက KSPP ရဲ့ မူဘောင်၊ မူဝါဒတွေပဲ ဖြစ်ပါတယ်။ ဆိုတော့၊ ကျနော်တို့အနေနဲ့က ဒီမှာ ကိုယ့်ရဲ့လူတွေ ပါဝင်ပြီးတော့မှ ကိုယ့်ရဲ့ ပါတီဝင်တွေ ကိုယ်တိုင် အဖွဲ့ဝင်အဖြစ် ပါဝင်ပြီးမှ လုပ်ဆောင်နေတာ ဖြစ်တဲ့အတွက် IDP များ နေရပ်ပြန်နိုင်ရေးနဲ့ ပြန်လည်ထူထောင်ရေး၊ ဒီလုပ်ငန်းတွေကိုဖြင့် ကျနော်တို့ဟာ တကယ်ပဲ ကျနော်တို့ ရွေးကောက်ပွဲ ပြီးသွားတဲ့နောက် ကျနော်တို့ ကချင်ပြည်နယ်မှာ ကျနော်တို့ စီမံပိုင်ခွင့် ရတဲ့အချိန်မှာ ဒါတွေကို သေသေချာချာ အကောင်အထည် ဖော်သွားမှာပါ။ ဒီအတွက် အရမ်းကို အလေးထားတယ် ဆိုတာကို ပြောပါရစေ။ ပြီးတော့ တရုတ်နိုင်ငံက IDP များ နေရပ်ပြန်နိုင်ရေး အပေါ်မှာ သူတို့ရဲ့ ပံ့ပိုးမှု၊ ဒါတွေကိုလည်း ကျနော်တို့ စောင့်ကြည့်နေပါတယ်။ ဆိုတော့၊ IDP များ နေရပ်ပြန်နိုင်ရေးအတွက် ကူညီကြတဲ့ နိုင်ငံတွေ အများကြီး ရှိပါတယ်။ နိုင်ငံပေါင်း အများကြီးက အကူအညီရတယ်ဆိုတဲ့ နောက်ကွယ်မှာ အကျိုးအမြတ်တွေ အများကြီး ရှိပါတယ်။ အဲဒီတော့ ဒီ အကူအညီတစ်ခုကို ယူတယ်ဆိုတဲ့ နေရာမှာ သူတို့ကို ပြန်ပေးဆပ်ရတဲ့ အကျိုးအမြတ်ကိုလည်း ချင့်ချိန်ဖို့တော့ လိုအပ်ပါတယ်။ တရုတ်ရဲ့ IDP များ နေရပ်ပြန်နိုင်ရေးအတွက် ကျနော်တို့တတွေ သပ်သပ် စကားပြောဖို့ လိုပါဦးမယ်။ သူတို့ရဲ့ ရည်မှန်းချက်၊ ရည်ရွယ်ချက်တွေနဲ့ ကျနော်တို့တွေ တိတိကျကျ သိရှိဖို့ လိုပါလိမ့်မယ်။ ထို့အတူပဲ တခြားနိုင်ငံများက ပံ့ပိုးနေတာတွေ ရှိပါတယ်။ ဥပမာ - ဂျပန်တွေကနေ ပံ့ပိုးနေတာ ရှိတယ်၊ သြစတြေးလျဘက်ကနေ ပံ့ပိုးနေတာတွေ ရှိတယ်။ ဒါတွေအားလုံးကို ကျနော်တို့တတွေက အများကြီး ကူညီပြီဟေ့ဆို ဇွတ်ယူလို့ မရဘူးဆိုတဲ့ဟာ လွန်ခဲ့တဲ့ ရက်တွေက ခေါင်လန်ဖူး သြဇီကုမ္ပဏီ ဘက်မှာ ဧကစုစုပေါင်း သုံးသိန်း သတ္ထုတူးဖော်စမ်းသပ်ခွင့် ဆိုတဲ့ဟာတွေ။ ဒါတွေက ဖြစ်လာတယ်၊ ပါလာတယ်ပေါ့နော်။ အရင်ကလည်း ကျနော်တို့ နော်ဝေကနေ ပေးတဲ့အကူအညီကို မြန်မာနိုင်ငံက အများကြီးယူတယ်။ နောက်မှာ တယ်လီနော။ ဒီလိုပဲ သူ့ရဲ့နောက်မှာ နိုင်ငံတကာအကူအညီတွေက သူတို့ရဲ့ ရည်မှန်းချက်တွေ ပါလာတတ်တယ်။ ဒီဟာက ကျနော်တို့ ရရှိတာနဲ့ ကျနော်တို့ပြန်လည် ပေးလိုက်တာ မကိုက်ညီဘူးဆို ကျနော်တို့အတွက် ဆုံးရှုံးမှု အကြီးကြီး ဖြစ်လာနိုင်တယ်။ ဒါကြောင့်မို့လို့ ဒီကိစ္စနဲ့ ပတ်သက်ပြီးမှ ကျနော်တို့က သေသေချာချာ စကားပြောကြည့်ဖို့ လိုပါမယ်။ သေသေချာချာ သုတေသန အရင်လုပ်၊ အချက်အလက်များကို ပြုစု စုစည်းပြီးမှပဲ ဒါတွေကို ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။ ဒီနေ့ Any Questions? အစီအစဉ်မှာ ပါဝင်ပြီးတော့မှ ကိုယ်တိုင်မေးခဲ့ကြတဲ့ လူငယ်တွေကိုရော၊ စာနဲ့ပေးပို့ပြီးတော့၊ ဒါမှမဟုတ် ဗီဒီယိုနဲ့ ပေးပို့ပြီးတော့မှ၊ မေးခွန်းတွေ ပေးပို့ပြီး မေးခဲ့ကြတဲ့ လူငယ်တွေကိုရော၊ လာပြီးတော့ ဖြေပေးကြတဲ့ ပါတီက တာဝန်ရှိတဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ်။ Any Questions? အစီအစဉ် ဖြစ်မြောက်ရေးအတွက် ပံ့ပိုးကူညီပေးကြတဲ့သူ အားလုံးနဲ့အတူ ကြည့်ရှုအားပေးနေတဲ့ ဒီမိုကရက်တစ် မြန်မာ့အသံ ပရိသတ်တွေအားလုံးကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ ဒီအစီအစဉ်ကို အပိုင်းလေးပိုင်း ခွဲပြီးတော့ သောကြာနဲ့ အင်္ဂါနေ့တွေမှာ DVB TV ကနေ အပတ်စဉ် ထုတ်လွှင့်ပေးသွားဦးမှာ ဖြစ်ပါတယ်။ တင်ဆက်- နေရီရီ ၊ နွယ်နီတင်မောင်
3 years Ago

August 17, 2020

Any Questions? ကချင်ပြည်နယ်အစီအစဉ် (ပထမပိုင်း)

၂၀၂၀ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေကို ပထမဆုံးအကြိမ်မဲပေးကြမယ့် First time voters လူငယ်တွေက သူတို့သိလိုသမျှတွေကို မေးမြန်းပြီး ပါတီတာဝန်ရှိတဲ့သူတွေက ပြန်လည်ဖြေကြားပေးမယ့် Any Questions? အစီအစဉ်ကို ဒီဗွီဘီက တင်ဆက်ပေးနေရာမှာ ဒီတစ်ပတ်အတွက် ရွေးချယ်ထားတာကတော့ ကချင်ပြည်နယ်ပဲ ဖြစ်ပါတယ်။ ကချင်ပြည်နယ်မှာဆိုရင် အမျိုးသားလွှတ်တော်ကတော့ ၁၂ နေရာရှိတယ်။ ပြည်သူ့လွှတ်တော်ကတော့ ၁၈ နေရာရှိတယ်။ ပြည်နယ်လွှတ်တော်ကတော့ နေရာ ၄၀ ရှိပါတယ်။ ဒီနေရာ ၄၀ ထဲမှာတော့ တိုင်းရင်းသားရေးရာဝန်ကြီး ၄ နေရာ ပါဝင်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ ကချင်ပြည်နယ်မှာဆိုရင် မဲဆန္ဒရှင်ဦးရေဟာ ၈၇၀၀၀၀ကျော် ရှိပြီးတော့ မဲပေးခဲ့တဲ့ လူဦးရေကတော့ ၆ သိန်းနီးပါး ရှိခဲ့ပါတယ်။ ကချင်ပြည်နယ်မှာ ၂၀၁၅ တုန်းက ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အခြေအနေကို ကြည့်မယ်ဆိုရင် ပြည်သူ့လွှတ်တော်မှာယှဉ်ပြိုင်ခဲ့တဲ့ ပါတီက ၁၆ နေရာရှိပြီးတော့ အနိုင်ရခဲ့တဲ့ ပါတီ ၄ ပါတီရှိပါတယ်။ အမျိုးသားလွှတ်တော်မှာ ဆိုရင်တော့ ၁၄ ပါတီ ယှဉ်ပြိုင်ခဲ့ပြီးတော့ အနိုင်ရခဲ့တဲ့ ပါတီ ၃ ပါတီ ရှိပါတယ်။ ပြည်နယ်လွှတ်တော်ကို ကြည့်မယ် ဆိုရင်တော့ ယှဉ်ပြိုင်ခဲ့တဲ့ ပါတီဟာ ၁၅ ပါတီ ရှိပြီးတော့ အနိုင်ရခဲ့တဲ့ ပါတီဟာ ၆ ပါတီ ရှိပါတယ်။ ကချင်ပြည်နယ်မှာဆိုရင် ၂၀၁၅ တုန်းက မြို့နယ် ၁၁ မြို့နယ်ထဲက ကျေးရွာအုပ်စုပေါင်း ၂၁၁ ခုမှာ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ပါဘူး။ အခုလာမယ့် ၂၀၂၀ ရွေးကောက်ပွဲ အချက်အလက်တွေကို ကြည့်မယ်ဆိုရင် ကချင်ပြည်နယ်မှာ မဲပေးနိုင်ခွင့်ရှိတဲ့သူ ၁ သန်းကျော်ရှိပြီးတော့ ပထမဦးဆုံးအကြိမ် မဲပေးမယ့် လူဦးရေကတော့ ၁၇၀၀၀၀ ကျော် ရှိပါတယ်။ မသန်စွမ်း မဲဆန္ဒရှင်ကတော့ ၁၅၀၀ ကျော် ရှိပါတယ်။ ကချင်ပြည်နယ်မှာ မဲရုံအရေအတွက်ကတော့ ၈၀၀ ကျော် ရှိပါတယ်။ ကချင်ပြည်နယ်နဲ့ ပတ်သက်လို့ ဒီဗွီဘီက စစ်တမ်းတစ်ခု ကောက်ခဲ့ပါတယ်။ ဒီစစ်တမ်းကို ဖြေဆိုခဲ့တဲ့သူတွေကို ကြည့်မယ်ဆိုရင် အမျိုးသားကတော့ ၄၉ ရာခိုင်နှုန်း ဖြေဆိုထားပြီး အမျိုးသမီးကတော့ ၄၆ ရာခိုင်နှုန်း၊ LGBT ကတော့ ၅ ရာခိုင်နှုန်း ဖြေဆိုထားပါတယ်။ ဖြေဆိုခဲ့တဲ့ သူတွေထဲမှာ ကချင်ပြည်နယ်မှာနေတဲ့သူကတော့ ၉၀ ရာခိုင်နှုန်းရှိပြီး ကချင်ပြည်နယ်မှာပဲနေပေမယ့် ရန်ကုန်မှာအလုပ်လာလုပ်နေတဲ့သူကတော့ ၁၀ ရာခိုင်နှုန်း ဖြေဆိုထားတာကို တွေ့ရပါတယ်။ ဒီဖြေဆိုထားတဲ့ အုပ်စုကို ကြည့်မယ်ဆိုရင် အသက် ၂၅ ကနေ ၃၅ က ၁၄ ရာခိုင်နှုန်း ဖြေဆိုထားတယ်ပြီး အသက် ၁၆ ကနေ ၂၅ ကတော့ ၈၆ ရာခိုင်နှုန်း ဖြေဆိုထားတာကို တွေ့ရပါတယ်။ စစ်တမ်းကို ဖြေဆိုထားတဲ့သူတွေထဲမှာ ပထမဦးဆုံးအကြိမ် မဲပေးမယ့် သူတွေကတော့ ၉၀ ရာခိုင်နှုန်း ဖြေဆိုထားတာကို တွေ့ရပြီး  မသန်စွမ်း ဖြေဆိုထားတာကတော့ ၄ ရာခိုင်နှုန်း ဖြစ်ပါတယ်။ စစ်တမ်းကို ဖြေဆိုထားသူတွေထဲမှာ လူမျိုးအုပ်စုတွေလည်း ပါဝင်ပါတယ်။ ကချင်လူမျိုးကတော့ ၈၄ ရာခိုင်နှုန်း ဖြေဆိုထားတာကို တွေ့ရပါတယ်။ ကချင်လူမျိုးထဲမှာ ကချင်ပါတယ်၊ ကချင်ရခိုင်ပါတယ်၊ ကချင်ရှမ်း ပါပါတယ်။ ရှမ်းကတော့ ၆ ရာခိုင်နှုန်း ဖြေဆိုထားတယ်။ ဂေါ်ရခါးကတော့ ၆ ရာခိုင်နှုန်း၊ ဗမာကတော့ ၄ ရာခိုင်နှုန်း ဖြေဆိုထားကြပါတယ်။ ဒီစစ်တမ်းထဲမှာ မေးခွန်းလေး ၂ ခု ထည့်ပြီးတော့ မေးခဲ့ရာမှာ ပထမဦးဆုံး မေးခွန်းကတော့ ကချင်ပြည်နယ်မှာ ရင်ဆိုင်နေရတဲ့ အဓိကပြဿနာတွေကတော့ ဘာတွေလဲဆိုပြီး မေးခဲ့တာ ရှိပါတယ်။ အဲဒီမေးခွန်းကို သူတို့ ဘယ်လိုဖြေကြလဲဆိုတော့ မူးယစ်ဆေးဝါးက အများဆုံးရှိတယ်ဆိုပြီး ၁၉ ရာခိုင်နှုန်း ဖြေဆိုထားကြပါတယ်။ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေးကတော့ တန်းတူညီမျှ ၁၇ ရာခိုင်နှုန်း ဖြေဆိုထားတာကို တွေ့ရပါတယ်။ နောက်ထပ် အခြားဆိုတာကတော့ စီးပွားရေးပါတယ်၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု၊ ကျန်းမာရေး၊ အလုပ်အကိုင် ဖွံ့ဖြိုးရေး ပါပါတယ်။ ဒါကတော့ ၁၆ ရာခိုင်နှုန်း ဖြေဆိုထားတာကို တွေ့ရပါတယ်။ နောက်ထပ်မေးခွန်းတစ်ခုကတော့ ကချင်ပြည်နယ် ဖွံ့ဖြိုးရေးကို နှောင့်ယှက်နေတဲ့ အကြောင်းရင်းတွေက ဘာတွေလဲဆိုပြီးတော့မေးခွန်းကိုတော့ စစ်တမ်းဖြေဆိုထားတဲ့သူ ထက်ဝက်ကျော်က ပြည်တွင်းငြိမ်းချမ်းမှု မရှိခြင်း ဆိုပြီး ဖြေဆိုထားတယ်။ ဒါကတော့ ၅၁ ရာခိုင်နှုန်း ဖြေဆိုထားကြပါတယ်။ နောက်တစ်ခုကတော့ မူးယစ်ဆေးဝါး ပြဿနာက ၂၉ ရာခိုင်နှုန်း၊ နောက်ပြီးတော့ တရားဥပဒေစိုးမိုးမှု မရှိခြင်းကတော့ ၂၀ ရာခိုင်နှုန်း ဖြေဆိုထားတာကို တွေ့ရပါတယ်။ ဒါက မြို့ပေါ်မှာ သွားရောက်ကောက်ယူထားတဲ့ စစ်တမ်းတွေ၊ အွန်လိုင်းပေါ်ကနေ ကောက်ယူထားတဲ့ စစ်တမ်းတွေဖြစ်ပြီး ဒီလိုစစ်တမ်းတွေ ကောက်ယူခဲ့ရာမှာလည်း ဆက်သွယ်ဖို့ ခက်ခဲတဲ့ ဒေသတွေက လွဲလို့ လက်လှမ်းမီသလောက်ကို စစ်တမ်း ကောက်ယူခဲ့တာ ဖြစ်ပါတယ်။ ဒီစစ်တမ်းတွေအရ ကချင်ပြည်နယ် ပြည်သူ့ပါတီ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကချင်ပြည်နယ်၊ ကချင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) တို့ကို Any Questions? အစီအစဉ်မှာ  ဖြေကြားပေးဖို့ ဒီဗွီဘီက ဖိတ်ကြားခဲ့ပါတယ်။ ပထမဆုံးအနေနဲ့ ဖိတ်ကြားထားတဲ့ ပါတီတွေထဲက လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) ဒုဥက္ကဋ္ဌ  ဦးလီပေါရဲက ပါတီမိတ်ဆက်စကားပြောကြားရာမှာ  DVB ရဲ့ Any Questions? မှာ  ပါဝင်ခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတဲ့အကြောင်းနဲ့  ခဏနေကျ မေးတဲ့အခါကျရင် ကျနော်တို့ပါတီရဲ့ မူဝါဒတွေ၊ ရှေ့လုပ်ငန်းစဉ်တွေလည်း ချပြပေးသွားမှာ ဖြစ်ပါတယ်လို့ ပြောပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဦးသိန်းထွန်းကတော့ “ ကျနော်တို့ပါတီကတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ဆိုတဲ့အတွက်ကြောင့် ပါတီရဲ့ နာမည်အရလည်း တစ်လုံးခြင်းအရ အဓိပ္ပာယ်ရှိပြီးသား ဖြစ်ပါတယ်။ ကျနော်တို့ပါတီဟာ လူမျိုးပေါင်းစုံကို ကိုယ်စားပြုတဲ့ပါတီ၊ လူမျိုးပေါင်းစုံနဲ့ စုဖွဲ့ထားတဲ့ ပါတီဖြစ်ပြီးတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ လွှမ်းခြုံထားတဲ့ ပါတီဖြစ်ပါတယ်။ နောက်၊ ရွေးကောက်ပွဲမှာ နိုင်ခဲ့မယ်ဆိုရင်လည်းပဲ အစိုးရဖွဲ့စည်းနိုင်ပြီးတော့ နိုင်ငံတော်ကို အကောင်းဆုံး ဦးဆောင်သွားမယ့်ပါတီ ဖြစ်ပါတယ်” လို့ပြောပါတယ်။ ကချင်ပြည်နယ် ပြည်သူ့ပါတီက လူငယ်ရေးရာ တာဝန်ခံ  ဦးနော်ခုန့်ကတော့ “ကျနော်တို့ ကချင်ပြည်နယ် ပြည်သူ့ပါတီဆိုတာက အခု ဖြစ်ပေါ်လာတာ စုပေါင်းထားတဲ့ ပါတီဖြစ်ပါတယ်။ ဒါကို မှတ်ပုံတင်ပြန်ရတာ တစ်နှစ်ကျော်ကျော်ပဲ ရှိပါသေးတယ်။ ဒီပါတီကို ကချင်ပြည်သူ့ဒီမိုကရေစီပါတီ၊ နောက်ထပ် မနောတိုင်ပါတီလို့ သိကြတဲ့ UDPKပါတီ၊ ပြီးရင် KDP - ကချင်ဒီမိုကရက်တစ် ပါတီရယ်၊ UNFDP ဆိုတဲ့ ပါတီလေးခုကနေပြီးမှ ဖျက်သိမ်းပြီးမှ ပါတီတစ်ခုတည်း ပေါင်းစည်းထားတဲ့ ပါတီဖြစ်ပါတယ်။ လက်ရှိမှာ ကျနော်တို့ ၂၀၂၀ ရွေးကောက်ပွဲမှာ ၁၁ မြို့နယ်စလုံး ကျနော်တို့တွေ ပါဝင်ယှဉ်ပြိုင်ဖို့ စီစဉ်ထားပါတယ်။ ဒီအထဲမှာ ၆၈ နေရာစလုံးကို ကျနော်တို့ ယဉ်ပြိုင်သွားဖို့ ရှိပါတယ်။”လို့ ပြောပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကချင်ပြည်နယ်  အလုပ်အမှုဆောင်အဖွဲ့၊ ဘဏ္ဍာရေးမှူး  ဦးသန့်ဇော်လတ်ကတော့ “ ကျနော်တို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ အားလုံး သိထားတဲ့အတိုင်း ကမ္ဘာသိနိုင်ငံ့ခေါင်းဆောင်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီဖြစ်တဲ့အတွက် အထူးကျနော် မိတ်ဆက်ပြောကြားဖို့ မလိုပါဘူး။ ကျနော်တို့ပါတီကတော့ ပြည်ထောင်စု တိုင်းရင်းသားအားလုံးနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုပါတီတစ်ခု ဖြစ်ပါတယ်။ အားလုံး ကျန်းမာချမ်းသာ ကြပါစေ။”လို့ပြောပါတယ်။ ဒီအစီအစဉ်မှာ အွန်လိုင်းကနေမေးမြန်းကြတဲ့ လူငယ်တွေအထဲက ပထမဆုံးမေးမြန်းခဲ့တဲ့ မချမ်းနန်က “ကျမက NLD ကို မေးချင်ပါတယ်။ တကယ်လို့များ NLD အနေနဲ့ အခုလာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ အစိုးရထပ်ဖြစ်ခဲ့မယ်ဆိုရင် ကချင်ပြည်နယ်ရဲ့ မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ချက်ရှိပါသလား။ တကယ်လို့ ရှိတယ်ဆိုရင် ဘယ်အဆင့် အတိုင်းအတာအထိ မျှော်လင့်ထားပါသလဲ” လို့ မေးခွန်းထုတ်ပါတယ်။  ဒီမေးခွန်းနဲ့ပတ်သက်ပြီး ဦးသန့်ဇော်လတ်က “မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးတော့လည်း ကျနော်တို့ပါတီအနေနဲ့၊ အစိုးရအဖွဲ့အနေနဲ့ အများကြီး လုပ်ဆောင်နေတာ ရှိပါတယ်ခင်ဗျ။ အဲဒီတော့ နောက်အစိုးရ တက်လာတဲ့အခါမှာလည်း မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးတော့ ကောင်းကောင်းမွန်မွန် လုပ်နိုင်မယ်လို့ ကျနော်တို့ကတော့ ယုံကြည်ချက်အပြည့် ရှိပါတယ်”လို့ဖြေကြားသွားပါတယ်။ မေးခွန်းမေးမြန်းသူ  နောက်တဦးဖြစ်တဲ့ မကိုင်ထွဲကတော့ “ ကျမကတော့ KSPP ပါတီကို မေးချင်လို့ပါရှင့်။ KSPP ရဲ့ မူဝါဒ ၁၂ ချက်ရှိတဲ့အထဲက နံပါတ် ၆ အရ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကဏ္ဍကို ပြည်သူတွေအတွက် အားသွန်ခွန်စိုက် လုပ်ပေးမယ်လို့ သူတို့က ပြောထားတယ်ပေါ့။ အခုလောလောဆယ် ဖြစ်နေတဲ့ ငှက်ပျောခြံကိစ္စဆိုရင် ဝန်ကြီးတွေက ပြောကြတယ်၊ အဲဒါက ပြည်သူလူထု အလုပ်လက်မဲ့မဖြစ်အောင် ဆိုပြီးတော့ ပြောကြတယ်။ ဒါပေမယ့် KSPP ပါတီက တကယ်တမ်း ပြည်သူလူထု အလုပ်လက်မဲ့မဖြစ်အောင် ငှက်ပျောလုပ်ခြင်းက သေချာပါသလားဆိုတာ တစ်ချက် မေးချင်ပါတယ်။ နောက်တစ်ခုက မူဝါဒ နံပတ် ဘယ်လောက်လဲ မမှတ်မိတော့ဘူး၊ နိုင်ငံ့ခေါင်းဆောင်ပိုင်းမှာ အမျိုးသမီးတွေ ပါလာနိုင်အောင် ဆိုပြီး ပါပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့မှ ပါတီထဲမှာ အခုလောလောဆယ် အမျိုးသမီး ဘယ်နှစ်ယောက် ရှိသလဲပေါ့။ တကယ်လို့ သူတို့ အနိုင်ရတဲ့ပါတီ ဖြစ်တယ်ဆိုရင် အခုလောလောဆယ် ဘယ်အဆင့်ထဲမှာ ရှိလဲ၊ ဥပမာပြောရရင် ပါတီခေါင်းဆောင်တို့၊ ဆုံးဖြတ်ချက်ချနိုင်တဲ့ အပိုင်းမှာ အမျိုးသမီး ဘယ်နှစ်ယောက် ပါလဲဆိုတဲ့ဟာကို ကျမမေးချင်ပါတယ်” လို့ မေးခွန်းထုတ်ပါတယ်။  ဒီမေးခွန်းနဲ့ ပတ်သက်ပြီး ဦးနော်ခုန့်က “ မိန်းကလေးမေးမြန်းပေးတာကို ပထမဦးဆုံးအနေနဲ့ ကျေးဇူးတင်ပါတယ်။ စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီးမှ ခုနက ညီမလေးမေးသွားတယ်။ KSPP ကတော့ လက်ရှိမှာတော့ ကျနော်တို့ ငှက်ပျော စိုက်ပျိုးရေး မလုပ်ပါဘူး။ ကျနော်တို့က လက်ရှိမှာ စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီးတော့ မူဝါဒတွေတော့ ရှိပါတယ်။ ငှက်ပျောနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် ငှက်ပျောပြဿနာက တော်တော်လေးကို အများကြီး ကိုင်တွယ်ဖြေရှင်းရမယ့် ပြဿနာဖြစ်ပါတယ်။ ဒီထဲမှာ အလုပ်အကိုင်ရနိုင်တဲ့ သူတွေလည်း အများကြီး ရှိသလို ဒီထဲကနေပြီး ဆိုးကျိုးတွေကို ခံစားနေရတဲ့သူတွေလည်း အများကြီး ရှိတယ်။ ကျနော်တို့ နားလည်တာကတော့ ငှက်ပျောခြံကြီးပဲ ဖြစ်လာတာကတော့ ပြဿနာရှိပါတယ်။ ရာသီဥတု ပြောင်းလဲတာ၊ တအားပူလာတာတွေကအစပေါ့နော်။ ဒါက ကျနော်တို့တတွေ သေသေချာချာ စီမံကိန်းချပြီးမှ ကိုင်တွယ် ဖြေရှင်းရမယ့် ပြဿနာတွေ ဖြစ်ပါတယ်။ ပြီးရင် ငှက်ပျောကနေပြီးတော့မှ ကျနော်တို့ပြည်သူတွေ တကယ်ရော အလုပ်အကိုင် ဘယ်လောက်အထိ ရရှိနေသလဲဆိုတာတွေကို ကျနော်တို့ တိတိကျကျ ဒေတာကောက်ခံနေပါတယ်။ ဒေတာကောက်ခံထားတာတွေလည်း ကျနော်တို့မှာ ရှိပါပြီ။ စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး အကောင်းဆုံးသော ဒေသခံတွေ အကျိုးရှိအောင် ကျနော်တို့ လုပ်သွားဖို့ အစီအစဉ် ရှိပါတယ်”လို့ ဖြေကြားသွားပါတယ်။ “နောက်ထပ် အမျိုးသမီးများနဲ့ ပတ်သက်ပြီးမှ မေးမြန်းတဲ့မေးခွန်းအပေါ်မှာ ပြန်ဖြေရရင် ကျနော်တို့ ပါတီမှာ ဥက္ကဋ္ဌ  ၅ ဦးရှိပါတယ်။ ဥက္ကဋ္ဌ ၅ ဦးမှာ ၂ ဦးက အမျိုးသမီးဖြစ်ပါတယ်။ လက်ရှိ အမျိုးသမီးဥက္ကဋ္ဌ ၂ ဦးစလုံးဟာ လာမယ့်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသမီးများလည်း ဖြစ်ပါတယ်။ မြစ်ကြီးနားမြို့နယ်က အမျိုးသားလွှတ်တော်မှာ ဆရာမဒေါ်ဒွဲဘူ၊ ဒုဥက္ကဋ္ဌ (၁) ကနေပြီးတော့မှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ ကျနော်တို့ နောင်မွန် ပြည်နယ်လွှတ်တော်မှာ ကျနော်တို့ရဲ့ ဒုဥက္ကဋ္ဌ (၄) ဖြစ်တဲ့ ဆရာမဒေါ်ဘောက်ဂျာကနေပြီးတော့မှ ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ အမျိုးသမီးများကို အထူး ဦးစားပေးတဲ့ မူအရ အမျိုးသမီးများ ပါဝင်မှုကို အမြဲတမ်း အလေးထားပါတယ်။ နောက်ထပ် လူငယ်ထဲကနေပြီး ပွဲထုတ်လာတဲ့ အထဲမှာလည်း အမျိုးသမီး နှစ်ဦးပါပါတယ်။ ကျနော်တို့က အမျိုးသမီးများရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီးမှ အမြဲတမ်း ဂရုစိုက်တယ်၊ နံဘေးကနေပြီး အကြံဉာဏ်ပေးမှုတွေကို အမြဲတမ်း ကျနော်တို့ လက်ခံတယ်၊ ဒီအပေါ်မှာ ဆွေးနွေးတယ်။ ဒါကြောင့်မို့ အမျိုးသမီးများ ကဏ္ဍဟာ ကချင်ပြည်နယ် ပြည်သူ့ပါတီရဲ့ မူဝါဒမှာ ထည့်သွင်းပေးပြီးမှ နေရာပေး ဦးစားပေးဖို့အတွက် ဆုံးဖြတ်ထားတဲ့ကဏ္ဍဖြစ်တယ်ဆိုတာကို ပြောကြားချင်ပါတယ်” လို့ပြောပါတယ်။ ဒီအစီအစဉ်မှာဆိုရင် ပါတီတွေကို မေးမြန်းတဲ့နေရာမှာ တိုက်ရိုက်မေးမြန်းတဲ့ လူငယ်တွေ ရှိသလို၊ ဗွီဒီယိုတွေနဲ့ ကြိုတင်ရယူထားတဲ့ မေးခွန်းတွေလည်း ရှိပါတယ်။ ဒါ့အပြင် နောက်ထပ်စာတွေနဲ့ ပေးပို့ပြီးမေးလာတဲ့ မေးခွန်းတွေလည်း ရှိပါတယ်။  ပထမဆုံး ပဆီခေါန်နူးက မေးထားတာမှာ ကချင်ပြည်နယ်က လူငယ်တစ်ယောက်အနေနဲ့ ပါတီတွေအများကြီးထဲမှာမှ မဲပေးမယ်ဆိုရင် လူငယ်တွေအတွက် ဘယ်လောက်အထိ အကျိုးသက်ရောက်မှု ရှိလာမလဲ။ ပြီးတော့ တခြားပါတီတွေထက် တမူထူးခြားတဲ့ အကြောင်းအရာ ဘာရှိမလဲဆိုပြီးတော့ မေးထားပါတယ်။ ဒီမေးခွန်းကို (ဒူးလေးပါတီ) ဒုဥက္ကဋ္ဌ  ဦးလီပေါရဲက  “ကျနော်တို့ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီထဲမှာ အခု လူကြီးတွေထက် လူငယ်တွေကို ပိုပြီးနေရာပေးလာတယ်။ အခု ကျနော်တို့ ၂၀၂၀ ရွေးကောက်ပွဲမှာလည်း လူငယ်တွေဟာ ၅၀ ရာခိုင်နှုန်းလောက်ရှိတယ်။ သူတို့ကို နေရာပေးထားပါတယ်။ လူငယ်တွေဟာ အနာဂတ်ရဲ့ ကြယ်ပွင့်တွေ ဖြစ်တယ်၊ ခေါင်းဆောင်ကြီးတွေ ဖြစ်လာမယ်။ ကျနော်တို့ သူတို့ကို အခုကတည်းက အပေါ်ကို တင်ပေးချင်ပါတယ်။ ဒါက ကျနော်တို့ပါတီရဲ့ ထူးခြားချက် ဖြစ်တယ်။ အဲဒီတော့ ကျနော်တို့ ပါတီအနေနဲ့တော့ ပါတီတစ်ခုလုံးမှာ လူငယ်ဟာ ကျနော်တို့ ဗဟိုကော်မတီထဲမှာပါသလို၊ မြို့နယ် အဆင့်ဆင့်သော နေရာတွေမှာလည်း လူငယ်ကဏ္ဍတွေ ဖွဲ့စည်းထားပါတယ်။ လူငယ်တွေရဲ့အားကို ရည်ရွယ်တဲ့ ပါတီဖြစ်တယ်ဆိုတဲ့ ကျနော်တို့ပါတီရဲ့ ထူးခြားချက်တစ်ခု ဖြစ်ပါတယ်”လို့ဖြေပါတယ်။ ဒါကတော့ ကချင်ပြည်နယ်အတွင်းထဲက First Time Voters လူငယ်တွေရဲ့ ရင်ဖွင့်စကားသံတွေပဲ ဖြစ်ပါတယ်။ ၁၉၄၇ ဖွဲ့စည်းပုံအရ ဗိုလ်ချုပ်အောင်ဆန်းက ကချင်ပြည်နယ်ရဲ့ မြို့တော်အဖြစ် သတ်မှတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၁၀ ရက်နေ့မှာ ကချင်ပြည်နယ်လို့ ခေါ်ဝေါ်သမုတ်ခဲ့တာကြောင့် အဲဒီနေ့ကို ကချင်ပြည်နယ်နေ့အဖြစ် သတ်မှတ်ခဲ့ကြတယ်။ အဲဒီနေ့မှာပဲ စီတာပူမနောကွင်းမှာ ပထမဆုံး သမ္မတဖြစ်တဲ့ စဝ်ရွှေသိုက်က ကချင်မနော အောင်ပွဲနေ့ကို စတင် ဖွင့်လှစ်ပေးခဲ့တယ်။ အဲဒီနေ့ရောက်တိုင်း ကချင်ရိုးရာ မနောပွဲကို နှစ်စဉ်ကျင်းပခဲ့ကြတာပေါ့။ ဒါ့အပြင် မြစ်ဆုံရဲ့ သဘာဝအလှတွေကြောင့်လည်း မြစ်ကြီးနားဟာ နာမည်ကျော်ကြားခဲ့ပါတယ်။ ပူတာအိုခရိုင်ဟာ တောင်ကုန်းတောင်တန်း၊ ချိုင့်ဝှမ်းတွေ၊ တောအုပ် မှိုင်းညို့ညို့တွေ ဝန်းရံနေတဲ့ ဒေသတစ်ခုပါ။ အမြင်အတွေးနဲ့တင် လွမ်းမောစရာ ဒေသတစ်ခုပါပဲ။ ရှေးကတော့ ရဝမ်ဒေသလို့လည်း ခေါ်ကြတယ်။ ရှမ်းတို့ ဦးစွာရောက်ရှိ အခြေချခဲ့ရာ ဒေသပေါ့။ ခန္တီးကြီးလို့လည်း ခေါ်ကြတယ်။ ရှမ်းလိုကတော့ ရွှေထွက်ရာဒေသပေါ့။ ပူတောင်းလို့လည်း ခေါ်တယ်။ ပူတောင်းကို အင်္ဂလိပ်တို့သိမ်းပြီး PUTAO လို့ ရေးရာကနေ ပူတာအို ဖြစ်လာခဲ့တာ။  အဲဒီမှာ ပထမဆုံး ခရိုင်ဝန် မစ္စတာဟတ်စ် အုပ်ချုပ်စဉ်က ဆောက်လုပ်ခဲ့တဲ့ ဖို့စ်ဟတ်စ် ခံတပ်လည်း ရှိတယ်။ နှင်းဖုံးတောင်လို့ခေါ်တဲ့ ဂန်လန်ရာဇီ၊ ဖုန်ကန်ရာဇီ၊ ဖန်ကလန်ရာဇီနဲ့ ခါကာဘိုရာဇီ တောင်တို့ဟာ ပူတာအိုခရိုင်မှာ တည်ရှိပါတယ်။ ခါကာဘိုရာဇီတောင်ကတော့ အရှေ့တောင်အာရှမှာ အမြင့်ဆုံးတောင် ဖြစ်သလို၊ တိဘက်-မြန်မာ နယ်စပ်မှာရှိပြီး ဟိမဝန္တာ တောင်တန်းနဲ့ ဆက်နေတာပေါ့။ ခါကာဘိုရာဇီတောင်ခြေမှာတော့ ရဝမ်၊ ယောယင်၊ လီရှော၊ လီဆူတို့အပြင် လူမျိုးသုဉ်းပျောက်ကွယ်လုနီးနီး ဖြစ်နေတဲ့၊ တစ်ဦးတည်းသာ ကျန်တဲ့ ထရုံ လူသားမျိုးနွယ်ကြောင့်လည်း ကမ္ဘာ့မနုဿပညာရှင်တို့အကြား ရင်သပ်ရှုမော၊ တအံ့တသြ ဖြစ်ခဲ့ရာ အထင်ကရနေရာတစ်ခု ဖြစ်ခဲ့ပါတယ်။ ဆောင်းပိုး၊ နွေမြက် ဆိုတဲ့အတိုင်း ဆောင်းရာသီ တစ်ရာသီလုံး ပိုးတုံးလုံးဘဝကနေ နွေမှာ နွယ်ပင်အဖြစ် ဘဝပြောင်းသွားတဲ့ ဆေးပိုးနွယ်ပင်လို့ ခေါ်တဲ့ ရှီးပုတီးတို့ ထွက်ရှိရာ ဒေသ။ စိုက်ပျိုးလို့မရ၊ မွေးမြူလို့လည်းမရ၊ အမြင့်ပေ တစ်သောင်းကျော်မှ တွေ့ရှိနိုင်တဲ့ ရှီးပုတီးဟာ ဈေးကွက်ဝင်ပစ္စည်း ဖြစ်ခဲ့ပါတယ်။ ကမ္ဘာမှာ ဘူတန်၊ တိဘက်၊ နိပေါ၊ တရုတ်နဲ့ ပူတာအို ဒေသမှာပဲ တွေ့နိုင်တာပါ။ တကယ်တော့ ကချင်ပြည်နယ်ဟာ အလွန်ထူးခြားပြီး ပဟေဠိဆန်တဲ့ သဘာဝဖြစ်ရပ်တွေနဲ့ ပြည့်နှက်နေတဲ့ ဒေသတစ်ခုပါ။ ဒုတိယကမ္ဘာစစ်အတွင်းမှာ လေယာဉ်တွေ တပ်ရင်းလိုက် ပျောက်ဆုံးရာ တရားခံဖြစ်ခဲ့တဲ့ ပြန်လမ်းမဲ့ရေကန်လို့ အမည်တွင်တဲ့ ပဟေဠိရေကန်ဟာလည်း အိန္ဒိယနဲ့မြန်မာ နယ်စပ်မှာ ရှိတယ်လို့ ဆိုကြပါတယ်။ ဒုတိယကမ္ဘာစစ်ရဲ့ အမွေဖြစ်တဲ့ လီဒိုလမ်းမကြီးဟာလည်း ရှင်ဘွေယံ၊ မိုးကောင်း၊ မြစ်ကြီးနား၊ ဗန်းမော်တို့ကို ဖြတ်ပြီး တရုတ်ပြည် ကူမင်းအထိ ရောက်တဲ့ လမ်းမကြီးပါ။ စတီးဝဲလ် လမ်းမကြီး၊ Burma Road လို့လည်း ခေါ်ကြပါတယ်။ အဲဒီလမ်းမကြီးကို ဖောက်လုပ်ခဲ့တဲ့ စစ်သားတွေကို အင်္ဂလန်နန်းရင်းဝန် ဝင်စတန်ချာချီက ဧရာမ သူရဲကောင်းကြီးတွေလို့ အမွှန်းတင်ခဲ့သလို၊ ဒီလမ်းမကြီးကို ဖောက်တော့ ရာသီဥတုက ဆိုးလွန်းတာကြောင့် အင်္ဂလိပ်စစ်သား ၁၀၀၀ ကျော် ငှက်ဖျားရောဂါနဲ့ သေဆုံးခဲ့ကြရတယ်။  တာဝန်ခံ လမ်းဖောက်တဲ့ ဗိုလ်ချုပ်ကြီးက အရာရှိတွေကို သီးခြားအထူးအခွင့်အရေးနဲ့ ကုသပေးဖို့ ဆရာဝန်ကြီးကို အမိန့်ပေးတော့ ဆရာဝန်ကြီးဒေါက်တာ ဝီလ်ဘာစထရစ်လန်းက နာကျင်မှုမှာ အခွင့်ထူးခံ မရှိဘူး၊ လူတိုင်း နာကျင်မှုကို တန်းတူခံစားတတ်တယ် ဆိုတဲ့ အဲဒီစကားတစ်ခွန်းကလည်း လီဒိုလမ်းမကြီးနဲ့အတူ ကမ္ဘာကျော်သွားခဲ့ပါတယ်။ ဒီကနေ့ ကချင်ပြည်နယ် Any Questions? အစီအစဉ်မှာ ပါဝင်ပြီးတော့မှ ကိုယ်တိုင်မေးခဲ့ကြတဲ့ လူငယ်တွေကိုရော၊ စာနဲ့ပေးပို့ပြီးတော့မှ၊ ဒါမှမဟုတ် ဗီဒီယိုနဲ့ ပေးပို့ပြီးတော့ မေးခွန်းတွေ မေးပေးကြတဲ့ လူငယ်တွေရော၊ လာပြီးတော့ ဖြေပေးကြတဲ့ ပါတီက တာဝန်ရှိတဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ Any Questions? အစီအစဉ်ဖြစ်မြောက်ရေးအတွက် ပံ့ပိုးကူညီပေးကြတဲ့သူ အားလုံးနဲ့အတူ ကြည့်ရှုအားပေးနေတဲ့ ဒီမိုကရက်တစ်မြန်မာ့အသံ ပရိသတ်တွေကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ ဒီအစီအစဉ်ကို အပိုင်းလေးပိုင်း ခွဲပြီးတော့ လာမယ့် သောကြာနဲ့ အင်္ဂါနေ့တွေမှာ DVB ရုပ်မြင်သံကြား အစီအစဉ်ကနေ အပတ်စဉ် ထုတ်လွှင့်ပေးသွားမှာ ဖြစ်ပါတယ်။ နေရီရီ/ နွယ်နီတင်မောင်
3 years Ago
Up