ကချင်ပါတီ

A d v e r t i s e m e n t With Us

March 19, 2018

ကျောက်မျက်ဥပဒေကို ကချင်ပါတီများ ပူးပေါင်းကန့်ကွက် ဆန္ဒပြ

ပြီးခဲ့တဲ့နှစ်က ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုခဲ့တဲ့ ၂၀၁၇ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေကြမ်းဟာ ဒေသခံတိုင်းရင်းသားတွေအတွက် အကျိုးမရှိဘူးဆိုပြီး ကချင်ပါတီတွေက ကန့်ကွက်လိုက်ကြပါတယ်။ ကချင်အမျိုးသားကွန်ကရက်ပါတီ(ကေအန်စီ)၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ (ကေအက်စဒီပီ)နဲ့ ကချင်ဒီမိုကရက်တစ်ပါတီ (ကေဒီပီ)တို့ ပူးပေါင်းပြီး ဒီကနေ့  ဖားကန့်မြို့မှာ လှည့်လည်ဆန္ဒထုတ်ဖော်ကန့်ကွက်ခဲ့ကြတာပါ။ ဆန္ဒဖော်ထုတ်ရတာနဲ့ပတ်သက်ပြီး ကချင်အမျိုးသားကွန်ကရက်ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အမ်ကော်လက အဓိက အချက် ၅ ချက်ကို ထောက်ပြပြီးဆန္ဒထုတ်ဖော်ရတာဖြစ်တယ်လို့ ပြောပါတယ်။ “၂၀၁၇ မတ်လ ၁၃ ရက်က ဥပဒေထွက်ပြီးကတည်းက ကျနော်တို့ ကချင်အဖွဲ့တွေ ပြည်သူ့လွှတ်တော်ရော အမျိုးသားလွှတ်တော်ကို ဆွေးနွေးတင်ပြထားတာရှိတယ်။ အဲဒီမှာက အဓိကလုပ်ကွက်ကို ပြန်လည်ဖော်ထုတ်လာတယ်။ ဧက ၅၀ ၊ ၁၀ နှစ်ပေါ့နော်။ နံပါတ် ၂ က စက်ယန္တရားကန့်သတ်ချက် လုံးဝမပါဘူး။ နံပါတ် ၃ ကကျတော့ အချိန်ကန့်သတ်ချက်ပေါ့နော်။ အချိန်ကန့်သတ်ချက်ဆိုတာ နေ့ဆိုင်း ညဆိုင်း လုပ်နေတဲ့ဟာကို ၁၉၉၉ နအဖ လက်ထက်ကတည်းကနေပြီးတော့မှ ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေအရပဲ ဆက်လက်ကျင့်သုံးနေတယ်။ နံပါတ် ၄ ကကျတော့ လုပ်ကွက် အဆိုပြုလွှာမှာ တရားမျှတမှု ကင်းမဲ့နေတယ်။ ကင်းမဲ့နေတဲ့အခါ ကျတော့ ကျနော်တို့ ဒေသခံတိုင်းရင်းသားတွေက အဲဒီမှာ ဝင်ရောက်လုပ်ကိုင်ခွင့်မရှိဘူး။ နံပါတ် ၅ အချက်ကတော့ ဥပဒေအမြန်ပြဋ္ဌာန်းဖို့ အရေးကြီးတယ်။ ဥပဒေကို အချိန်စွဲလေလေ၊ ဥပေဒေမဲ့ ထုတ်လုပ်မှုက ပိုပြီးကြီးမားလေလေပဲ။ ကျောက်ကြောတွေက ကုန်တော့မယ်။ မကုန်ခင်မှာ ကျနော်တို့ရဲ့ သယံဇာတကို ထိန်းသိမ်းဖို့လိုတယ်။  အကျိုးအမြတ်က နိုင်ငံတော်ဆီမှာ ဝင်ဖို့လိုတယ်။ ကျနော်တို့ နိုင်ငံသား တိုင်းရင်းသားတွေ အကုန်ခံစားဖို့လိုတယ်။ အဲဒီအချက် ၅ ချက်ကို ကျနော်တို့ အဓိကထားပြီး ပြောတာဖြစ်တယ်။” သူတို့ဆန္ဒထုတ်ဖော်မှုမှာ အကြီးစား လုပ်ကွက်အလိုမရှိ၊ ကျောင်မျက်ဥပဒေသစ် အမြန်ပြဋ္ဌာန်းပေးရေး၊ စက်ယန္တရားတွေကန့်သက်ပေးရေး၊ ကျောက်မျက်ထုတ်လုပ်ရောင်းချမှုကို နိုင်ငံသားတိုင်းရင်းသားလက်ထဲရရှိရေး၊ တန်းတူအခွင့်အရေးရရှိရေး၊ ရေမဆေးလုပ်သားတွေ အန္တရာယ် ကင်းရှင်းရေးအစရှိတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြပါတယ်။ ဒီလို အလားတူဆန္ဒပြပွဲကို ပြီးခဲ့တဲ့လကလည်း မြစ်ကြီးနားမြို့မှာ ပြုလုပ်ခဲ့ကြပါတယ်။ ဓာတ်ပုံ - Zaw Win Maung
3 years Ago

November 19, 2015

မိုးညှင်းတိုက်ပွဲကြောင့် လူမျိုးရေးပဋိပက္ခဖြစ်မည်ကို ကချင်ပါတီ စိုးရိမ်

ကချင်ပြည်နယ် မိုးညှင်းမြို့အနီးမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့်  လူမျိုးရေးပဋိပက္ခဖြစ်မှာကို စိုးရိမ်တဲ့အကြောင်း ကချင်ပြည်နယ်ဒီမိုကရေစီပါတီက  သဘောထား ထုတ်ပြန်လိုက်ပါတယ်။ အကယ်၍ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေမယ်ဆိုပါက ကြား ပရောဂ အမျိုးမျိုးကြောင့် မိုးညှင်းဒေသမှာ နေထိုင်ကြတဲ့ ကချင်နဲ့ ရှမ်းလူမျိုးတွေအကြား လူမျိုးရေးပဋိပက္ခအသွင် ဆောင်သွားမှာကို စိုးရိမ်ပူပန်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒ့ါအပြင် ခုအချိန်ဟာ တိုင်းပြည်အတွက် အရေးကြီးတဲ့ အစိုးရအပြောင်းအလဲအချိန်၊ ငြိမ်းချမ်းရေး ဆွေးနွေးနေချိန် ဖြစ်တာကြောင့် တိုက်ပွဲတွေ အမြန်ဆုံးရပ်ဖို့နဲ့ အစိုးရဘက်က လက်ရှိ ဖမ်းဆီးထားတဲ့ အပြစ်မဲ့ပြည်သူတွေကို လူသားချင်း စာနာထောက်ထားသော အားဖြင့် အမြန်ဆုံးပြန်လွှတ်ပေးဖို့လည်း ကချင်ပါတီက တောင်းဆိုပါတယ်။ မိုးညှင်းမြို့ခံ ရှမ်းနီပါတီ ဥက္ကဋ္ဌ ဦးစိုင်းဌေးအောင်ကလည်း "ကျနော်တို့ဘက်ကလည်း စိုးရိမ်ပါတယ်။ အမှန်တော့ မိုးညှင်းမြို့နယ်ထဲမှာနေတဲ့ ပြည်သူတွေအချင်းချင်း အေးအတူပူအမျှ နေထိုင်ကြတာပဲ။ ဒါပေမယ့် တိုက်ပွဲတွေ ပိုပြင်းထန်လာရင် ကြားထဲက ပယောဂတွေ ၀င်ရောက်လာမှာ စိုးရိမ်ပါတယ်။ လွန်ခဲ့တဲ့ ၁၉၇၅ တုန်းက ဒီဒေသမှာ ပဋိပက္ခဖြစ်ခဲ့ဖူးတယ်။ ကေအိုင်အေက ဆက်ကြေးကောက်၊ လူသတ် အဲဒါတွေလုပ်တော့ မခံရပ်နိုင်တဲ့ ပြည်သူတွေက ကေအိုင်အေကို ဓားနဲ့ခုတ်တော့ ကချင်နဲ့ရှမ်းကြား အပြန်အလှန်ခုတ်ကြတာ။ ကချင်ပြည်နယ် ၀န်ကြီးချုပ်က လူတွေကို ရွှေ့ပြောင်းနေရာချပေးလိုက်လို့ ငြိမ်သွားတယ်။ အခုတော့ ပဋိပက္ခတွေမဖြစ်အောင် ကျနော်တို့လည်း အတတ်နိုင်ဆုံး လုပ်သွားမှာပါ" လို့ ပြောပါတယ်။ ကချင်ပြည်နယ် မိုးညှင်းမြို့အနီးမှာ အစိုးရတပ်တွေနဲ့ ကေအိုင်အေ ကချင်လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေအကြား နိုဝင်ဘာ ၁၄ ရက်နေ့လောက်ကတည်းက တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတာပါ။ ဒီကနေ့ နိုဝင်ဘာ ၁၉ ရက်နေ့ မနက် ၉ နာရီကနေ မွန်းလွဲ ၂ နာရီလောက်အထိ မိုးညှင်းမြို့ အရှေ့တောင်ဘက် တောင်တန်းပေါ်ကနေ လက်နက်ကြီး ပစ်ခတ်သံတွေ ကြားနေရကာ မီးခိုးတွေ ထွက်နေတာကို မြင်တွေ့နေရသေးတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ မိုးညှင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်ကတော့ မိုးညှင်းမြို့အနီးမှာဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် မြို့ပေါ်မှာ လုံခြုံရေးအတွက် ပြည်သူတွေ စိုးရိမ်မှုမရှိအောင် ရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေး တာဝန်ရှိသူတွေက လုံခြုံရေး ဆောင်ရွက်နေတယ်လို့  ပြောပါတယ်။ ဒါ့အပြင် မြို့တွင်းရှိ ကျောင်းတချို့မှာ ကျောင်းတက်နေတဲ့ ကလေးတွေကို မိဘတွေက စိုးရိမ်တဲ့အတွက် မနက်ပိုင်းမှာ ကျောင်းမတက်ခိုင်းဘဲ လာရောက်ကြိုသွားကြတယ်လို့ မိုးညှင်း အထက ၁ ကျောင်းအုပ်ကြီးက ပြောပါတယ်။
5 years Ago
Up