ကက်ပီတယ်ဝမ်းဖလား

December 3, 2015

လိဂ်ဖလား ဆီမီးဖိုင်နယ် ပွဲစဉ်များ ထွက်ပေါ်

လိဂ်ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်တွေ ထွက်ပေါ်လာရာမှာ မန်ချက်စတာစီးတီးက အဲဗာတန်၊ လီဗာပူးက စတုတ်စီးတီးနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ အဲဗာတန်အသင်းက လိဂ်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်အဖြစ် အိမ်ကွင်းမှာ မန်စီးတီးကို လက်ခံယှဉ်ပြိုင်ရမှာပါ။ စတုတ်စီးတီးကလည်း ဆီမီးပထမအကျော့ကို အိမ်ကွင်းမှာ လီဗာပူးနဲ့ ကစားရမှာပါ။ လိဂ်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်တွေကို လာမယ့်နှစ် ဇန်န၀ါရီ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ စတင်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ လိဂ်ဖလားပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံက ချဲလ်ဆီးအသင်း ဖြစ်ပေမယ့် ပြိုင်ပွဲကနေ စောစောစီးစီး နုတ်ဆက်သွားရပါတယ်။ လိဂ်ဖလားပြိုင်ပွဲမှာ လီဗာပူးအသင်းက အအောင်မြင်ဆုံးဖြစ်ပြီး ချန်ပီယံဆု ၈ ကြိမ် ရရှိထားပါတယ်။
6 years Ago

စတာရစ် ခြေစွမ်းပြပြီး လီဗာပူး ဆောက်သမ်တန်ကို ဂိုးပြတ်နိုင် (ရုပ်သံဟိုက်လိုက်)

ဒီဇင်ဘာ ၂ ရက် ညက ယှဉ်ပြိုင်သွားတဲ့ လိဂ်ဖလား ကွာတားဖိုင်နယ်မှာ လီဗာပူးက ဆောက်သမ်တန်ကို ၆ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဒဏ်ရာကြောင့် ကာလကြာရှည် နားနေရတဲ့ လီဗာပူး တိုက်စစ်မှူး စတာရစ် ဒီပွဲမှာ ပါဝင်ကစားသွားပြီး ခြေစွမ်းလည်း ပြနိုင်ခဲ့ပါတယ်။ ဒီပွဲရဲ့ ဦးဆောင်ဂိုးကို ဆောက်သမ်တန် တိုက်စစ်မှူး မာနီက ပွဲအစ ၃၉ စက္ကန့်လောက်မှာ သွင်းယူနိုင်လို့ ဒီပြိုင်ပွဲမှာ အမြန်ဆုံး သွင်းဂိုးအဖြစ် မှတ်တမ်းဝင်သွားပါတယ်။ လီဗာပူးအတွက် ချေပဂိုးကို ၂၅ မိနစ်၊ ဒုတိယ အနိုင်ဂိုးကို ၂၉ မိနစ်မှာ တိုက်စစ်မှူး စတာရစ်က သွင်းယူပါတယ်။ ဒီပွဲမှာ ဆောက်သမ်တန်အသင်း ကစားပုံကောင်းပေမယ့် တဘက်တိုက်စစ်ကို မထိန်းချုပ်နိုင်ဘဲ ဖြစ်ခဲ့ပြီး ဂိုးတွေ ပေးခဲ့ရပါတယ်။ လီဗာပူးအတွက် တတိယဂိုးကို ၇၃ မိနစ်မှာ Ibe က သွင်းယူပြီး ကျန် ၃ ဂိုးကို တိုက်စစ်မှူး အိုရီဂီ တယောက်တည်း သွင်းယူပြီး ဟက်ထရစ် ရသွားပါတယ်။ ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုတော့ လီဗာပူးတိုက်စစ်မှူး စတာရစ်က ရရှိသွားပါတယ်။ ဒီပွဲနိုင်တဲ့ လီဗာပူးဟာ လိဂ်ဖလား ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။
6 years Ago

December 2, 2015

ကက်ပီတယ်ဝမ်းဖလား ကွာတားဖိုင်နယ် အဲဗာတန်နှင့် စတုတ်တို့ အနိုင်ရ (ရုပ်သံဟိုက်လိုက်)

ဒီဇင်ဘာ ၁ ရက် ညက ယှဉ်ပြိုင်သွားတဲ့ ကက်ပီတယ်ဝမ်းဖလား ကွာတားဖိုင်နယ်ပွဲစဉ်တွေမှာ အဲဗာတန်က အဝေးကွင်းမှာ မစ်ဒယ်ဘရော့ကို ၂ ဂိုး ဂိုးမရှိ၊ စတုတ်က အိမ်ကွင်းမှာ ရှက်ဖီးဝက်နက်စ်ဒေးကို ၂ ဂိုး ဂိုးမရှိနဲ့ အသီးသီး အနိုင်ရသွားပါတယ်။ အဲဗာတန်အတွက် အနိုင်ဂိုးတွေကို ပထမပိုင်း မိနစ်မှာ ဒီလိုဖူ (Gerard Deulofeu) နဲ့ ၂၈ မိနစ်မှာ လူကာကူ (Romelu Lukaku) တို့က သွင်းယူပေးခဲ့ပါတယ်။ စတုတ်နဲ့ ရှက်ဖီးဝက်နက်စ်ဒေးတို့ပွဲစဉ်မှာ စတုတ်အတွက် အနိုင်ဂိုးတွေကို မိနစ် ၃၀ မှာ အဖယ်လေ (Ibrahim Afellay) နဲ့ ၇၅ မိနစ်မှာ ဖီးလ် ဘာ့ဒ်စ်လေ (Phil Bardsley) တို့က အသီးသီး သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲအနိုင်ရတဲ့ အဲဗာတန်နဲ့ စတုတ်တို့ဟာ ကက်ပီတယ်ဝမ်းဖလား ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါပြီ။
6 years Ago

ကက်ပီတယ်ဝမ်းဖလားပြိုင်ပွဲ မန်စီးတီး ၄ - ၁ ဟူးလ်စီးတီး (ရုပ်သံဟိုက်လိုက်)

ကက်ပီတယ်ဝမ်းဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် မန်စီးတီးနဲ့ ဟူးလ်စီးတီးတို့ ဒီဇင်ဘာ ၁ ရက် ညက ယှဉ်ပြိုင်ရာ မန်စီးတီးက အိမ်ကွင်းမှာ ၄ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရသွားပါတယ်။ မန်စီးတီးအတွက် အနိုင်ဂိုးတွေကို ၁၂ မိနစ်မှာ ဘိုနီ (Wilfried Bony)၊ မိနစ် ၈၀ မှာ လူငယ်တိုက်စစ်မှူး အီဟီရာနာချို (Kelechi Iheanacho)၊ ၈၂ မိနစ်နဲ့ ၈၇ မိနစ်တွေမှာ ကီဗင် ဒီဘရွန်း (Kevin de Bruyne) တဦးတည်း နှစ်ဂိုး ဆက်သွင်းပေးခဲ့တာပါ။ ဟူးလ်စီးတီးအတွက် တလုံးတည်းသော ချေပဂိုးကိုတော့ ပွဲချိန် မိနစ် ၉၀ မှာ အန်ဒရူး ရောဘတ်စန် (Andrew Robertson) က သွင်းယူပေးခဲ့ပါတယ်။ မန်စီးတီးဟာ ဒီပွဲကို အနိုင်ရတဲ့အတွက် ကက်ပီတယ်ဝမ်းဖလား ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပြီ ဖြစ်ပါတယ်။
6 years Ago
More News
Up