၈၈၈၈

August 9, 2021

ရှစ်လေးလုံး ၃၃ နှစ်ပြည့် အထိမ်းအမှတ် နော်ဝေနိုင်ငံတွင် ကျင်းပ

ရှစ်လေးလုံး ၃၃ နှစ်ပြည့် အထိမ်းအမှတ်ကို နော်ဝေနိုင်ငံ အော်စလိုမြို့ မှာ ဩဂုတ် ၈ ရက်နေ့ နေ့လဘ်  ၂ ခွဲကနေ ၄ ခွဲအထိ ကျင်းပခဲ့ပြီး လူဦးရေ ၁၀၀ နီးပါး တက်ရောက်ခဲ့ကြပါတယ်။

နော်ဝေလွှတ်တော်အမတ် Ola Elvestuen (VP)၊ နော်ဝေ မြန်မာ့ဒီမိုကရေစီရေး အားပေးသူ Camilla Buzzi၊ ၁၉၉၀ အမတ်ဟောင်း ဦးဗိုလ်သောင်း၊ ၈၈ ကျောင်းသားတွေဖြစ်တဲ့ ကိုမိုးမောင်မောင်၊ ကိုသူရိန်၊ ကိုဇော်ဝင်းလွင်၊ Gen Z မျိုးဆက်သစ်ဖြစ်တဲ့ မမေသစ္စာတို့က အမှတ်တရ စကားတွေ ပြောကြားခဲ့ပါတယ်။

နော်ဝေနိုင်ငံဘွား GZ တဦးဖြစ်တဲ့ တေဇနိုင်ရေးသားထားတဲ့ Vårt land (ငါတို့နိုင်ငံ) ဆိုတဲ့ တေးသီချင်းကို တေဇနိုင်နဲ့ Karoline တို့က နော်ဝေဘာသာနဲ့ ဖျော်ဖြေခဲ့ပြီး တေးသံရှင် မလင်းလင်းနဲ့ ကိုညိုတို့ကလည်း ၈ လေးလုံး အောက်မေ့ဂုဏ်ပြုတေးသီချင်းတွေနဲ့ သီဆို ဖျော်ဖြေခဲ့ကြပါတယ်။

တက်ရောက်သူတွေက ဒီမိုကရေစီရရှိရေး၊ စစ်အာဏာရှင် ပြုတ်ကျရေး စစ်ကောင်စီကို အရေးယူရေး NUG  ကိုထောက်ခံကြ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဥ်းသားများ လွှတ်ပေးရေး စတဲ့ကြွေးကြော်သံတွေ ကြွေးကြော်ခဲ့ကြပါတယ်။

ဒီနောက်မှာတော့ ၈၈ နဲ့ ၂၁ ဒီမိုကရေစီရေးအတွက် အသက်ပေးသွားသူတွေကို နှင်းဆီပန်းအဖြူများနဲ့ ဦးညွှတ်ဂါရ၀ပြုပြီး အခမ်းအနား ရုပ်သိမ်းခဲ့ပါတယ်။

အခမ်းအနားအပြီး ဈေးရောင်းပွဲတော်ကျင်းပခဲ့ပြီး ရရှိလာတဲ့ အလှူငွေတွေကိုလည်း မြန်မာ့ဒီမိုကရေစီအရေးအတွက် အသုံးပြုသွားမယ်လို့ သိရှိရပါတယ်။

5 months Ago

August 8, 2021

၈၈၈၈ လူထုအရေးတော်ပုံကြီး ၃၃ နှစ်ပြည့်နေ့ မန္တလေးသပိတ်အင်အားစုစစ်ကြောင်း

၈၈၈၈ လူထုအရေးတော်ပုံကြီး ၃၃ နှစ်ပြည့်နေ့မှာ မန္တ‌လေး သပိတ်အင်အားစု သပိတ်စစ်‌ကြောင်းက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကန့်ကွက်ကြောင်းနဲ့ ကျဆုံးသွားတဲ့ သူရဲကောင်းတွေကို အလေးပြုတာ၊ ကဗျာရွတ်ဆိုတာတွေ ပြုလုပ်ပြီး  သပိတ်မှောက် ဆန္ဒပြခဲ့ကြပါတယ်။ 

မန္တလေးမြို့ရှိ ရဟန်းရှင်လူ ပြည်သူအပေါင်းက ဖေဖော်ဝါရီ ၄ ရက်ကစပြီး ဒီနေ့ထက်တိုင် အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြနေကြတာပါ။

Photo - YLT/MPA

6 months Ago

"၈၈ က သွေးကြွေးဟောင်း ၂၁ မှာ အပြီးတောင်း"

“၈၈ က သွေးကြွေးဟောင်း ၂၁ မှာ အပြီးတောင်း” စတဲ့ တောင်းဆိုချက်နဲ့ စစ်အာဏာရှင်ကို တော်လှန်တဲ့ လူငယ်တွေက ရန်ကုန်မြို့မှာ သြဂုတ် ၈ ရက်နေ့က သပိတ်စစ်ကြောင်းနဲ့ ချီတက်ခဲ့ကြပါတယ်။

Photo - MPA

6 months Ago

ရှစ်လေးလုံး သင်ခန်းစာများကို အသုံးချပြီး ညီညီညွတ်ညွတ် ရှေ့ဆက်တိုက်ပွဲဝင်ကြရန် တိုက်တွန်း

ရှစ်လေးလုံးသင်ခန်းစာများကိုအသုံးချပြီး ညီညီညွတ်ညွတ်ရှေ့ဆက်တိုက်ပွဲဝင်ကြဖို့နဲ့ ရှစ်လေးလုံးတော်လှန်ရေးမှာမရခဲ့တဲ့ ညီညွတ်မှုနဲ့ CDM ရေရှည်လှုပ်ရှားမှုကို ပြည်သူတွေက ဆက်ထိန်းထားကြဖို့  နိုင်ငံရေးလှုပ်ရှားသူတွေက တိုက်တွန်းလိုက်ပါတယ်။

၂၀၂၁ ဩဂုတ် ၈ ရက်နေ့ဟာ စစ်အာဏာရှင်ကို မြန်မာပြည်သူတစ်ရပ်လုံးက အုံကြွတော်လှန်တဲ့ ရှစ်လေးလုံးအရေးတော်ပုံ ၃၃ နှစ်မြောက် အထိမ်းအမှတ်နေ့ဖြစ်ပါတယ်။

ရှစ်လေးလုံးတော်လှန်ရေးက တပ်လှန်ခဲ့တဲ့ ဒီမိုကရေစီစံနှုန်းတွေနဲ့ ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေကို သင်ခန်းစာယူပြီး စစ်အာဏာရှင်ကို ပြည်သူတွေက ရှေ့ဆက်တွန်းလှန်ကြဖို့၊ ပြည်သူတွေအနေနဲ့ ညီညီညွတ်ညွတ်တောင့်ခံနိုင်မှ အာဏာရှင်စနစ်ကို အမြစ်ပြတ်တွန်းလှန်နိုင်လိမ့်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက တိုက်တွန်းလိုက်တာပါ။ 

“မတရားမှုကို တော်လှန်နေတာ ဖြစ်ပါတယ်။ ၈၈ မှာ ဖြစ်ပေါ်ခဲ့တဲ့ အကြောင်းအရာတွေကို အားယူပြီးတော့ နောက်ထပ်တိုက်ပွဲသစ်ကို ဖော်ဆောင်နေတာ ဖြစ်ပါတယ်။ ၈၈ မှာ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီးတော့ တပ်လှန့်နိုင်ခဲ့တယ်။ အဲဒီမှာရခဲ့တဲ့ အသိတရားတွေ သင်ခန်းစာတွေကို အသုံးချပြီးတော့ ရှေ့ဆက်သွားနိုင်ဖို့ လိုအပ်ပါတယ်။ ပြည်တွင်းမှာ ဆက်လက်ဆန့်ကျင်နေတာတွေ၊ ၈၈ တုန်းက မရှိခဲ့တဲ့ ရေရှည် CDM လှုပ်ရှားမှုတွေ ဒါတွေ ဆက်ပြီးတော့ ခါးမပြတ်ဖို့ အရေးကြီးတယ်။  ဆက်ပြီးတောင့်ခံနိုင်ဖို့ လိုအပ်တယ်။ အဲဒီတုန်းက ရွေးကောက်ပွဲဆိုတဲ့ ကတိစကားထဲကို ဝင်ပြီးတော့ ရွေးကောက်ပွဲဝင်တယ်။ အခုကတော့ NUG က ပြည်သူလူထုက ရွေးကောက်တင်မြှောက်ပြီး အသိအမှတ်ပြုထားတဲ့ အစိုးရဖြစ်တဲ့အတွက် နိုင်ငံတကာက အသိအမှတ်ပြုဖို့ ဆက်လက်ကြိုးစားနိုင်ဖို့ လမ်းကြောင်းနှစ်ခုက သင်ခန်းစာယူစရာတွေ ဖြစ်ပါတယ်။”

တိုင်းပြည်ရဲ့ ဘုံရန်သူဟာ စစ်အာဏာရှင်ဖြစ်တယ်ဆိုတာကို ၈ လေးလုံး အရေးတော်ပုံကြီးက ရှင်းရှင်းလင်းလင်း မီးမောင်းထိုးပြခဲ့တဲ့ အရေးတော်ပုံ ဖြစ်ပါတယ်။

မြန်မာ့တော်လှန်ရေးသမိုင်းမှာ လက်ရှိနွေဦးတော်လှန်ရေးက အားအကောင်းဆုံးဖြစ်တဲ့အတွက် တိုင်းရင်းသားပြည်သူအားလုံး နားလည်မှုတည်ဆောက်ပြီး ညီညွတ်မယ်ဆိုရင် ဖက်ဒရယ်တိုင်းပြည်၊ ဖက်ဒရယ်တပ်မတော်ကို တည်ဆောက်နိုင်လိမ့်မယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောပါတယ်။

“အခု နွေဦးတော်လှန်ရေးလောက် ကြီးပြီးတော့ ရှည်လျားတဲ့ တော်လှန်ရေး မြန်မာ့တော်လှန်ရေး သမိုင်းမှာ မရှိခဲ့ဘူး။ ရှစ်လေးလုံးက ချပေးခဲ့တဲ့ အခြေခံနိုင်ငံရေးအမြင်ကို အခြေခံပြီးတော့ ဒီတိုင်းပြည်ကို ဖက်ဒရယ်တိုင်းပြည်အဖြစ် တည်ဆောက်ရမယ်။ ဒီတိုင်းပြည်ရဲ့ တပ်မတော်ကို ဖက်ဒရယ်တပ်မတော်အဖြစ် တည်ဆောက်ရမယ်။  ကျနော်တို့ တိုင်းပြည်မှာ တကယ့်ကို အခြေခံကျတဲ့ ပြဿနာတွေကို နွေဦးတော်လှန်ရေးက မီးမောင်းထိုးပြလိုက်တာ ဖြစ်ပါတယ်။ ရှစ်လေးလုံးတော်လှန်ရေးက ဒီနေ့လို တော်လှန်ရေးတွေ ဖြစ်ပေါ်လာဖို့ မျိုးစေ့ချပေးခဲ့တယ်လို့ ပြောချင်ပါတယ်။"

ရှစ်လေးလုံး အရေးတော်ပုံကို လေ့လာရင် ညီညွတ်မှုအားနည်းခဲ့တဲ့ အစိတ်အပိုင်းတချို့ ရှိခဲ့တဲ့အတွက် အခုနွေဦးတော်လှန်ရေးမှာ အာဏာရှင်တွေ စိတ်ကြိုက် သွေးကွဲတာမျိုးမဖြစ်အောင် ပြည်သူတွေက သတိထားရမယ်လို့ မန္တလေးသပိတ်ဦးဆောင်သူတစ်ယောက်ဖြစ်တဲ့ ကိုတေဇာဆန်းက ပြောပါတယ်။ 

“အဓိက ၈ လေးလုံး အရေးတော်ပုံကြီးအပါအဝင် မြန်မာ့လူထုတော်လှန်ရေး အဆက်ဆက်ကို ကြည့်မယ်ဆိုရင် လူထုက စုစည်းတယ်၊ ညီညွတ်တယ်ဆိုရင် တော်လှန်ရေးက တိုးတက်တယ်၊ ရှေ့ကို တဆင့်တက်နေပါတယ်။ တော်လှန်ရေးအင်အားစုတွေ လူထုတွေက မစုစည်းဘူး၊ မညီညာဘူး အလဲလဲအကွဲကွဲ ဖြစ်နေတယ်ဆိုရင် တော်လှန်ရေးရှေ့မတက်ဘဲ အီနေတာ နောက်ပြန်လည်နေတာတွေ ဖြစ်လေ့ဖြစ်ထရှိတတ်ပါတယ်။ ၈၈ မှာလည်း ဒီလိုပုံစံတွေ တွေ့ခဲ့ရတာကို မှတ်သားဖူးပါတယ်။ အခုနွေဦးတော်လှန်ရေးမှာတော့ ဒါတွေကို သင်ခန်းစာယူကြဖို့ လိုပါတယ်။ ကျနော်တို့ လုံးဝသွေးမကွဲဘူး၊ စုစည်းကြမယ်။ အာဏာရှင်တွေ အကြောက်ဆုံးကလည်း ဒါပါပဲ။ သွေးကွဲသွားမှာ ဖရိုဖရဲဖြစ်သွားမှာကို အာဏာရှင်က အင်မတန်လိုလားပါတယ်။ အာဏာရှင်တွေက ပြည်သူတွေကြားထဲမှာ သွေးကွဲအောင် စနစ်တကျ လုပ်နေတယ်ဆိုတာကိုလည်း ပြည်သူတွေ သိဖို့ လိုအပ်ပါတယ်။ ကျနော်တို့ ၆ လကျော် စုစည်းခဲ့သလိုပဲ ရှေ့ဆက်ညီညွတ်ကြမယ်ဆိုရင် ကျနော်တို့ လိုချင်တဲ့ပန်းတိုင်ကို ရောက်မှာ ဖြစ်ပါတယ်။ သွေးမကွဲကြဖို့ တိုက်တွန်းချင်ပါတယ်။”

၂၀၂၁ ဩဂုတ် ၈ ရက် ဒီနေ့မှာ မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး eight Finger Strike ကို ဖော်ဆောင်နေကြပါတယ်။ စစ်အာဏာရှင်က တော်လှန်ရေးသပိတ်တွေကို အကြမ်းဖက်ဖြိုခွဲခဲ့ပေမယ့် လူငယ်သပိတ်တွေကတော့ နေ့စဉ် လမ်းပေါ်ထွက်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်သပိတ်မှောက်နေကြတာ ဖြစ်ပါတယ်။

6 months Ago

ဝါရှင်တန်တွင် မြန်မာ့အရေး ချီတက်ဆန္ဒပြ

ရှစ်လေးလုံးအရေးတော်ပုံ ၃၃ နှစ်ပြည့် အထိမ်းအမှတ် ဂုဏ်ပြုတဲ့အနေနဲ့ Save Myanmar March ကမ္ဘာလုံးဆိုင်ရာ တက်ဆန္ဒပြပွဲကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာ သြဂုတ် ၇ ရက်နေ့က ပြုလုပ်ရာမှာ လူအင်အား ထောင်နဲ့ချီ ပူးပေါင်းပါဝင်ခဲ့ပါတယ်။

အမေရိကန်ပြည်နယ်အသီးသီးက မြန်မာတွေနဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံက ဝါရှင်တန်ဒီစီ သမ္မတအိမ်တော်ရှေ့မှာ စုဝေးဟောပြောမှုတွေ ပြုလုပ်ပြီး မိုးရွာသွန်းခဲ့ပေမဲ့ capitol hill လွှတ်တော်အဆောက်အဦဆီကို ချီတက်ဆန္ဒပြနိုင်ခဲ့ကြပါတယ်။

ဒီလှုပ်ရှားမှုကနေပြီးတော့ နိုင်ငံတကာအစိုးရတွေကနေ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို အသိအမှတ်ပြုရေး၊ အမေရိကန်အစိုးရက Burma Bill အတည်ပြုရေး ထိန်းသိမ်းထားသော ဒေါ်လာ သန်း ၁,၀၀၀ ပြည်သူ့အစိုးရအား လွှဲပေးရန်တို့ကို တောင်းဆိုခဲ့ကြပါတယ်။ 

ရှစ်လေးလုံး အရေးတော်ပုံ အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ပြည်တွင်း ပြည်ပနဲ့ နိုင်ငံတကာတွေမှာ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။

6 months Ago
More News
Up