စပိန်နိုင်ငံ ကက်တလန်ပြည်နယ် လွတ်လပ်ရေးကို ထောက်ခံအားပေးသူ အယောက် ၁၀၀၀ ကျော်ဟာ ဘာစီလိုနာမြို့မှာ ဖေဖော်ဝါရီ ၁၂ ရက်က ဆန္ဒပြခဲ့ကြပါတယ်။
ခွဲထွက်ရေး ခေါင်းဆောင် ၁၂ ယောက်ကို စပိန်မြို့တော် မက်ဒရစ်မှာ တရားရုံးတင် စစ်ဆေးနေလို့ ဆန့်ကျင်ဆန္ဒပြကြတာပါ။
ဆယ်စုနှစ်တွေအတွင်း စပိန်ရဲ့အကြီးဆုံး နိုင်ငံရေး အကြပ်အတည်း ဖြစ်လာတဲ့ ၂၀၁၇ လွတ်လပ်ရေး လှုပ်ရှားမှု မအောင်မမြင် ဖြစ်အပြီး ဒီတရားရုံးစစ်ဆေးမှုဟာ သမိုင်းဝင် ဖြစ်လာခဲ့ပါတယ်။
ခုခံလျှောက်လဲသူ ၁၂ ယောက်ဟာ သူပုန်မှု၊ နိုင်ငံကနေ ခွဲထွက်မှုနဲ့ ပြည်သူ့ရန်ပုံငွေ အလွဲသုံးစားလုပ်မှုတွေနဲ့ တရားစွဲခံထားရပြီး သူတို့အားလုံးကတော့ စွဲချက်တွေကို ငြင်းထားပါတယ်။
နိုင်ငံရေးနဲ့ ပတ်သက်တဲ့ တရားစီရင်မှုဖြစ်လို့ အချိန်အနည်းဆုံး ၃လ ကြာနိုင်ပြီး အမှုစစ်တာ မမျှတဘူးလို့ ခုခံလျှောက်လဲသူတွေရဲ့ ရှေ့နေတွေက စွပ်စွဲကြပါတယ်။
ဘာစီလိုနာမြို့လယ်မှာ ဖေဖော်ဝါရီ ၁၂ ရက်က ဆန္ဒပြပွဲအတွင်း ဆန္ဒပြသူတွေက မျှတတဲ့ ဆုံးဖြတ်ချက် ရမယ်လို့ မျှော်လင့်မထားကြောင်း ပြောခဲ့ကြပါတယ်။
စပိန် အခြေခံဥပဒေအရ စပိန်ရဲ့ ဘယ်ဒေသ အစိတ်အပိုင်းမဆို ခွဲထွက်ခွင့်ကို တားမြစ် ပိတ်ပင်ထားပါတယ်။ အစိုးရကတော့ တရားဥပဒေ စိုးမိုးရေးနဲ့အညီ တင်းတင်းကြပ်ကြပ် စစ်ဆေး ဆုံးဖြတ်နေတယ်လို့ ပြောပါတယ်။
2 years Ago