အားကစား

September 28, 2022

ကမ္ဘာ့ဖလားမသွားခင် စိတ်ပညာရှင်နှင့်ကုသရန် မက်ဂွဲယားကို ဂယ်ရီနဗီးလ် တိုက်တွန်း

အင်္ဂလန်နောက်ခံလူ မက်ဂွဲယားအနေနဲ့ ကမ္ဘာ့ဖလားပွဲ မသွားခင်မှာ စိတ်ပညာရှင်နဲ့ ကုသဖို့ ဂယ်ရီနဗီးလ်က တိုက်တွန်းလိုက်ပါတယ်။

မန်ယူနောက်ခံလူ မက်ဂွဲယားဟာ ကလပ်အသင်းမှာ ပွဲထွက်ခွင့်မရပေမဲ့ အင်္ဂလန်အသင်းမှာ ပွဲထွက်ကစားခွင့် ရထားသူပါ။

သူဟာ ၃ ဂိုးစီ သရေကျခဲ့တဲ့ ဂျာမနီနဲ့ပွဲစဉ်မှာ အမှားအယွင်းတွေ ထပ်မံပြုလုပ်ခဲ့ပြီး စိတ်ပိုင်းဆိုင်ရာမှာ ဖိအားတွေနဲ့ ရင်ဆိုင်နေရတာပါ။

အင်္ဂလန်နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်ကတော့ မက်ဂွဲယားဟာ ယုံကြည်မှု ပျောက်ဆုံးနေတဲ့ပြဿနာ ရှိတာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲမသွားခင်မှာ စိတ်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပြီး ကုသစေသင့်ကြောင်း တိုက်တွန်းခဲ့တာပါ။

ကစားသမားဘဝတုန်းက သူကိုယ်တိုင်လည်း ယုံကြည်မှုပျောက်ဆုံးခဲ့လို့ စိတ်ပညာရှင်နဲ့ ကုသခဲ့ရဖူးပြီး မက်ဂွဲယားအနေနဲ့လည်း အလားတူလုပ်ဆောင်သင့်ကြောင်း နဗီးလ်က တိုက်တွန်းပါတယ်။

မက်ဂွဲယားအနေနဲ့ အမှားတွေရှိပေမဲ့ သူ့လောက်ကောင်းမွန်တဲ့ ဗဟိုခံစစ်မှူး မရှိတာကြောင့် အင်္ဂလန်နဲ့အတူ ကမ္ဘာ့ဖလားကို လိုက်ပါသွားရမယ့်သူ ဖြစ်တယ်လို့လည်း နဗီးလ်က သုံးသပ်ပါတယ်။

5 hours Ago

ဟော်လန်အသင်းတွင် ဗဟိုခံစစ်မှူးနေရာ ပြောင်းလဲကစားရသည့်အပေါ် မာလာစီယာ သဘောမတူ

ဟော်လန်ဘယ်နောက်ခံလူ မာလာစီယာဟာ ဗဟိုခံစစ်မှူးနေရာမှာ ပြောင်းလဲကစားခိုင်းတဲ့ အပေါ် သဘောမတူခဲ့ဘူးလို့ သိရပါတယ်။

ဟော်လန်နည်းပြ ဗန်ဟားလ်ဟာ ဘယ်လ်ဂျီယံနဲ့ပွဲစဉ် ဒုတိယပိုင်းမှာ ဘယ်နောက်ခံလူ မာလာစီယာကို ခံစစ်သုံးယောက်တန်းရဲ့ ဘယ်ခြမ်းမှာ ကစားဖို့ စေခိုင်းခဲ့တာပါ။

ဘယ်ခြမ်းဗဟိုခံစစ်နေရာကို နသန်အကီကို ပွဲထွက်ခဲ့ပေမဲ့ ဒဏ်ရာပြဿနာတွေ ရှိလာခဲ့ရင် အရန်သင့် အသုံးပြုနိုင်ဖို့ မာလာစီယာကို ပြောင်းလဲကစားစေခဲ့တာပါ။

နည်းပြဗန်ဟားလ်ရဲ့ ဆန္ဒအတိုင်း ကစားခဲ့ပေမဲ့ တိုက်စစ်ကို ၂ ကြိမ်၊ ၃ ကြိမ်လောက် တက်ကစားခဲ့ပြီး အံဝင်ဖို့ မလွယ်ကူတဲ့နေရာဖြစ်ကြောင်း မာလာစီယာက ပွဲအပြီးမှာ ပြောပါတယ်။

“မန်ယူနိုက်တက်မှာ ဘယ်နောက်ခံလူနေရာနဲ့ အဆင်ပြေပါတယ်။ နိုင်ငံအသင်းနည်းပြက ဗဟိုခံစစ်နေရာ ကစားနိုင်မယ်လို့ ထင်နေပေမဲ့ ကျနော့်အတွက်ကတော့ ဘယ်စွန်မှာပဲ အဆင်ပြေပါတယ်။ ပွဲအပြီးမှာ အဆင်မပြေတဲ့အကြောင်း ပြောခဲ့ပေမဲ့ ခဏပါပဲ။ ဒါက ပြီးဆုံးသွားပါပြီ” လို့ မာလာစီယာက ပြောပါတယ်။

ဟော်လန် ဘယ်နောက်ခံလူနေရာမှာ ဒါလေဘလင်း ကစားနေတာပါ။ မာတင်အင်ဒီ ဒဏ်ရာရနေတဲ့အတွက် မာလာစီယာကို အစားထိုး ကစားစေခဲ့တာဖြစ်ကြောင်း ဗန်ဟားလ်က ရှင်းလင်းခဲ့ပါတယ်။

5 hours Ago

ချဲလ်ဆီးကွင်းလယ်လူဟောင်း အိုဘီမီခေးလ် ကစားသမားဘဝကနေ အနားယူ

ချဲလ်ဆီးကွင်းလယ်ကစားသမားဟောင်း အိုဘီမီခေးလ်ဟာ ကစားသမားဘဝကနေ အနားယူကြောင်း တရားဝင် ကြေညာလိုက်ပါတယ်။

နိုင်ဂျီးရီးယား ကစားသမားဟောင်းဟာ ကစားသမားဘဝကို ၁၈ နှစ်ကြာ ဖြတ်သန်းခဲ့ပြီး အသက် ၃၅ နှစ်အရွယ်မှာ အနားယူခဲ့တာပါ။

ချဲလ်ဆီးအသင်းမှာ ၁၁ နှစ်ကြာ ကစားခဲ့ပြီး ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ် ဆုဖလားတွေ အပါအဝင် အဓိကဆုဖလား ၈ လုံး ရယူနိုင်ခဲ့ပါတယ်။

မီခေးလ်ဟာ ကူဝိတ်ကလပ် ကူဝိတ် SC အသင်းမှာ နောက်ဆုံးကစားခဲ့ပြီး မစ်ဒယ်ဘရော့၊ ထရတ်ဇွန်စပေါ်၊ စတုတ်စီးတီးအသင်းတွေမှာလည်း ကစားခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် ၂၀ ကို ပြန်ကြည့်ရင် ကျေနပ်စရာ အောင်မြင်မှုတွေ ရရှိခဲ့ပြီး အဲဒီအရာတွေဟာ ပရိသတ်တွေ၊ မိသားစုဝင်တွေနဲ့ ကလပ်အသင်း တာဝန်ရှိသူတွေရဲ့ ကူညီမှုတွေ မပါဝင်ဘဲ မရရှိနိုင်ကြောင်း မီခေးလ်က အင်စတာဂရမ်ကနေ ရေးသားခဲ့ပါတယ်။

မီခေးလ်ဟာ မိခင်နိုင်ငံ နိုင်ဂျီးရီးယားအသင်းမှာ ၂၀၀၅ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ ၆၆ ပွဲ ကစားပေးခဲ့ပါတယ်။

5 hours Ago

September 27, 2022

မန်ယူလေ့ကျင့်ရေးအစီအစဉ် အိုင်းယက်ထက် ပိုမိုပြင်းထန်ဟု အန်တိုနီဝန်ခံ

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေဟာ အသင်းဟောင်း အိုင်းယက်အသင်းမှာထက် ပိုပြီးပြင်းထန်ကြောင်း ကစားသမားသစ်အန်တိုနီက ပြောပါတယ်။

ဘရာဇီးလက်ရွေးစင်အန်တိုနီဟာ အခုနှစ်အပြောင်းအရွှေ့မှာ ဟော်လန်ကလပ် အိုင်းယက်ကနေ မန်ယူအသင်းဆီကို ပေါင် ၈၆သန်း ဝန်းကျင်နဲ့ ပြောင်းရွှေ့လာခဲ့တာပါ။

မန်ယူအသင်းတီဗီနဲ့ အင်တာဗျူးမှာတော့ အသင်းရဲ့လေ့ကျင့်ခန်း အစီအစဉ်တွေဟာ အိုင်းယက်အသင်းနဲ့ ကွဲပြားခြားနားမှုရှိပြီး  ဒီလိုပြင်းထန်တဲ့ လေ့ကျင့်မှုတွေအတွက် အကောင်းဆုံး ပြင်ဆင်ထားကြောင်း အန်တိုနီက ပြောပါတယ်။

“ပရီးမီးယားလိဂ်က ဘယ်လောက်အထိ ပြိုင်ဆိုင်မှုပြင်းထန်သလဲဆိုတာသိထားပြီးသားပါ။ ပြီးတော့ ပြင်ဆင်မှုကောင်းဖို့လိုအပ်သလို ရာနှုန်းပြည့် အာရုံစိုက်လေ့ကျင့်ထားဖို့လည်းလိုတယ်။ အိုင်ယက်စ်မှာတုန်းကထက် ပိုပြင်းထန်တာသိလို့ ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာကိုလည်း ပြင်ဆင်လာခဲ့ပြီးသားပါ” လို့ အန်တိုနီက ပြောပါတယ်။ 

အန်တိုနီဟာ အာဆင်နယ်နဲ့ ပထမဆုံးအဖွင့်ပွဲစဉ်မှာ တစ်ဂိုးသွင်းယူခဲ့ပါသေးတယ်။  

1 day Ago

ပေါ်တူဂီက စပိန်ထက် ကစားသမားကောင်းပိုများဟု နည်းပြအင်းနရစ်ချီးကျူး

ပေါ်တူဂီအသင်းဟာ စပိန်အသင်းထက် ကစားသမားကောင်းတွေပိုများကြောင်း စပိန်နည်းပြ အင်းနရစ်က ပြောပါတယ်။

ပေါ်တူဂီနဲ့ စပိန်တို့ဟာ စက်တင်ဘာ ၂၈ ရက်  မနက်ပိုင်းမှာ နေးရှင်းလိဂ် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ရင်ဆိုင်တွေ့ကြမှာပါ။

ပွဲမတိုင်ခင်သတင်းစာရှင်းလင်းပွဲမှာတော့ စပိန်နည်းပြအင်းနရစ်က ပေါ်တူဂီအသင်းရဲ့ ကစားသမားအင်အားက စပိန်ထက်သာလွန်ကြောင်း ချီးကျူးခဲ့တာပါ။ 

စပိန်နည်းပြအင်းနရစ်က “လက်ရှိစပိန်အသင်းလူစာရင်းအရ ပေါ်တူဂီက ကစားသမားကောင်းတွေပိုများတယ်။ ပရီးမီးယားလိဂ်၊ လာလီဂါနဲ့ တခြားလိဂ်တွေမှာ ပွဲထွက်နေကြတဲ့သူတွေရှိလို့ ကစားသမားကောင်း တွေထွက်ပေါ်လာခဲ့ပြီး ဒါကစိတ်ဝင်စားစရာကောင်းတယ်။ စပိန်ကော၊ ပေါ်တူဂီကော ကမ္ဘာ့ဖလားမှာ အောင်မြင်ဖို့မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။

ပေါ်တူဂီအသင်းဟာ ဒီဘက်နှစ်တွေအတွင်း ကစားသမားကောင်းတွေပိုများလာခဲ့ပြီး စီရော်နယ်ဒိုနဲ့အတူ ကန်ဆယ်လို၊ ယူဘင်ဒီယက်ဇ်၊ ဖာနန်ဒက်စ်၊ ဘာနာဒိုဆေးလ်ဗား၊ ဒီယေဂိုဂျိုတာ အစရှိတဲ့သူတွေက ပရီးမီးယား လိဂ်အသင်းကြီးတွေမှာ ပွဲထွက်ကစားနေကြတာဖြစ်ပါတယ်။ 

1 day Ago

အင်္ဂလန်နှင့် ဂျာမနီ ၃ ဂိုးစီသရေကျသည့်ပွဲတွင် ခြေစွမ်းပြခဲ့သည့် မေဆန်မောင့်နှင့် ဆာကာတို့ ချီးကျူးခံရ

ဂျာမနီနဲ့ ပွဲစဉ်မှာ လူစားဝင်ကစားပြီးခြေစွမ်းပြခဲ့ကြတဲ့ အင်္ဂလန်ကစားသမား  မေဆန်မောင့်နဲ့ ဆာကာတို့ကို လက်ရွေးစင်ဟောင်း အိုဝင်နဲ့ ဒီဖိုးတို့ကချီးကျူးခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ နေးရှင်းလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်မှာ ဂျာမနီ ကို ဦးဆောင်ဂိုး ၂ ဂိုးပေးခဲ့ရပေမဲ့ ချေပဂိုးတွေအပြင် အနိုင်ဂိုးပါရခဲ့ပြီး ဂိုးသမားနစ်ပုတ်ရဲ့အမှားကြောင့်သာ ၃ ဂိုး စီသရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့တာပါ။

အင်္ဂလန်တိုက်စစ်မှူးဟောင်း အိုဝင်ကတော့ အင်္ဂလန်အသင်းဟာ ဒုတိယပိုင်းမှာ ကစားပုံ တိုးတက်လာခဲ့ပြီး လူစားဝင်ကစားသမားတွေဖြစ်တဲ့ မေဆန်မောင့်နဲ့ ဆာကာတို့ ထူးချွန်စွာ ကစားနိုင်ခဲ့ကြောင်း၊စိတ်ပိုင်းဆိုင်ရာအရလည်း အနိုင်မခံအရှုံးမပေးစိတ်ဓာတ်နဲ့ ကစားနိုင်ခဲ့ကြောင်း ချီးကျူးပါတယ်။

တိုက်စစ်မှူးဟောင်း ဂျာမိန်းဒီဖိုးကလည်း အိုဝင်ရဲ့မှတ်ချက်ကိုထောက်ခံခဲ့ပြီး မောင့်နဲ့ ဆာကာတို့ကပွဲကို အလှည့်အပြောင်းဖြစ်စေခဲ့ ကြောင်းပြောပါတယ်။

မေဆန်မောင့်က အနိုင်ဂိုးတစ်ဂိုးသွင်းခဲ့ပြီး ဆာကာဟာလည်း ဂိုးဖန်တီးမှု တစ်ကြိမ်အပြင် လုခ်ရှောရဲ့ သွင်းဂိုးနဲ့ ဟာရီကိန်းရဲ့ ပင်နယ်တီသွင်းဂိုးမှာလည်း ပါဝင်ပတ်သက်ခဲ့တာပါ။

နည်းပြဆောက်ဂိတ်ကတော့ အမှားအယွင်းတွေရှိခဲ့လို့ သုံးဂိုးအထိပေးခဲ့ရပေမဲ့ စိတ်ပိုင်းဆိုင်ရာမှာတော့ ယုံကြည်မှုနဲ့စည်းလုံးမှုတွေ ပြသနိုင်ခဲ့ကြောင်း ပွဲအပြီးမှာ ပြောသွားပါတယ်။ 

1 day Ago
More News
Up