ကချင်စစ်ဘေးရှောင်များအိမ်ပြန်ရန် ဘေးကင်းလုံခြုံမှုအာမခံချက်မရှိသေး

A d v e r t i s e m e n t With Us

June 12, 2019

ကချင်စစ်ဘေးရှောင်များအိမ်ပြန်ရန် ဘေးကင်းလုံခြုံမှုအာမခံချက်မရှိသေး (JSTအဖွဲ့အတွင်းရေးမှူး ဦးဂွမ်ရှာအောင်နှင့် မေးမြန်းချက်)

တပ်မတော်နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/ KIA) တို့အကြားတိုက်ပွဲတွေ တကျော့ပြန်ဖြစ်ပွားတာ ဇွန်လ ၉ ရက်နေ့က ၈ နှစ်တင်းတင်း ပြည့်ခဲ့ပြီဖြစ်ပါတယ်။  ပြီးခဲ့တဲ့ ၈ နှစ်တာကာလအတွင်း အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအ၀င်စစ်ပြေးဒုက္ခသည်တွေဟာ ခုချိန်ထိ နေရပ်မပြန်နိုင်သေးသလို အခက်အခဲပေါင်းများစွာနဲ့ ရင်ဆိုင်နေရပါတယ်။ စစ်ပြေးဒုက္ခသည်တွေရဲ့ လက်ရှိ အခြေအနေတွေနဲ့ပတ်သက်ပြီး ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လူသားချင်း စာနာထောက် ထားမှု အကူညီပေးနေတဲ့ အဖွဲ့ ၁၀ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ပူးပေါင်းလုပ်ငန်းစဉ်အဖွဲ (JST) အဖွဲ့ရဲ့ အတွင်းရေးမှူး ဦးဂွမ်ရှာအောင်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။ မေးမြန်းချက် အပြည့်အစုံ …... မေး။ ကေအိုင်အိုနဲ့ တပ်မတော်အကြား တကျော့ပြန်စစ်ပွဲက ၈ နှစ်ပြည့်သွားပြီဖြစ်တယ်။ အခု နောက်ဆုံး ဒေသတွင်းမှာ တိုက်ပွဲအခြေအနေက ဘယ်လိုတွေ ရှိနေသေးလဲ။ ဖြေ။ “လတ်တလော ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လွန်ခဲ့တဲ့ လေးငါးလ ကြား မှာတော့ တော်တော်လေး အထူးသဖြင့်တော့ ကချင်ပြည်ဘက်မှာ ပြန်ပြီးတော့ ငြိမ်နေတယ်လို့ ပြောလို့ရပါတယ်။ ရှမ်းပြည်နယ် မြောက်ပိုင်းမှာကတော့ လွန်ခဲ့တဲ့ နွေရာသီ တောက်လျှောက်မှာ လည်း တိုက်ပွဲတွေ ဆက်ပြီးမှ ဖြစ်ပွားခဲ့တာပေါ့နော်။ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ကျတော့ တိုင်းရင်းသားလက်နက်ကိုင်နဲ့ အစိုးရကြားမှာ ဖြစ်သလို တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း ကြားမှာလည်း ဖြစ်တာဖြစ်တယ်။ တဘက်မှာကလည်း တပ်မတော်အနေနဲ့ သူတို့ အပစ်အခတ် ရပ်စဲရေးကြေညာထားတဲ့ကိစ္စက ဇွန်လကုန်အထိဆက်ပြီး တိုးမြင့်ထားတဲ့ အပိုင်းမှာရှိတော့ လတ်တလော အနေနဲ့ကျတော့ တိုက်ပွဲဖြစ်တဲ့အနေအထားကျတော့ နည်းနည်းပါးတယ်လို့ ပြောလို့ရပါတယ်။” မေး။ လွန်ခဲ့တဲ့ ၈ နှစ်က ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ပြေးဒုက္ခသည်တွေအနေနဲ့ကော အခု တိုက်ပွဲတွေနည်းပါးသွားပြီးဆိုတော့ သူတို့ရဲ့ နေရပ်မှာရှိတဲ့ အိမ်ကို ပြန်လို့ရပြီလား။ ဖြေ။ “အဲဒီဟာကတော့ ကိုယ့်ရဲ့ရပ်ရွာကို ပြန်လိုတဲ့ဆန္ဒကျတော့ အခုချိန်မှာက စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့ အပြင်းပြဆုံးဆန္ဒဖြစ်ပါတယ်။ ဒါပေမယ့် တဖက်မှာကျတော့ သူတို့အနေနဲ့ အဲလိုပြန်နိုင်ဖို့ကလည်း အခြေအနေမပေးနေသေးဘူး။ အခုနက ပြောသလို တဖက်မှာတိုက်ပွဲက ငြိမ်သွားတာ။ ဒါပေမယ့် တကယ့်တကယ် ကိုယ့်ရဲ့ရပ်ရွာတွေဟာ ပဋိပက္ခ ဖြစ်ပွားခဲ့တဲ့ဒေသဖြစ်တဲ့အားလျှော်စွာ သူတို့အတွက် ဘေးကင်းလုံခြုံမှုအတွက် အာမခံချက် မရှိသေးဘူး။ တဖက်မှာကျတော့လည်း ဒီမြေမြုပ်မိုင်းကအစ အဲဒါတွေလည်း ရှိနေတော့ အိုင်ဒီပီတွေ အနေနဲ့ဆိုရင် ကိုယ်ဖြစ်ချင်တဲ့ဆန္ဒက အခုထိ ပြည့်မီမလာသေးဘူး။ စစ်ပွဲကြာ လာတာနဲ့အမျှ ခက်ခဲကြပ်တည်းတဲ့ဟာက အစွန့်ဆုံးရောက်လာတာပေါ့။” မေး။ အဓိကအားဖြင့် စစ်ပြေးဒုက္ခသည်တွေအတွက် ဘယ်လိုအခက်အခဲတွေဖြစ်တာလဲ။ ဖြေ။ “အထူးသဖြင့်တော့ ဒီကာလကြာလာတဲ့အချိန်မှာ သူတို့ကို ကူညီပေးနေတဲ့ အကူအညီ တွေကလည်း လျော့ကျလာတယ်။ အဲလိုလျော့ကျလာတော့ သူတို့ အိုင်ဒီပီစခန်းတွေမှာ ဒီရရှိတဲ့ ရန်ပုံငွေတွေနဲ့ပဲ ဆက်ပြီးမှ နေဖို့လည်းခက်ခဲတယ်။ တဖက်မှာကျတော့ အထူးသဖြင့် ပညာရေးပိုင်းမှာလည်း တော်တော်လေး ထိခိုက်လာတယ်။ ကလေးတွေဆိုရင် ကျောင်းထွက်တဲ့ ဦးရေက များလာတယ်။ ကျောင်းစာမလိုက်နိုင်တာအပြင် တဖက်မှာ ငွေကြေးမတတ်နိုင်တော့ မိဘအနေနဲ့ ကျောင်းမထားနိုင်တာလည်း ပိုများလာတယ်။ ပြီးရင် အိုင်ဒီပီစခန်းတွေက ၈ နှစ်ထဲကို ၀င်ပြီဆိုတော့ စခန်းတော်တော်များများ သူတို့နေတဲ့အဆောက်အဦက ဆောက်လုပ်ထား တာကလည်း တော်တော်ကြာပြီ တော်တော်များများက ပြုပြင်ရတော့မယ်၊ အသစ်ပြန်ဆောက်ရ မယ့် အနေအထားရှိပေမယ့် အခုထိ ပြန်ဆောက်ဖို့ကတော့ အဆင်မပြေဘူးဖြစ်လာတယ်။” “အထူးသဖြင့် ဒီဒဏ်တွေကို ပိုပြီးမှ ခါးစည်းခံရတာကတော့ အမျိုးသမီးတွေဖြစ်တယ်ပေါ့။ ကျနော်တို့ ကောက်ယူထားတဲ့ စစ်တမ်းတွေအရဆိုရင် အိုင်ဒီပီမှာ စိတ်ဒဏ်ရာရတဲ့ အနေအထားကလည်း အဆိုးဆုံးအနေအထားထဲမှာ ရှိနေတာဖြစ်တယ်။ တဖက်မှာလည်း ကာလကြာလာတာနဲ့အမျှ သူတို့အချင်းချင်းကြားထဲမှာ လူမှုရေးနဲ့သက်ဆိုင်တဲ့ ပြဿနာတွေ ကလည်း တိုးပြီးမှ ဖြစ်လာတာပေါ့နော်။ သူတို့အတွက် စခန်းမှာ ဆက်နေဖို့ တော်တော်လေးကို ခက်ခဲလာတဲ့အနေအထားတခုဖြစ်နေတယ်။ ဒါက သူတို့ကို တွန်းအားတခုဖြစ်လာတယ်။” “တခြားတဖက်မှာကျတော့ သူတို့စွန့်ခွာခဲ့တဲ့ နေရပ်မြေ ဥပမာ ကချင်ပြည်နယ်မှာ အခု ငှက်ပျောစိုက်ခင်းကအစ အဲဒါတွေတိုးချဲ့ပြီးတော့ လုပ်လာတော့ သူတို့ နဂိုမူလ ပိုင်ဆိုင်ထားတဲ့ မြေယာတွေကို လက်လွတ်ဆုံးရှုံးရမယ့် အနေအထားမျိုးဖြစ်လာတယ်။ ပိုဆိုးတာက မနှစ်တုန်းက အစိုးရအနေနဲ့ ချမှတ်ခဲ့တဲ့ မြေလွတ်မြေရိုင်း  ဥပဒေအရဆိုရင် ဒီအိုင်ဒီပီအများစု သူတို့ပိုင်ဆိုင်တဲ့ မြေတွေဟာ တရားဝင်အနေနဲ့ လက်လွှတ်ဆုံးရှုံးရမယ့်အနေအထားမျိုးဖြစ်လာတယ်။” မေး- အခုန ပြောသွားတဲ့အထဲမှာ ကျောင်းထွက်တဲ့နှုန်းက ပိုပြီးတော့များလာတယ်လို့ ပြောသွားတယ်ဆိုတော့ အဲဒီကျောင်းထွက်တဲ့နှုန်းက ဘယ်လို အရွယ်တွေက အထွက်တာများတာလဲ၊ ဘာကြောင့်လဲ။ “ကျနော်တို့ လွန်ခဲ့တဲ့ ဒီဇင်ဘာလက ကောက်ယူတဲ့စစ်တမ်းအရဆိုရင် ကလေးတွေဟာ မူလတန်းအရွယ်တော့ တော်တော်များများ သူတို့ကျောင်းမှာ ဆက်နေဖြစ် သေးတယ်ပေါ့နော်။ အလယ်တန်းရောက်လာတာနဲ့ အတန်းကြီးလာလေ ကျောင်းထွက်တဲ့ အချိုးအစား ရာခိုင်းနှုန်းက ပိုပြီးမှ များလာတယ်။ အဲဒီဟာရဲ့အကြောင်းအရင်းကလည်း တဖက်မှာ မိဘအနေနဲ့ မတတ်နိုင်ဘူး။ မတတ်နိုင်တော့ ကျူရှင်ကအစ မထားနိုင်ဘူး။ တဖက်မှကျတော့ မိဘကိုပြန်ကူရမယ့် အနေအထားမျိုးဖြစ်လာတော့ကျောင်းထွက်ပြီး အလုပ်လုပ်ရတဲ့ အနေအထားမျိုးက များလာတယ်။ တဖက်မှာကျတော့ အတန်းကြီးလာတော့ ကလေးတွေ ကိုယ်တိုင်ကျောင်းစာမလိုက်နိုင်ဘူး။ ကျူရှင်တို့ဘာတို့လည်းတက်လို့မရဘူးဆိုတော့ အဲဒီ အနေအထားမျိုးဖြစ်လာတော့ သူတို့ကလည်း ကျောင်းစာမလိုက်နိုင်တော့ ကျောင်းဆက်တက်ဖို့ ဆန္ဒမရှိကြဘူး။ အဲလိုအနေအထားမျိုး အကြောင်းအရာတွေက အရမ်းစုံလာတဲ့အနေအထားမျိုးမှာ ကျောင်းထွက်တဲ့နှုန်းက ပိုပိုပြီးမှ များလာတာဖြစ်ပါတယ်။ ” မေး- လွှတ်တော်ကနေ အတည်ပြုပြဋ္ဌာန်းလိုက်တဲ့ မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေက အခုန ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကချင်စစ်ပြေးဒုက္ခသည်တွေကို ဘယ်လိုမျိုး ထိခိုက်စေတာလဲ။ “တဖက်မှာ အိုင်ဒီပီစခန်းမှာနေဖို့ ခက်နေသလို တဖက်မှာ သူတို့စွန်ခဲ့ရတဲ့ သူတိုရဲ့ နဂိုမူလ ကျေးရွာမြေတွေနဲ့ပတ်သက်ရင်လည်း သူတို့က စိုးရိမ်မှု အကြီးအကျယ်ရှိတယ်။ အထူးသဖြင့် အခု ကချင်ပြည်မှာဆိုရင် ငှက်ပျောစိုက်ခင်းတွေက တော်တော်လေး တိုးချဲ့ပြီးတော့ စိုက်ပျိုးလာ တယ်။ ဒီလိုစိုက်ပျိုးတဲ့နေရာအများစုဟာ နဂိုမူလအိုင်ဒီပီတွေ စွန့်ခွာခဲ့ရတဲ့ ရပ်ရွာတွေဖြစ်တယ်။ တဖက်မှာကျတော့လည်း အစိုးရအနေနဲ့ လွန်ခဲ့တဲ့နှစ်တုန်းက အတည်ပြုခဲ့တဲ့ မြေလွတ် မြေလပ် မြေရိုင်း ဥပဒေအရဆိုရင် ဒီအပေါ်မှာ အိုင်ဒီပီတွေအနေနဲ့ တော်တော်လေးကို စိုးရိမ်တယ်။ ဒီဥပဒေတွေကြောင့် သူတို့ ပိုင်ဆိုင်ခဲ့တဲ့မြေတွေအားလုံးဟာ တရားဝင်လက်လွတ် ဆုံးရှုံးရမယ့် အနေအထားမျိုးဖြစ်လာတယ်။ ဆိုတော့ ဒါတွေအားလုံခြုံပြီးကြည့်လိုက်လို့ရှိရင် အိုင်ဒီပီတွေ အနေနဲ့ တဖက်မှာ စခန်းမှာတော်တော်လေး ကြပ်တည်းလာတယ်။ တဖက်မှာ သူတို့ နဂိုမူလ ပိုင်ခဲ့တဲ့ ပိုင်ဆိုင်မှုတွေကို ပြန်ကြည့်မယ်ဆိုရင် လက်လွတ်ဆုံးရှုံးရမယ့်အနေအထားမျိုးဆိုတော့ ဒီကြားထဲမှာ အိုင်ဒီပီတွေက တော်တော်လေး အကြပ်အတည်းကြီးလာတာဖြစ်တယ်။ စုပ်လည်း ဆူး၊ စားလည်းရူးဘ၀ ရောက်လာတာပေါ့နော်။ ဒါကြောင့် ဒီအနေအထားမျိုးမှာ တချို့အိုင်ဒီပီတွေ ကျတော့ ကိုယ့်ရပ်ကိုယ့်ရွာကို ပြန်ဖို့ကြိုးပမ်းလာတဲ့ အနေအထားမျိုးရှိတယ်။ ဒါပေမယ့် ကျနော် ပြောသလို ကိုယ့်ရပ်ကိုယ့်ရွာ ပြန်သော်လည်း ဟိုဘက်မှာသူတို့အတွက် ဘေးကင်း လုံခြုံမှုက ဘာမှလည်းမရှိသေးတော့ ဒါကိုယ်က ကြီးမားတဲ့ စိန်ခေါ်မှု ပြန်ဖြစ်နေပါတယ်။” မေး။ ဆိုတော့ ဒီလိုအနေအထားမှာ စစ်ရှောင်ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ဖို့  နှစ်ဖက်အဖွဲ့အစည်းတွေကို ဘယ်လိုတောင်းဆိုချင်လဲ။ “ကျနော်တို့အနေနဲ့ အဓိက ပြောလိုတာက ဒီလိုဒုက္ခသည်တွေဖြစ်လာတာက အဓိက ပဋိပက္ခပေါ့။ စစ်ကြောင့်ဖြစ်လာတဲ့ဖြစ်တဲ့အတွက်ကြောင့် အခု တနိုင်ငံလုံးအတိုင်းအတာနဲ့ ကချင်ရယ်၊ ရှမ်းရယ်မဟုတ်ဘဲ၊ ရခိုင်တို့အပါအ၀င် တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ပွဲတွေ အမြန်ရပ်ဖို့လိုပါတယ်။ ဒုတိယကျတော့ ဒီအိုင်ဒီပီတွေအနေနဲ့ ကိုယ့်နေရပ်ကို ဘေးကင်းလုံခြုံစွာနဲ့ ဂုဏ်သိက္ခာရှိစွာပြန်နိုင်ဖို့ဆိုရင် အစိုးရကော၊ တပ်မတော်ကော၊ တိုင်းရင်းသား လက်နက်ကိုင် တွေကပါ ဒါကို အလေးထားပြီးကြိုးပမ်းပေးဖို့လိုတယ်။ တချို့ကိစ္စကို နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာဖို့ လိုသလို အဲဒီနိုင်ငံရေး နည်းလမ်းမှာ အိုင်ဒီပီအနေနဲ့အမြန်ဆုံး ကိုယ့်ရဲ့ရပ်ရွာကို ပြန်နိုင်ဖို့ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ အိုးအိမ်မြေယာပိုင်ဆိုင်မှုတွေကလည်း နဂိုမူလအတိုင်း ပြန်လည်ခံစားအောင် အိုင်ဒီပီတွေရဲ့ ရပိုင်ခွင့်ကို ပေးထားစေချင်ပါတယ်။ ”
2 years Ago
Up