ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်

January 15, 2022

မြန်မာပြည်သူများနှင့်အတူ ရပ်တည်၊ လူမျိုးဘာသာမခွဲခြား ကူညီမည်ဟု ကက်သလစ် ဆရာတော်များ ကြေညာ

မြန်မာပြည်သူတွေနဲ့ အတူရပ်တည်ပြီး ပြည်သူတို့ရဲ့ လိုအပ်ချက်တွေကို လူမျိုးဘာသာမခွဲခြား တယောက်ချင်းစီအတွက် ဖြည့်တင်းပေးသွားမယ်လို့  မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ်(စီဘီစီအမ်)က ထုတ်ပြန်ကြေညာပါတယ်။

ဇန်နဝါရီ ၁၁ ရက်မှ  ၁၄ ရက်အထိလုပ်တဲ့ ပထမအကြိမ် အထွေထွေညီလာခံကနေ သဘောထား ထုတ်ပြန်တာဖြစ်ပြီး နိုင်ငံအတွင်း လက်ရှိဖြစ်နေတဲ့ အခြေအနေတွေကြောင့် အင်မတန် ဝမ်းနည်းကြေကွဲရတယ်လို့ ဆိုပါတယ်။

လက်ရှိ ပြည်တွင်းမှာ လူဦးရေ ထောင်ချီ ရွှေ့ပြောင်းနေကြရသလို သန်းနဲ့ချီ ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ခံစားနေကြရလို့ စီဘီစီအမ်အနေနဲ့ လူမျိုးဘာသာမရွေး ပဋိပက္ခဖြစ်ပွားနေတဲ့ အရပ်ဒေသတွေက အပြစ်မဲ့ပြည်သူတွေ၊ ပြည်တွင်း ရွှေ့ပြောင်းနေထိုင်ရသူတွေ၊ အထူးသဖြင့် သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေ၊ အမျိုးသမီးတွေ၊ မကျန်းမာသူတွေရဲ့ အသက်အိုးအိမ်နဲ့ လုံခြုံမှုအတွက် အများကြီး စိုးရိမ်မိတယ်လို့လည်း ထုတ်ပြန်ဖော်ပြထားပါတယ်။

လက်ရှိမှာ အသက်ဘေးလွတ်ရာ ပြောင်းရွှေ့လာကြတဲ့ ပြည်သူတွေ၊ ယုံကြည်သူတွေအတွက် ဝိညာဉ်ရေးနဲ့ ကာယရေးဆိုင်ရာတွေမှာ ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးကြတဲ့ ကက်သလစ် ဘုန်းတော်ကြီးတွေ၊ ကိုရင်ကြီးတွေ၊ သီလရှင်တွေနဲ့ ဓမ္မဆရာ/ဆရာမတွေ၊ စေတနာ့ဝန်ထမ်းတွေကို အထူးကျေးဇူးတင်ပြီး ဆက်ပြီးတော့ လူမျိုးဘာသာမရွေး၊ နေရာဒေသမခွဲခြား ဒုက္ခသည် အားလုံးအတွက်လည်း မေတ္တာစေတနာလုပ်ငန်းတွေ၊ အနစ်နာခံ ကူညီသွားကြဖို့လည်း အထူးတောင်းဆိုတယ်လို့ ဆိုပါတယ်။

ပြီးတော့ စီဘီစီအမ်အနေနဲ့ ကမ္ဘာတဝန်းက ကက်သလစ် သာသနာတော်ကြီးနဲ့သာမက ကူညီ လှူဒါန်းပေးလိုတဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်လက် မိတ်သဟာယဖွဲ့ပြီး မြန်မာပြည်သူပြည်သားတွေကို ကျောသားရင်သား မခွဲခြား ကူညီသွားမယ်လို့လည်း ဆိုပါတယ်။

ဒုက္ခသည်တွေ၊ ပြည်တွင်းရွှေ့ပြောင်းနေထိုင်ရသူတွေအတွက် အခြေခံလိုအပ်တဲ့ လူသားချင်းစာနာမှု အထောက်အကူပြု ပစ္စည်းတွေ ပို့ဆောင်ထောက်ပံ့နိုင်ဖို့ တာဝန်ရှိသူအားလုံးက စီစဉ်ဆောင်ရွက်ပေးဖို့ တရားမျှတမှု၊ ငြိမ်းချမ်းသာယာမှု၊ ပြန်လည်ကျေအေးမှုကို လက်ကိုင်ထားတဲ့ စီဘီစီအမ်အနေနဲ့ အလေးအနက် တောင်းဆိုတယ်လို့ ဆိုပါတယ်။

လူ့ဂုဏ်သိက္ခာနဲ့ အသက်ရှင်သန်မှု အခွင့်အရေးတို့ဟာ ဘယ်သောအခါမှ၊ ဘယ်အရာနဲ့မှ လဲလှယ်မရတာကြောင့် လူ့အသက်ကို တန်ဖိုးထားတဲ့၊ ဝတ်ပြုကိုးကွယ်မှုဆိုင်ရာ သန့်ရှင်းမြင့်မြတ်တဲ့ ဘာသာရေးအဆောက်အအုံတွေ၊ ဆေးရုံတွေနဲ့ စာသင်ကျောင်းတွေကို အထူးပင်လေးစားဖို့ကိုလည်း တောင်းဆိုထားပါတယ်။

စီဘီစီအမ်ဟာ ယုံကြည်မှုကိုအခြေခံတဲ့ ဘာသာရေးအဖွဲ့အစည်းဖြစ်လို့ ဘုရားသခင်မှာ အရာအားလုံး ဖြစ်နိုင်တယ်ဆိုတာကို အလေးအနက်ယုံကြည်ပြီး မြန်မာနိုင်ငံထဲမှာ ငြိမ်းချမ်းမှုတည်ဆောက်နိုင်ဖို့ ဒေသဆိုင်ရာ ကက်သလစ်သာသနာနယ်အသီးသီးအနေနဲ့ တတ်နိုင်တဲ့ နည်းလမ်းမျိုးစုံ၊ အထူးသဖြင့် စဉ်ဆက်မပြတ် ဆုတောင်းကြဖို့လည်း တိုက်တွန်းထားပါတယ်။

11 months Ago

January 19, 2021

ကိုဗစ်ဆေးရန်ပုံငွေ ထည့်ဝင်လှူဒါန်းကြရန် ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် နှိုးဆော်

အစိုးရရဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးဝယ်ယူရရှိရေးရန်ပုံငွေမှာ ထည့်ဝင်လှူဒါန်းကြဖို့ မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ်(စီဘီစီအမ်) က တိုက် တွန်းနှိုးဆော်လိုက်ပါတယ်။ ဘာသာဝင်တွေဆီ ဇန်နဝါရီ ၁၇ ရက် ရက်စွဲနဲ့ နှစ်ဦးနှစ်သိမ့်အားပေးမှုနဲ့ တိုက်တွန်းနှိုးဆော်စာထဲမှာတော့ ကိုဗစ်-၁၉ ကာကွယ်ဆေး တွေ့ရှိတာဟာ ကပ်ရောဂါဘေးက လွတ်မြောက်နိုင်ဖို့ မျှော်လင့်ချက်ရောင်ခြည်ဖြစ်ပြီး အဖွဲ့ချုပ်အနေနဲ့ နိုင်ငံတော်ရဲ့ ကာကွယ်ဆေးဝယ်ယူ ထိုးနှံရေးအစီအစဉ်မှာ စုပေါင်းလှူဒါန်းသွားမယ်လို့ ဖော်ပြထားပါတယ်။ ဒါကြောင့်မို့ ကက်သလစ်ဘာသာဝင်တွေအနေနဲ့ ကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ်ရဲ့ ဘဏ္ဍာထိန်း Fr. Louis ရဲမြင့်၊ ဖုန်း-၀၉ ၄၅ ၉၀ ၉၀ ၂၄၃၊ ဘဏ်အကောင့်နံပါတ် 000944184504949 ဆီ ဆက်သွယ်လှူဒါန်းနိုင်သလို သက်ဆိုင်ရာ သာသနာအသီးသီးက ကက်သလစ် ဆရာတော်ကြီးတွေကတဆင့်လည်း တတ်စွမ်းသမျှ စုပေါင်းလှူဒါန်းနိုင်ကြောင်း နှိုးဆော်ထားပါတယ်။ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီက ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ ဝယ်ယူနိုင်ဖို့အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေ စီမံခန့်ခွဲမှု ဆပ်ကော်မတီကို ဒီဇင်ဘာ ၃၀ ရက်က ဖွဲ့စည်းထားခဲ့ပြီး ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေအဖြစ်   နိုင်ငံတော်က မတည်ရန်ပုံငွေ အမေရိကန် ဒေါ်လာ သန်း ၂၅၀ နဲ့  ကျပ်သန်း ၁၀၀၀  စတင် ထည့်ဝင်ထူထောင်ခဲ့တာပါ။ အဆိုပါ ဆပ်ကော်မတီကနေ ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေ (COVID-19 Vaccination Fund) ကို မြန်မာ့စီးပွားရေးဘဏ် နေပြည်တော်မှာ ဘဏ်အကောင့် ၂ ခု ဖွင့်လှစ်ထားတာပါ။ ရန်ပုံငွေအတွက် နိုင်ငံခြားငွေစာရင်းအမှတ် EDC 600012 မှာ နိုင်ငံတော်က မတည်ရန်ပုံငွေ အဖြစ် ကျပ် ၃၃၈ ဘီလီယံလောက်နဲ့ ညီမျှတဲ့ အမေရိကန်ဒေါ်လာ သန်း ၂၅၀ စတင် ထည့်သွင်း ပေးထားမှာဖြစ်သလို မြန်မာငွေစာရင်းအမှတ် OA 013733 မှာလည်း နိုင်ငံတော်က မြန်မာကျပ်ငွေ သန်း ၁၀၀၀ ကို စတင်ထည့်သွင်းထားပါတယ်။ ကာကွယ်ဆေးဝယ်ယူဖို့အတွက် ပြည်တွင်း ပြည်ပကနေ ပါဝင်လှူဒါန်းလိုကြတဲ့ ပြည်သူတွေ အနေနဲ့ အထက်ပါဘဏ်စာရင်းတွေမှာ ထည့်ဝင်လှူဒါန်းနိုင်တယ်လို့လည်း အသိပေးကြေညာ ထားပြီး ရက်ပိုင်းအတွင်းမှာပဲ ပြည်တွင်း ထိပ်သီးလုပ်ငန်းရှင်တချို့က ပါဝင်လှူဒါန်းမှုတွေ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။ ဧရာဝတီဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးဇော်ဇော်က ကာကွယ်ဆေး ရန်ပုံငွေအတွက် ငွေကျပ် ၂ ဘီလီယံ၊ ဧဒင်လုပ်ငန်းစု ဥက္ကဋ္ဌ ဦးချစ်ခိုင်ကအမေရိကန်ဒေါ်လာ ၁ သန်းခွဲ၊ Capital Diamond Star Group လုပ်ငန်းက  အမေရိကန်ဒေါ်လာ ၁ သန်းလှူဒါန်းထားပါတယ်။ အဲဒီနောက် တပ်မတော်ကလည်း ဇန်နဝါရီ ၇ ရက်နေ့မှာ ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေး ဝယ်ယူရရှိရေးရန်ပုံငွေ ကျပ်သန်း ၁၀၀၀ ထည့်ဝင်လှူဒါန်းထားပါတယ်။ သိပ်မကြာခင် ရက်ပိုင်းကလည်း ကမ္ဘောဇဘဏ်က ကျပ်သန်း ၃၀၀၀ ထည့်ဝင်လှူဒါန်းထားခဲ့တာကို တွေ့ရပါတယ်။
2 years Ago
Up