ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း ဖားကန့်မြို့နယ်ကိုသွားတဲ့ ခရီးစဉ်အတွက် လုံခြုံရေးယူပေးတဲ့တပ်ဖွဲ့ ဗုံးပေါက်ကွဲမှုတခုဖြစ်ပွားပြီး ၁ ဦးသေ၊ ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့က ပြောပါတယ်။
နိုဝင်ဘာ ၂၅ ရက်နေ့က ၀န်ကြီးချုပ် လုံခြုံရေးယူပေးတဲ့ ခြေလျင်တပ်ရင်း ၁၀၂ က တပ်စိတ်တစိတ် လုံခြုံရေးဆောင်ရွက်စဉ် မတော်တဆ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တာလို့ ပြည်နယ်ရဲမှူး အောင်ဇော်ဝင်းက ဒီဗွီဘီကို ပြောပါတယ်။
“တပ်ကြပ်အောင်ဝင်းနဲ့ အဖွဲ့ဝင် တပ်စိတ်တစိတ်က လမ်းလုံခြုံရေးဆောင်ရွက်တာ။ အဲဒီမှာ အရပ်ကားတစီးလာတယ်ဗျာ။ အဲဒီကားကို လမ်းကြုံလိုက်စီးတာ။ ကားပေါ်တက်တဲ့ အချိန်မှာ တပ်သားမျိုးအောင်က သူက ရင်ဘတ်မှာ လက်ပစ်ဗုံးချိတ်ထားတာပေါ့။ ကားပေါ်တက်တဲ့အချိန် ကားက ကိုင်းနဲ့ငြိပြီးတော့ လက်ပစ်ဗုံးကကျပြီး ကွဲသွားတာ။ အဲဒီမှာ ၁ ယောက်သေတယ်။ ရဲဘော် ၄ ယောက်က ဒဏ်ရာရတာပေါ့။”
မနက် ၇ နာရီခွဲလောက်မှာ ကာမိုင်း-ဖားကန့်လမ်းပေါ်က နန်းယန်ကျေးရွာမှာ အခင်းဖြစ်ပွားခဲ့တာဖြစ်ပြီး တပ်သားမျိုးအောင် သေဆုံးသွားကာ ဒု-တပ်ကြပ် ၁ ယောက်နဲ့ တပ်သား ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့လည်း ရဲမှူး အောင်ဇော်ဝင်းက ပြောပါတယ်။
ဝန်ကြီးချုပ်ရဲ့ ကိုယ်ရေးအရာရှိကို မေးမြန်းရာမှာတော့ “ကျနော်တို့ ခရီးစဉ်လမ်းကြောင်းမှာတော့ မဖြစ်ဘူး။ ဖြစ်တာက နန့်ယန်းမှာလို့တော့ ကြားတယ်။ ကျနော်တို့ မပြန်ခင် မနက်မှာ ဖြစ်တယ်လို့ သိရတယ်။ ကျနော်သိသလောက်က ၃ ယောက် ဒဏ်ရာရတယ်။ တယောက်သေတယ်။ ဒါပေမယ့် ကျနော်တို့က အသွားအပြန်ကော ချောချောမွေ့မွေ့ပဲ။” လို့ ပြောပါတယ်။
ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းနဲ့အဖွဲ့ဟာ နိုဝင်ဘာ ၂၅ ရက်နေ့က ဖားကန့်မြို့နယ် မြေစာပုံပြိုကျတဲ့နေရာကို သွားရောက်စစ်ဆေးခဲ့ပြီး သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကို ငွေကြေးထောက်ပံ့လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။
ပြည်နယ်အစိုးရက သေဆုံးသူတဦးကို ကျပ် ၁ သိန်းနှုန်းနဲ့ ၁၁၄ သိန်း၊ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးက ၂ သိန်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက အမည်သိသေဆုံးသူ ၈၃ ဦးအတွက် ၈၃ သိန်း၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက အမည်သိသေဆုံးသူ ၈၃ ဦးအတွက် ၈၃ သိန်း၊ ဖားကန့်မြို့နယ်က ဆန် ၁၁၄ အိတ်နဲ့ ဆီ ၂၂၈ ပိဿာ ၊ သတ္တုတွင်းဝန်ကြီးဌာနနဲ့ ကျောက်မျက်လုပ်ငန်းရှင်များအသင်းက တဦးလျှင် ၃ သိန်းနှုန်းနဲ့ ၃၄၂ သိန်း ပေးခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။
7 years Ago