ကချင်ပြည်နယ်

December 1, 2022

ဖားကန့်တွင် စစ်ကောင်စီတပ်က အရပ်သားပြည်သူ ၆၀ ကျော်ကို အဓမ္မခိုင်းစေရန် ပေါ်တာဆွဲ

ကချင်ပြည်နယ်၊ ဖားကန့်လမ်း၊ ကွမ်ဆိုင်ကျေးရွာထိပ်က ဆုတောင်းကုန်းပေါ်မှာ နေရာယူထားတဲ့ စစ်ကောင်စီတပ်မ (၃) ခလရ(၄၂) တပ်ရင်းက အင်အား ၁၀၀ ကျော်နဲ့ နိုဝင်ဘာ ၃၀ ရက် ညနေပိုင်းက အရပ်သားပြည်သူတွေကို အဓမ္မခိုင်းစေဖို့ ပေါ်တာ ဆွဲသွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အဲဒီညနေပိုင်းမှာ လမ်းခရီးတလျှောက် တွေ့သမျှ အရပ်သားပြည်သူတွေအပြင် ဖားကန့် အတက်အဆင်း ကားသမားတွေအပါအဝင် အယောက် ၆၀ လောက်ကို ဖမ်းဆီးပြီး လမ်းပြနဲ့ အထမ်းပေါ်တာအဖြစ် ခိုင်းစေကာ ဖားကန့်မြို့က ဆင်းလာခဲ့ပြီး ဒီဇင်ဘာလ ၁ ရက်နေ့ မနက် ၅ နာရီလောက်က နန့်ယားကျေးရွာရှိ စစ်ကောင်စီစခန်းကို ရောက်ရှိလာခဲ့တယ်လို့ ဒေသခံတွေက သိရပါတယ်။

“ကားသမားတွေကိုတော့ ဒီမနက်ပိုင်း (ဒီဇင်ဘာ ၁ ရက်) မှာ ပြန်လွှတ်ပေးလိုက်ပြီလို့တော့ သိရတယ်။ တခြားအရပ်သားပြည်သူတွေကိုတော့ နန့်ယား စစ်ကောင်စီစခန်းထဲ ခေါ်ဖမ်းထားတယ်။ ဖားကန့်လမ်းမှာ စစ်တပ်က ပေါ်တာဆွဲနေတာ။ ပြီးရင် သူတို့ သွားချင်တဲ့နေရာကို သွားရင် လူသားတံတိုင်းလို ခေါ်သွားတာ။ နန့်ယားဂိတ်ကတော့ အရင်ကတည်းက အစစ်အဆေးကြမ်းတယ်။ အခုလည်း ဖားကန့်လမ်းက အစစ်အဆေးများတုန်းပဲ။”

ဖားကန့်မြို့နယ် ကားမိုင်းစစ်ကောင်စီတပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့စစ်တွေက ဒီဇင်ဘာလ ၁ ရက် မနက် ၆ နာရီခန့်ကစပြီး ကားမိုင်းမြို့အဝင် လိုင်နောင်တံတားမှာ ဖြတ်သန်းသွားလာနေတဲ့ ပြည်သူတွေကို စစ်ဆေး မေးမြန်းနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက်က ဖားကန့် အနန့်ပါကို လေယာဥ်နဲ့ ဗုံးကြဲပစ်ခတ်ခဲ့ပြီးနောက်ပိုင်း ဖားကန့်မြို့မှာ စစ်အင်အားတွေဖြည့်တင်းပြီး စစ်ရေးလှုပ်ရှားမှုတွေ တောက်လျှောက်ရှိနေသလို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ရေးတင်းမာနေတဲ့ အခြေအနေမှာ ရှိနေပါတယ်။

6 days Ago

November 24, 2022

ကာမိုင်းထွေအုပ်ရုံးအတွင်း လက်နက်ကြီးကျည်ကျ ပေါက်ကွဲပြီး ဝန်ထမ်း ၁ ဦး သေဆုံး

ကချင်ပြည်နယ်၊ ကာမိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ နိုဝင်ဘာ ၂၄ ရက် မနက်က လက်နက်ကြီးတလုံး ကျရောက်ပေါက်ကွဲခဲ့လို့ ဝန်ထမ်းတယောက် သေဆုံးပြီး နှစ်ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ထွေအုပ်ရုံးနဲ့ နီးစပ်သူတဦးက “နေ့လယ် ၁၂ နာရီမထိုးခင်ဖြစ်တာ။ ဘယ်ကပစ်လိုက်မှန်း မသိတဲ့ ၆၀ မမ လက်နက်ကြီးကျည် ကျလာတာ။ ဝန်ထမ်းအမျိုးသားတဦးသေပြီး အမျိုးသားတဦးနဲ့ အမျိုးသမီးတဦး ဒဏ်ရာရတယ်။ ဘယ်အဖွဲ့ကပစ်လဲတော့ တိတိကျကျ မသိရသေးဘူး” လို့ ပြောပါတယ်။

လက်နက်ကြီးကျည်ထိမှန်ပြီး ထွေအုပ်ရုံးရဲ့ ရုံးအဆောက်အဦမှန်နဲ့ မျက်နှာကြက်တွေ ပျက်စီးခဲ့ကာ ဒဏ်ရာရသွားတဲ့ အမျိုးသားဝန်ထမ်းကတော့ ဒဏ်ရာပြင်းထန်ပေမဲ့  အမျိုးသမီးဝန်ထမ်းရဲ့ ဒဏ်ရာကတော့ မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။

လက်နက်ကြီး ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က မြို့တွင်း လမ်းဆုံတွေနဲ့ မြို့ပြင် စစ်ဆေးရေးဂိတ်တွေမှာ လုံခြုံရေးအင်အား အများအပြားနဲ့ စစ်ဆေးရှာဖွေနေပါတယ်။

2 weeks Ago
More News
Up