ကချင်ပြည်နယ်လွှတ်တော်

January 31, 2019

ကချင်ပြည်နယ်အစိုးရ ဝန်ကြီး ၃ ဦး အစားထိုးခန့်အပ်၊ ၁ ဦးကို ပြောင်းလဲတာဝန်ပေး

ကချင်ပြည်နယ်အစိုးရမှာ လစ်လပ်နေတဲ့ ဝန်ကြီးနေရာ သုံးနေရာအတွက် ဝန်ကြီးသစ် သုံးဦးကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ခန့်အပ် တာဝန်ပေးလိုက်ပြီး တခြားဝန်ကြီးတဦးကိုတော့  ဌာနပြောင်းလဲ တာဝန်ပေးအပ်လိုက်ပါတယ်။ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးကျော်ကျော်ဝင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးလဆိုင်းနဲ့ စည်ပင်သာယာရေး ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးနော်လီ (ခ) ဖခေါင်ခမ်းရယ်ကို အသစ်ခန့်အပ်လိုက်တာပါ။ ကချင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီးတာဝန်ယူထားတဲ့ ဦးနေဝင်းကိုတော့ လူမှုရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ပြောင်းလဲ တာဝန်ပေးလိုက်တယ်လို့ ဇန်နဝါရီ ၃၀ ရက် နေ့စွဲနဲ့ နိုင်ငံတော်သမ္မတရုံးက အမိန့်စာ ထုတ်ပြန်ထားပါတယ်။ ရာထူးတာဝန်တွေကနေ နုတ်ထွက်သွားလို့ လစ်လပ်နေတဲ့ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးနေရာ ၃ နေရာအတွက် အစားထိုးခန့်အပ်ဖို့ မနေ့က ကချင်ပြည်နယ် လွှတ်တော်အစည်းအဝေးမှာ အဲဒီဝန်ကြီးတွေရဲ့ အမည်စာရင်းကို တင်သွင်းကာ လွှတ်တော်နဲ့ သဘောတူညီချက် ရရှိပြီးနောက် သမ္မတက အတည်ပြု ခန့်အပ်လိုက်တာပါ။ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နဲ့ စက်မှုလက်မှု ဝန်ကြီးဌာနကို လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာနနဲ့ လျှပ်စစ်နဲ့ စက်မှုလက်မှု ဝန်ကြီးဌာနဆိုပြီး ဝန်ကြီးဌာန ၂ ခုအဖြစ် ပြင်ဆင်ဖွဲ့စည်းဖို့ သမ္မတက တင်ပြထားတာကိုတော့ ကချင်ပြည်နယ်လွှတ်တော်က သဘောမတူသေးပါဘူး။
3 years Ago

September 28, 2018

ဆွမ်ပရာဘွမ်မြို့နယ် ၂၄ နာရီ လျှပ်စစ်မီးလင်းရေး ကချင်ပြည်နယ်လွှတ်တော်၌ တိုက်တွန်း

ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်မှာ ၂၄ နာရီ လျှပ်စစ်မီးလင်းရေးအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ ရေအားလျှပ်စစ် ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ဖို့ အစိုးရကို တိုက်တွန်းကြောင်း ဆွမ်ပရာဘွမ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဂျေထုရော်က တင်သွင်းလိုက်ပါတယ်။ အဆိုတင်သွင်းတဲ့ ဒေါ်ဂျေထုရော်က “ခုလို အဆိုတင်သွင်းရတာဟာ ဆွမ်ပရာဘွမ်မြို့နယ်အတွက်တော့ ရေအားလျှပ်စစ်လုပ်ရင် တမြို့နယ်လုံးလည်း မီးရမယ်၊ နောက်ပြီးမှ ၂၄ နာရီ မီးရတော့ ကျောင်းသူကျောင်းသားတွေ၊ ပြည်သူတွေအတွက် များစွာ အကျိုးရှိမယ်၊ မီးမရှိတော့ အခက်အခဲကြုံရတာတွေ ရှိတယ်” လို့ ပြောပါတယ်။ ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို စက်တက်ဘာ ၂၈ ရက်နေ့က ကျင်းပရာမှာ ကြယ်ပွင့်ပြမေးခွန်း ၁၃ ခုနဲ့ အဆိုတွေကို ဆွေးနွေးခဲ့တာပါ။ ကြယ်ပွင့်ပြမေးခွန်းတွေထဲမှာတော့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနက မေးခွန်း ၃ ခု၊ လမ်းပန်းဆက်သွယ်ရေး လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီးဌာနက မေးခွန်း ၅ ခု၊ လူမှုရေးဝန်ကြီးဌာနက မေးခွန်း ၅ ခု ပါဝင်ပါတယ်။ ဒါ့အပြင် ဥပဒေကြမ်းအနေနဲ့ ကချင်ပြည်နယ်ရဲ့ ၂၀၁၈-၁၉ ဘဏ္ဍာနှစ် ဒေသန္တရ စီမံကိန်းဥပဒေကြမ်းကိုလည်း လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးနေကြပါတယ်။ ဒီကနေ့ကျင်းပတဲ့ ကချင်ပြည်နယ်လွှတ်တော် ပုံမှန်အစည်းအဝေးကို ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၄၆ ဦးနဲ့ လေ့လာသူ ၃၂ ဦး တက်ရောက်ခဲ့ကြပါတယ်။
3 years Ago
Up