ဆီစိမ်မီးစာ
မီးစာဟူသည်၊ ရေနံဆီ၌
တာရှည်စိမ်မှ၊ အရည်ဝကာ
ကာလရှည်ကြာ၊ လင်းရောင်ဖြာသို့
ပမာထို့တူ
စာကြည့်သူလည်း၊ နတ်လူရပ်ရွာ
ကောင်းကျိုးငှာလျှင်၊ လေ့လာကျက်မှတ်
ပိဋကတ်တိုက်၊ မပြတ်မွေ့လျော်
စာ၌ ပျော်မှ၊ နောင်တော်မြန်မာ
ပြည်တော်သာပိမ့်။
ညိုမြ ၁၉၇၅
စာပေဗိမန်အစ ဗိုလ်ချုပ်အောင်ဆန်းက စာပေဗိမာန်ဟာ “အမှောင်ခွင်း၍ အလင်းဆောင်အံ့” ဆောင်ပုဒ်နဲ့ မြန်မာစာပေဖွံ့ဖြိုးရေးနဲ့ ပြည်သူ့ ဗဟုသုတ တိုးပွားစေရေး တို့ အတွက် စာအုပ် စာပေထုတ်ဝေရေး လုပ်ငန်းတွေ လုပ်ခဲ့တာ ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၂၆ ရက်မှာ ၇၃ နှစ် တင်းတင်း ပြည့်မြောက်ပြီပေါ့။ ၁၉၄၇ ခုနှစ် ဇွန် ၇ ရက် အမှတ် ၃၆၁ ပြည်လမ်း ဆိုရန်တိုဗီလာ အဆောက်အအုံက ကွန်ဖရင့်မှာ ဗိုလ်ချုပ်အောင်ဆန်းက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ် တခုအနေနဲ့ ဗဟုသုတရရှိဖို့ ဘာသာပြန်ဌာနကြီးတစ်ခု ဖွင့်လှစ်ဖို့ လိုအပ်ကြောင်း မိန့်ခွန်းမှာ ထည့်ပြောခဲ့တယ်။ ဒါကြောင့် ဗိုလ်ချုပ် လမ်းညွှန်စကားကို အကောင်အထည်ဖော်ဖို့ ၁၉၄၇ ခုနှစ် ဩဂုတ်လ ၂၆ ရက်မှာ ဝန်ကြီးချုပ်ဦးနု ဦးဆောင်ပြီး ရှိနှင့်ပြီးတဲ့ မြန်မာနိုင်ငံသုတေသနအသင်း၊ မြန်မာနိုင်ငံပညာပြန့်ပွားရေးအသင်း၊ မြန်မာပြည်စာအုပ်အသင်း၊ နဂါးနီ စာအုပ်အသင်းကြီးတို့ရဲ့ ရည်မှန်းချက်တွေကို အခြေခံပြီး “မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်း” ကို စတင်ဖွဲ့စည်းတည်ထောင်ခဲ့တယ်။ ၁၉၄၈-ခုနှစ်၊ မေလမှာ စာပေဗိမာန်လို့ ပြောင်းတယ်။ စာပေဗိမာန်က လူထုလက်စွဲကျမ်းများ၊ လူထုသိပ္ပံကျမ်းများ၊ စွယ်စုံကျမ်းတွေ ပြုစုထုတ်ဝေခဲ့တယ်။ သုတေသနစာတန်းဖတ်ပွဲတွေ ကျင်းပပြီး စာပေဆုတွေ ပေးခဲ့တယ်။ စာကြည့်တိုက် သင်တန်းတွေ၊ သတင်းစာသင်တန်းတွေ ပေးခဲ့တယ်။ စာပေဗိမာန် စာကြည့်တိုက်တွေ ထူထောင်ခဲ့တယ်။ စာပေဗိမာန်အဖွဲ့ဟာ မူလက ပြည်လမ်း ဟံသာဝတီအဝိုင်းနားက ဆိုရန်တိုဗီလာ အဆောက်အအုံမှာ တည်ရှိတယ်။ ၁၉၅၅-ခုနှစ်၊ မေလမှာ ၅၂၉-၅၃၁ ကုန်သည်လမ်း (လက်ရှိနေရာ) ဆီ ပြောင်းရွှေ့ခဲ့တာပါ။ ၁၉၆၀-ပြည့်နှစ်၊ ဇူလိုင်လ စာပေဗိမာန် စာအုပ် အသင်းကို စတင်တည်ထောင်ခဲ့တယ်။ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဗဟိုပုံနှိပ်တိုက်နဲ့ပေါင်းလိုက်ရာက စာပေဗိမာန်ဟာ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေး လုပ်ငန်းရဲ့ လက်အောက်ခံဌာနခွဲတစ်ခု ဖြစ်လာခဲ့တယ်။ ဒါကြောင့် စတင်တည်ထောင်စက သီးခြား လွတ်လပ်တဲ့ စာပေဗိမာန်အသင်းဟာ အဲ့သည်အချိန်ကစလို့ မဆလအစိုးရ လက်အောက်ခံဌာနတခု ဖြစ်လာခဲ့တယ်။ မဆလလက်ထက်ကစ စာပေဗိမာန်၏ ဆုတ်ယုတ်မှုများ စာရေးဆရာ မောင်သာမညက မဆလလက်ထက်ကစ စာပေဗိမာန်ကြီး ပျက်စီးရပုံကို အခုလို ရေးခဲ့ပါတယ်။ ၁၉၆၂ ခုနှစ်မှာ ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်တဲ့ စစ်ဗိုလ်များက အာဏာသိမ်းလိုက်တယ်။ အဲဒီနောက် မြန်မာနိုင်ငံဟာ ပျက်စီးခြင်း ဘေးကြီး သင့်ရပါတော့တယ်။ စာပေဗိမာန်ကို ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ ဝန်ကြီးချုပ်ဦးနု ဟာ အာဏာသိမ်းတဲ့နေ့မှာပဲ ထိန်းသိမ်းခံခဲ့ရတယ်။ အာဏာသိမ်းပြီးနောက် စာပေဗိမာန်အဆောက်အဦလည်း ပြည်သူပိုင် အသိမ်းခံရတယ်။ စာပေဗိမာန် အုပ်ချုပ်ရေးအဖွဲ့ကို အာဏာသိမ်းစစ်အရာရှိတွေက အပိုင်စီးလိုက်တယ်။ ၁၉၆၃ ခုနှစ် သြဂုတ် ၂၂ ရက်မှာ စာပေဗိမာန်ဟာ လွတ်လပ်တဲ့ ဌာနတခုအဖြစ်မှ စစ်အစိုးရရဲ့ လက်အောက်ခံ ဌာနတခုအဖြစ်ကို ပြောင်းလဲသွားရပါတော့တယ်။ စာပေဗိမာန်ဟာ ဘာသာပြန်အသင်းကနေ ပြောင်းလဲလာတာ ဖြစ်တဲ့အတွက် မူလက အင်္ဂလိပ်စာ တတ်ကျွမ်းသူ ပညာရှင်များရဲ့ အလုပ်ရုံ ဖြစ်ခဲ့ပေမယ့် ၁၉၆၂ ခုနှစ်ကစပြီး တဖြည်းဖြည်း ဆုတ်ယုတ်သွားခဲ့ပါတယ်။ စစ်အုပ်ချုပ်ရေးခေတ်အဆက်ဆက် ဝါဒဖြန့်ချိ ရေးလုပ်ငန်းကိုသာ တစိုက်မတ်မတ်လုပ်ခဲ့တဲ့ ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ကို ရောက်သွားခဲ့ရတာတော့ အဆိုးဆုံး ကံကြမ္မာပါပဲ။ အသိပညာပြန့်ပွားရေးဌာနက ဝါဒဖြန့်ချိရေးဌာနအောက်ကို ကျရောက်သွားရတဲ့အတွက် စာပေဗိမာန်ဟာ လွတ်လပ်တဲ့ ပညာရှင်တွေအတွက် ပျော်မွေ့နိုင်တဲ့ နေရာမျိုး မဟုတ်တော့ပါဘူး။ ဆရာကြီး ဦးသော်ကောင်းကလည်း “ယခင်က စာပေဗိမာန်ကို အရှေ့တောင်အာရှနိုင်ငံများက လာရောက် အတုယူပြီး စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံတို့တွင် စာပေဗိမာန်ကဲ့သို့ စာပေတိုက်များ တည်ထောင်ခဲ့ကြ ကြောင်း သိရပါသည်။ စာပေဗိမာန် တဖြည်းဖြည်း ဆုတ်ယုတ်သွားခြင်းကိုလည်း သင်ခန်းစာယူသင့်ပါသည်။” လို့ စာပေဗိမာန် နှစ် ၇၀ မဂ္ဂဇင်းမှာ ရေးခဲ့ပါတယ်။ နိဂုံး စာပေဟာ နိုင်ငံအတွက် အရေးကြီးပါတယ်။ မြန်မာစာအစ ပုဂံခေတ် ကျောက်စာတွေကနေ ဒီနေ့ စာအုပ်စာပေ မျိုးစုံလည်း ထုတ်ဝေခွင့် ရနေကြတဲ့အထိ လှမ်းလို့ကြည့်ခဲ့ပါပြီ။ စာပေတွေနဲ့ အကျိုးပြုခဲ့တဲ့ အခု၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၂၆ ရက်နေ့မှာ ၇၃ နှစ်သက်တမ်းရှိလာတဲ့ သမိုင်းဝင် စာပေဗိမာန်ကြီးဟာလည်း လူထုအစိုးရရဲ့ လက်အောက်ကို ပြန်ရောက် လာနေပြီး တတ်နိုင်သမျှ ခွန်အားရှိသမျှ ပြည်သူတွေကို အကျိုးပြုနေပါပြီ။ ဒါပေမဲ့ စစ်အာဏာရှင်တွေလက်ထက် ၁၉၆၂ ကနေ နှစ် ၅၀ လောက် ဝါဒဖြန့်ချိရေး လောင်းရိပ်အောက် နေခဲ့ရတဲ့ စာပေဗိမာန်ကြီးကို အခုအခါ ဘယ်လောက် ပြန်လည် ပြုပြင်တည့်မတ် ထူထောင်လာနိုင်ပြီလဲ၊ အစိုးရ လက်အောက်ခံ မဟုတ်ပဲ လွန်ခဲ့တဲ့ ၇၃ နှစ်ကာလ စတင် တည်ထောင်စဉ် ကလို လွတ်လပ်တဲ့ အသင်းအဖွဲ့ ပြန်ဖြစ် သင့်သလား၊ နှစ် ၅၀ လောက် အမှောင်ကျခဲ့ရပြီး အခုမှပြန်လည် ပြုပြင်တည် ဆောက်ကြရတဲ့ တခြားဌာနတွေလိုပဲ စာပေဗိမာန်ကော အလားတူ ဖြစ်နေ ကြုံတွေ့နေရပြီလား၊ စာပေဗိမာန်အတွက် ပိုလို့ ပိုလို့ ကောင်းလာအောင် ဘာတွေလုပ်သင့်သလဲ ဆိုတာတွေကို တွေးတော နေမိပါရဲ့။ စာပေဗိမာန် ၇၅ နှစ်ပြည့် စိန်ရတုကလဲ ၂ နှစ်ပဲလိုတော့ပြီ မဟုတ်ပါလားခင်ဗျာ။ ။ ကိုးကား