ကချင်စစ်ဘေးရှောင်များကို အစိုးရက ထောက်ပံ့ငွေနှင့် စားနပ်ရိက္ခာအကူအညီပေးအပ်

June 27, 2018

ကချင်စစ်ဘေးရှောင်များကို ကူညီရန် လူ့အခွင့်အရေးကော်မရှင် အစိုးရကို တိုက်တွန်း

ကချင်ပြည်နယ်ရှိ တိုက်ပွဲရှောင် ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေထိုင်နေကြတဲ့ ပြည်သူ တွေဟာ အခက်အခဲတွေနဲ့ ကြုံတွေ့နေရလို့ နိုင်ငံတော်အစိုးရက ထိုက်သင့်တဲ့ ထောက်ပံ့ကူညီ မှုတွေလုပ်ပေးဖို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က တိုက်တွန်းလိုက်ပါတယ်။ လူ့အခွင့်အရေးကော်မရှင်ရဲ့ လေ့လာရေးအဖွဲ့ဟာ ဇွန် ၂၁ရက်နဲ့ ၂၂ရက်တွေက ကချင်ပြည်နယ် မိုးကောင်းမြို့နယ်နဲ့ မြစ်ကြီးနားမြို့နယ်တွေမှာရှိတဲ့ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတွေကို သွားရောက် ကြည့်ရှုလေ့လာပြီးနောက် မနေ့က ထုတ်ပြန် တိုက်တွန်း လိုက်တာပါ။ စစ်ဘေးရှောင်တွေဟာ သူတို့ကျေးရွာအနီး လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲတာနဲ့ တိုက်ပွဲဖြစ်ပွားမှာကို စိုးရိမ်ပြီး ထွက်ပြေးလာခဲ့တာဖြစ်တယ်၊ လမ်းတလျှောက်မှာ ရိက္ခာနဲ့ရေ ခက်ခဲတာ၊ ဖျားနာဝမ်းလျှောတာတွေအတွက် ဆေးဝါးမရှိ၊ အမိုးအကာမရှိ၊၊ သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်တွေ အာဟာရပြတ်ခဲ့ကြသလို ကိုယ်ဝန်ဆောင်မိခင်တချို့တောတွင်းမှာ မီးဖွားရတာနဲ့ မွေးကင်းစကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေဟာ ရာသီဥတုဆိုဝါးမှုကြောင့်သေ ဆုံးခဲ့ရတာတွေရှိခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိခိုလှုံနေတဲ့ ဒုက္ခသည်စခန်းတွေမှာရှိတဲ့ ယာယီတဲတွေဟာ လူဦးရေနဲ့ မမျှတတဲ့အပြင် မိသားစုတခုနဲ့ တစုအကြား အကာအရံလုံးဝမရှိလို့ ရေရှည်မှာ မလိုလားအပ်တဲ့ လူမှုရေးပြဿနာတွေ၊  ကူးစက်ရောဂါတွေ ဖြစ်ပေါ်နိုင်တယ်၊ သန့်ရှင်းတဲ့ သောက်ရေသန့်နဲ့ ချိုးရေမသန့်ရှင်းတာ၊ မီးဖိုနဲ့ အိပ်ဆောင်တွေ အလွန်နီးကပ်နေလို့ မီးဘေးအန္တရာယ် စိုးရိမ်ရတာ၊ အိမ်သာနဲ့ လူဦးရေ လုံလောက်မျှတမှု မရှိတာ၊ မိုးသည်းထန်ချိန် အိပ်ဆောင်ကြမ်းပြင်တွေ ရေမြုပ်တာ၊  ဟင်းလျာအတွက် ရန်ပုံငွေလို အပ်တာတွေရှိနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သားသမီးတွေ ကျောင်းထားဖို့ တာဝန်ရှိသူတွေက စီစဉ်ပေးထားပေမယ့် တိုက်ပွဲရှောင်ကျေးရွာသားတွေဟာ ငွေမရှိလို့ အခြားလိုအပ်ချက်တွေ မဖြည့်ဆည်းနိုင်တာ။ မိဘတွေ ၀င်ငွေလုံးဝမရှိတော့လို့ အထက်တန်းကျောင်းသားတွေ ပညာရေး အခက်အခဲနဲ့ ကြုံတွေ့နေရတာ။ လက်ရှိမိုးရာသီစားသုံးဖို့ ရွာမှာ စုဆောင်းထားတဲ့ အရန်ဆန်နဲ့ စပါးတွေ ပျက်စီးဆုံးရှုံးသွားလို့ စားဝတ်နေရေး အခက်အခဲကြုံတွေ့နေရတယ်လို့လည်း ဆိုပါတယ်။ ဒါကြောင့် အမျိုးသားလူ့အခွင့်အရေးကော်မရှင်က “တိုက်ပွဲရှောင်တိုင်းရင်းသား ပြည်သူတွေ လတ်တလော ကြုံတွေ့နေရတဲ့ အခက်အခဲတွေ ကို ဖြေရှင်းနိုင်ရေးအတွက် နိုင်ငံတော်အစိုးရက ထိုက်သင့်သည့် ထောက်ပံ့ကူညီမှုတွေ ထိရောက်စွာဖြည့်ဆည်းပေးသင့်တဲ့ အပြင်ပြည်တွင်းပြည်ပစေတနာရှင်တွေထံက လူသားချင်း စာနာမှုဆိုင်ရာထောက်ပံ့ကူညီမှုတွေ သူတို့ထံရောက်ရှိရေးအတွက် လိုအပ်သလို စီစဉ် ဆောင်ရွက်ပေးသင့်တယ်”လို့ အကြံပြု တိုက်တွန်းထားပါတယ်။ လက်ရှိမှာ တိုက်ပွဲတွေ ရပ်တန့်သွားပြီဖြစ်ပေမယ့် တိုက်ပွဲရှောင်ပြည်သူတွေ အနေနဲ့ သူတို့ရဲ့ ကျေးရွာကို မပြန်ရဲကြသေးဘဲရှိနေလို့  သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်အစိုးရတာဝန်ရှိသူနဲ့ တပ်မတော်တာဝန်ရှိသူတွေအနေနဲ့ အဆိုပါကျေးရွာတွေကို သွားရောက်ပြီး စိတ်ချမှုရှိစေရေး၊ တောင်ယာစိုက်ပျိုးရေးနဲ့ ဒေသတွင်းသွားလာနေထိုင်ရေးတို့ကို စီစဉ်ဆောင်ရွက်ပေးသင့်တယ်လို့လည်း ကော်မရှင်က  အကြံပြုထားပါတယ်။ တနိုင်းမြို့မှာ ကေဘီစီ၊ အာစီ၊ အေဂျီနဲ့ ခရစ်ယာန်ဘုရားကျောင်း (စီအိုစီ)ဆိုပြီး စခန်း ၄ ခုရှိပြီး  အိမ်ထောင်စုပေါင်း၃၃၃ စု၊ လူဦးရေ ၁၃၁၇ ဦးခိုလှုံနေကြတာဖြစ်ပါတယ်။ ဒါပေမယ့်တိုက်ပွဲရှောင်စခန်းအဖြစ် တရားဝင် အသိအမှတ်ပြုခြင်းမခံရလို့ နိုင်ငံတော်က ပေးတဲ့ အထောက်အပံ့တွေ မရရှိတဲ့အပြင် စေတနာရှင် အလှူရှင်တွေထံက လှူဒါန်းမှုနဲ့ လူသား ချင်းစာနာထောက်ထားမှု အကူအညီတွေလည်း မရရှိဘဲဖြစ်နေတာပါ။ ကချင်ပြည်နယ် အတွင်းဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လူပေါင်း ၁ သိန်းကျော် အိုးအိမ်စွန်းခွာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။  
3 years Ago

May 7, 2018

ကချင်စစ်ဘေးရှောင်များကို အစိုးရက ထောက်ပံ့ငွေနှင့် စားနပ်ရိက္ခာအကူအညီပေးအပ်

  ကချင်ပြည်နယ်အတွင်း တပ်မတော်နဲ့ ကေအိုင်အေတို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ စစ်ဘေးရှောင်လာတဲ့ ပြည်သူတွေကို ထောက်ပံ့ကြေးနဲ့ စားနပ်ရိက္ခာတွေ အစိုးရက ပေးအပ်နေပါတယ်။ ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့ရှိ လမ်းခွကျေးရွာ လယ်ဘရော့ခရစ်ယာန် နှစ်ခြင်း ဘုရားကျောင်းမှာ ယာယီဖွင့်လှစ်ထားတဲ့ တိုက်ပွဲရှောင်စခန်းကိုရောက်ရှိလာတဲ့ နေရပ်စွန့်ခွာလာသူတွေကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကိုယ်တိုင် သွားရောက် ပေးအပ်ခဲ့တာလို့ လူကယ်ပြန်ဌာနက ထုတ်ပြန်ပါတယ်။ လန်ဘရော့ယန်၊ စိန့်ဒေါမနစ်၊ ဧမာနွေလဘုရားကျောင်းတွေရှိ တိုက်ပွဲရှောင်စခန်းတွက ငါးနှစ်အောက်ကလေးငယ်တွေအတွက်  ထောက်ပံ့ငွေကျပ် ၅၇ သိန်းခွဲ ကိုယ်ဝန်ဆောင် မိခင်တွေ အတွက်ကျပ် ၁၃ သိန်း၊ မသန်စွမ်းသူတွေအတွက် ကျပ် ၁၇ သိန်း၊ အမျိုးသမီး အိမ်ထောင်ဦးစီး မိသားစုတွေအတွက်ကျပ် ၂၀ သိန်းနဲ့ ဆန်၊ဆီ၊ဆား၊ ပဲရိက္ခာတစ်လစာတို့ကို ထောက်ပံ့ပေးအပ်ခဲ့ တယ်လို့ဆိုပါတယ်။ စိန့်ပေါလုဘုရားကျောင်းမှာတော့ အသက်ငါးနှစ်အောက် ကလေးသူများငယ်တွေအတွက် ထောက်ပံ့ငွေကျပ် ၂၀သိန်း၊ ကိုယ်ဝန်ဆောင်မိခင်များအတွက် ကျပ် ၂ သိန်း၊ မသန်စွမ်းသူတွေ အတွက် ကျပ် ၂သိန်း၊ အမျိုးသမီး အိမ်ထောင်ဦးစီးမိသားစုတွေအတွက် ကျပ် ၆ သိန်းနဲ့ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ရိက္ခာတစ်လစာတို့ကိုထောက်ပံ့ပေးခဲ့ပါတယ်။ မြစ်ကြီးနားမြို့ နောင်နန်းကျေးရွာ တြီနီတီဘုရားကျောင်းမှာလည်း တိုက်ပွဲရှောင်ပြည်သူ အသက်ငါးနှစ်အောက် ကလေးသူများငယ်တွေအတွက် ထောက်ပံ့ငွေကျပ် ၆၆ သိန်း၊ ကိုယ်ဝန်ဆောင်မိခင်တွေကို ကျပ် ၂၁ သိန်း၊ မသန်စွမ်းသူတွေကို ကျပ် ၁၆ သိန်း၊ အမျိုးသမီး အိမ်ထောင်ဦးစီးမိသားစုတွေကို ထောက်ပံ့ငွေ ၁၀ သိန်း ၅ သောင်းကျပ်နဲ့ ရိက္ခာတစ်လစာတို့ကို ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။ ဒါ့အပြင် ကလေးငယ်တွေကို အာဟာရမုန့်တွေပေးဝေတာနဲ့ အသက် (၉၀)နှစ်နဲ့အထက် အဘိုးအဘွားတွေကို လည်းသီးခြားစီတွေ့ဆုံပြီး လက်ဝယ်အရောက်ငွေကြေးထောက်ပံ့ပေးခဲ့ကာ  ဝန်ကြီးဌာနအနေနဲ့ ခရီးစဉ်အတွင်း စုစုပေါင်း ထောက်ပံ့ငွေ (၇၀၈၄၆၁၂၅) ကျပ် ပံ့ပိုးပေးခဲ့တယ်လို့ သိရပါတယ်။ မန်ဝယ်ကျေးရွာမှ ပြောင်းရွှေ့ပေးဖို့လိုအပ်တဲ့ ပြည်သူ (၁၅၃)ဦးကို ပြည်နယ်အစိုးရရဲ့ အစီအစဉ်နဲ့ ချောင်းဝကျေးရွာက တစ်ဆင့် စက်လှေတွေနဲ့ ခေါ်ယူပြီး အင်းတော်ကြီး၊ ရွှေမဉ္ဖူ ဓမ္မာရုံတွင် ခေတ္တနေထိုင်စေဖို့ ဆောင်ရွက်သွားမယ်လို့ လည်း လူကယ်ပြန်ဌာန ထုတ်ပြန်ချက်အ ရသိရပါတယ်။ ဓာတ်ပုံ - MSWRR
3 years Ago
Up