နိုင်ငံရေး

September 28, 2022

တရက်တည်း စစ်ကောင်စီအကြမ်းဖက်တပ်ဖွဲ့ဝင်အယောက် ၄၀ နီးပါး သေဆုံးဟု NUG ထုတ်ပြန်

စက်တင်ဘာ ၂၇ ရက် မနေ့ကတရက်တည်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီ အကြမ်းဖက်တပ်ဖွဲ့ဝင် အယောက် ၄၀ နီးပါး သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

ကရင်နီ (ကယား) ပြည်နယ်၊ လွိုင်ကော်မြို့၊ ကယန်းသာယာ လမ်းခွကုန်းမှာ စက်တင်ဘာ ၂၇ ရက် မနက်က တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ယောက် စနိုက်ပါနဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေ မိုင်းဆွဲတိုက်ခိုက်ခံရလို့ သေဆုံးတာရှိသလို ရခိုင်ပြည်နယ်နဲ့ ကရင်ပြည်နယ်အတွင်း တိုက်ပွဲတွေမှာလည်း စစ်ကောင်စီ တပ်ဖွဲ့တွေ နေ့စဉ်လိုလို ထိခိုက်ဒဏ်ရာရ သေဆုံးနေတာဖြစ်ပါတယ်။

အခုထုတ်ပြန်ထားတဲ့ အချက်အလက်ဟာ မြေပြင်အခြေအနေမှာ ပိုများနိုင်ပြီး တရက်တည်း ထိခိုက်ဒဏ်ရာရရှိတဲ့သူ အရေအတွက်ကတော့ ၇ ယောက်ထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေ ကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

NUG အစိုးရကတော့ ပြည်သူ့ခုခံတွန်းလှန်စစ်ပွဲ စတင်ခဲ့တဲ့ ၁ နှစ်အတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်ပေါင်း ၂၀,၁၅၀ ကျော်သေဆုံးကာ ဒဏ်ရာရသူ ၇,၀၀၀ ကျော်လောက်ရှိလာပြီး စစ်ကောင်စီ စိုးမိုးအုပ်ချုပ်နိုင်တဲ့နေရာဟာ တိုင်းပြည် နယ်မြေအကျယ်အဝန်းရဲ့ ထက်ဝက်တောင် မရှိတော့ဘူးလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်နေ့ ပြည်သူ့ခုခံတော်လှန်စစ် ကြေညာခြင်း တနှစ်ပြည့် အထိမ်းအမှတ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက  နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားရာမှာ ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပြီး ၁ နှစ်တာ ကာလအတွင်း ခန့်မှန်းခြေစာရင်းအရ PDF တွေနဲ့ မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် သူရဲကောင်းရဲဘော်တွေ စုစုပေါင်း ၁,၅၀၀ ကျော် ကျဆုံးခဲ့တယ်လို့လည်း သူက ပြောပါတယ်။

လူထုသပိတ်တိုက်ပွဲတွေအနေနဲ့ မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာ ၇ ကြိမ်နဲ့ အများဆုံးဖြစ်ပွားခဲ့ပြီး မကွေးတိုင်းဒေသကြီးနဲ့ ရန်ကုန်တိုင်းဒေသကြီးတို့မှာ ၁ ကြိမ်စီ ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက်စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

ဒါ့အပြင် စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်တာခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည်အထက်ပိုင်း လမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ NUG အစိုးရက ပြီးခဲ့တဲ့ ဇွန် ၂၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

46 seconds Ago

လွိုင်ကော်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး စနိုက်ပါ ထိမှန်သေဆုံး၊ ဒီးမော့ဆိုတွင် KDF ရဲဘော် ၁ ဦး ကျဆုံး

ကရင်နီ (ကယား) ပြည်နယ်၊ လွိုင်ကော်မြို့၊ ကယန်းသာယာ လမ်းခွကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ယောက် စနိုက်ပါနဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၂၇ ရက် မနက် ၁၀ နာရီလောက်က အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ဆေရး စနိုက်ပါအဖွဲ့နဲ့ KNDF B O2  စနိုက်ပါ အဖွဲ့တို့ ပူးပေါင်းပြီး ကယန်းသာယာ လမ်းခွကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စနိုက်ပါတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ယောက် သေဆုံးသွားတယ်လို့ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေး အဖွဲ့က ထုတ်ပြန်ပါတယ်။

မနက်  ၁၀ နာရီကနေ နေ့လယ် ၁၂ နာရီခွဲအထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အထိနာသွားတာကြောင့် စက်လက်တွေ၊ စနိုက်ပါတွေ၊ ၆၀ မမတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် လက်တွေ့ မြေပြင်မှာ ကြုံတွေ့နေရတဲ့ ပြည်သူ့ရဲဘော်တွေရဲ့ လိုအပ်ချက်တွေဖြစ်တဲ့ လက်နက်ခဲယမ်းတွေ၊ ကျည်ဆန်တွေ ကူညီထောက်ပံ့ပေးကြဖို့ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့က တောင်းဆိုထားပါတယ်။

ဒီးမော့ဆိုမြို့၊ ကုန်းသာကျေးရွာတိုက်ပွဲမှာတော့ ကယား (ကရင်နီ) တော်လှန်ရေးတပ်ပေါင်းစု KRU တပ်ဖွဲ့ဝင် ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF) တပ်ဖွဲ့မှ ရဲဘော်တယောက် လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာကို ဆေးကုသမှုခံယူရင်း ကျဆုံးသွားတယ်လို့ KRU က ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၂၆ ရက်က ကုန်းသာကျေးရွာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးထိမှန်ပြီး ဒဏ်ရာအပြင်းအထန် ရရှိခဲ့တဲ့ ရဲဘော် ခွန်စိုးပိုင်သူ (ခ) ခွန်ပေး (ခ) အခြောက်မဟာ ဆေးဝါးကုသမှု ခံယူနေရင်း ၂၇ ရက်နေ့ မနက် ၁၀ နာရီခွဲလောက်မှာ ကျဆုံးသွားတယ်လို့ KRU တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။

“ကျဆုံးသွားတဲ့ ရဲဘော်က ခါးအရိုးတွေပါ ထိသွားတာ။ ဒဏ်ရာက တော်တော်ပြင်းပါတယ်။ ဆေးရုံမှာ တောင့်ခံရင်း ကျဆုံးသွားတာ။ ဒီးမော့ဆိုမြို့ ကုန်းသာတိုက်ပွဲမှာ တိုက်ပွဲဖြစ်နေတာ ၇ လ ကြာပါပြီ။ တိုက်ပွဲတွေအတွင်း KRU မှ ရဲဘော် ၂ ဦး သေဆုံးပြီး ၅ ဦးက ခြေလက်အင်္ဂါ ဆုံးရှုံးထားပါတယ်။”

ဒီးမောဆိုမြို့ ကုန်းသာကျေးရွာမှာ စစ်ကောင်စီက တပ်စွဲထားပြီး တိုက်ပွဲတွေအတွင်း လေကြောင်းကို ဆက်တိုက်အသုံးပြုလာသလို လက်နက်ကြီးအသုံးပြုမှုတွေလည်း ပိုမို များပြားလာတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေအတွင်း ကယား (ကရင်နီ) တော်လှန်ရေးတပ်ပေါင်းစု KRU မှ ရဲဘော်တွေအနေနဲ့ လက်နက်ခဲယမ်း အဓိက လိုအပ်ချက်ရှိနေပြီး အကန့်အသတ်နဲ့ တိုက်ပွဲဝင်နေရသလို ကျည်ဆန်ကုန်သွားပါက တိုက်ပွဲအတွင်း ထိုင်နေရပြီး နောက်တန်းပြန်ဆုတ်ဖို့ ခက်ခဲတယ်လို့ KRU က ပြောပါတယ်။

1 hour Ago

မုံရွာနှင့် ချောင်းဦးကြားတွင် စစ်တပ်ယာဉ်တန်း ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာနဲ့ ချောင်းဦးကြားမှာ စစ်ကောင်စီယာဉ်တန်းကို စက်တင်ဘာ ၂၇ ရက် မနက်က ပဒေသာမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

အဲ့ဒီစစ်ယာဉ်တန်းဟာ မန္တလေး-မုံရွာ လမ်းပိုင်းမှာ စက်တင်ဘာ ၂၆ ရက်က မိုင်းထိပျက်စီးပြီး ကျန်ရစ်ခဲ့တဲ့ ကား ၂ စီးကို မုံရွာမြို့ဘက် ပြန်လည်ဆွဲယူလာတာဖြစ်ပြီး မုံရွာနဲ့ ချောင်းဦးကြားမှာ ‌ပဒေသာမိုင်း ၃ လုံးတွဲနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ People's Defence Force - South Monywa မှ တာဝန်ရှိသူက “ပျက်စီးလို့ ဆွဲလာတဲ့ ကားနှစ်စင်း အပါအဝင် စစ်ယာဉ်တန်းမှာ စုစုပေါင်း ၆ စင်း မောင်းလာတာ။ ပဒေသာမိုင်းနဲ့ ပထမအကြိမ် တိုက်ခိုက်တာ ၃ စင်းမြောက်နဲ့ ၅ စင်းမြောက်ကားတွေကို အတိအကျ ထိမှန်ပါတယ်။ အဲ့ဒီမှာ သူတို့ဘက်က RPG တလုံး အပါအဝင် လက်နက်ငယ်တွေနဲ့ ရမ်းပစ်ပြီး မောင်းပြေးသွားတယ်။ ကျနော်တို့ဘက်ကတော့ ရဲဘော်တချို့ ပွန်းပဲ့ဒဏ်ရာ အနည်းငယ်ကလွဲရင် ကြီးကြီးမားမား ဘာမှမဖြစ်ခဲ့ပါဘူး” လို့ ပြောပါတယ်။

ဒါ့အပြင် မောင်းပြေးသွားတဲ့ အဲ့ဒီစစ်ယာဉ်တန်းကို ၁၅ မိနစ်လောက်အကြာမှာ ပဒေသာမိုင်း ၃ လုံးနဲ့ ထပ်မံဖောက်ခွဲတိုက်ခိုက်ရာ ၆ စီးမြောက်ကား ကိုယ်ထည်ကို ထိမှန်ခဲ့တဲ့အပြင် ကားမှန်တွေလည်း ပျက်စီးသွားပြီး အချိန်အတန်ကြာ ထိုးရပ်သွားခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် ‌ရှေ့ယာဥ်တန်းမှာ မောင်းသွားတဲ့ စစ်ကားတစီးက ပြန်လှည့်ကာ မိုင်းထိသွားတဲ့ ကားကို ဆွဲယူသွားတယ်လို့ သိရပါတယ်။

ပထမအကြိမ် မိုင်းဆွဲတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက် သေဆုံးခဲ့ပြီး ဒုတိယအကြိမ် တိုက်ခိုက်မှုမှာတော့ ၇ ယောက် သေဆုံးသွားတဲ့အပြင် ဒဏ်ရာရသူလည်း များပြားတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုတွေကို People's Defence Force - South Monywa၊ Monywa Ranger Group/Truth Army နဲ့ Farmers Revolution Force တို့က ‌လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

စက်တင်ဘာ ၂၅ ရက်နေ့ကလည်း မုံရွာ-ချောင်းဦး လမ်းပိုင်းမှာ မိုင်းထိမှန်ပျက်စီးသွားတဲ့ စစ်ကားကို ပြုပြင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ချောင်းဦးဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ယောက် သေဆုံးပြီး သေနတ် ၃ လက်နဲ့အတူ ကျည်တွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

4 hours Ago

မြစ်ကြီးနားမြို့ပေါ်တွင် မိုင်းသတိပေး ကြေညာချက်ကြောင့် ဒေသခံများ စိုးရိမ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်မှာ မိုင်းရှိသည်ဆိုတဲ့ သတိပေးကြေညာချက် ကပ်ထားတဲ့အတွက် စိုးရိမ်ထိတ်လန့်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သီတာရပ်ကွက်မှာရှိတဲ့ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ရုံး ခြံစည်းရိုး အုတ်တံတိုင်းမှာ မိုင်းရှိသည်၊ ဖြတ်သန်းသွားလာခြင်းမပြုရ ဆိုတဲ့ သတိပေးကြေညာချက် ချိတ်ဆွဲထားတဲ့အတွက် စိုးရိမ်ထိတ်လန့်နေကြတာလို့ ဆိုပါတယ်။

သီတာရပ်ကွက်နေ ပြည်သူတယောက်က “မြို့ပေါ်ရပ်ကွက်ထဲမှာ ဒါမျိုး မိုင်းသတိပေးကြေညာချက် ကပ်တာ တခါမှ မတွေ့ခဲ့ရဘူး။ ကလေးတွေက ခြံစည်းရိုးနား သွားကစားနေတာ။ အဲ့နား သွားမဆော့အောင်တော့ ပြောထားရတယ်။ ကိုယ် သတိလက်လွတ်ဖြစ်နေတဲ့အချိန် အဲ့အနားသွားဆော့လို့ တခုခုဖြစ်သွားမှာ စိုးရိမ်တယ်” လို့ ပြောပါတယ်။

မိုင်းရှိသည် သတိပေးကြေညာချက်ကို စက်တင်ဘာ ၂၇ ရက်က စစ်ကောင်စီလက်အောက်ခံ အဖွဲ့တွေ လိုက်ကပ်ခဲ့တာဖြစ်ပြီး အရင်ရက်တွေကလည်း စ.ရ.ဖရုံးနဲ့ ဆုတောင်းပြည့် ဘုရားအနီး ဖြတ်သန်းသွားလာတဲ့ ဆိုင်ကယ်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက Tool Box ဖွင့်ခိုင်းပြီး စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

မြစ်ကြီးနားမြို့ သီတာရပ်ကွက်မှာရှိတဲ့ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စ.ရ.ဖ) ရုံးကို စက်တင်ဘာ ၈ ရက်က ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် KPDF က သွားရောက် တိုက်ခိုက်ခဲ့ပါသေးတယ်။

4 hours Ago

ဆင်မင်းရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးနှင့် PDF ၁ ဦး ကျဆုံး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆင်မင်းကျေးရွာမှာ စက်တက်ဘာ ၂၇ ရက် မနက် ၄ နာရီလောက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ၂ ဦးကျဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

မြောင်မြို့နယ် ကျောက်ရစ်စခန်းကနေ မနက် ၃ နာရီလောက် ဆင်မင်းရွာကို ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြတာလို့ သိရပါတယ်။

မြောင်မြို့နယ် ပြည်သူ့တပ်မတော်အဖွဲ့မှ ကိုသမန်းကျားက “သူတို့ထွက်လာပြီဆိုတဲ့သတင်း ကြားတာနဲ့ ဆင်မင်းရွာထိပ်ကနေ ကြိုတင်ကင်းစောင့်ဖို့ အသွားမှာ စစ်ကောင်စီတပ်နဲ့ ထိပ်တိုက်တိုးပြီး မီတာ ၅၀ အကွာအဝေးလောက်မှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်။ သူတို့ဘက်ကတော့ အသေအပျောက် ၂ ဦးရှိကာ ၅ ဦး ဒဏ်ရာရတယ်လို့ သိရတယ်။ ကျနော်တို့ဘက်ကတော့ တပ်စိပ်မှူး ဗိုလ်စနေ ကျဆုံးသွားရတယ်။ ကျဆုံးသွားတဲ့ ရဲ‌ဘော်ရဲ့ အသက်က ၂၅ နှစ်လောက်ပဲရှိမယ်” လို့ ပြောပါတယ်။

ဒေသခံရွာသားတဦးက “မနက်ခင်း အစောကြီး တိုက်ပွဲဖြစ်ပွားကြတာ။ သူတို့လာမယ်ဆိုတာ ကြိုမသိထားတော့ အိပ်နေရာကနေ ထပြေးရတာဗျ။ PDF တွေကတော့ ရွာသားတွေကို ကယ်ထုတ်ပေးတယ်။ စစ်ကောင်စီကတော့ ရွာက ဦးဇင်းလေးကို ခေါင်းကို ခြေထောက်နဲ့ လေးငါးချက်လောက်ကန်ပြီး သူတို့ကို သေနတ်နဲ့ပစ်တဲ့ PDF တွေက ဘယ်သူလဲလို့ စစ်မေးတာတွေ လုပ်ခဲ့တယ်။ နောက်ပြီး သူတို့ထဲက အသေအလောင်းနှစ်လောင်းကို သင်္ကန်းတွေနဲ့ ပုခက်လုပ်ပြီး မနက် ၄ နာရီ‌လောက် ကျောက်ရစ်စခန်းကို ပြန်သွားကြတယ်။ ဒဏ်ရာရတဲ့သူကလည်း ၅ ဦးလောက်ရှိမယ်” လို့ ပြောပါတယ်။

မြောင်မြို့နယ်အတွင်း စစ်ကောင်စီတပ်တွေက ညဘက် စစ်ကြောင်းထိုးတာတွေ ပြုလုပ်နေတာကြောင့် ညအချိန် ထွက်ပြေးနေရပြီး ဒုက္ခရောက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုတိုက်ပွဲဖြစ်ရာ ဆင်မင်းကျေးရွာဟာ အိမ်ခြေ ၁၇၀ လောက်ရှိပြီး စစ်ကောင်စီ အထိုင်ချစခန်းဖြစ်တဲ့ ကျောက်ရစ်စခန်းနဲ့ နှစ်မိုင်လောက်သာဝေးတဲ့ ကျေးရွာဖြစ်တယ်လို့ သိရပါတယ်။

မြောင်မြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့ စစ်ရေးအခြေအနေ နေ့စဉ်တိုင်းလိုလို တင်းမာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

5 hours Ago

တနှစ်ခွဲကျော်အတွင်း စစ်အုပ်စု အကြမ်းဖက်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၂၃၂၀ ကျော်ထိ ရှိလာ

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၁ နှစ်ခွဲကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၃၂၂ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၅,၆၆၂ ယောက်ထိရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၂,၅၁၉ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၄၉၁ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူအရေတွက်ကတော့ ၈၄ ယောက်ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၂၆ ယောက် ရှိလာခဲ့ပြီဖြစ်ပါတယ်။

လတ်တလောအချိန်ထိ အာမခံနဲ့ လွတ်မြောက်သူ ၂၂ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၃,၁၂၁ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အေအေပီပီကနေ လက်လှမ်းမီသမျှ မှတ်တမ်း ပြုစုထားချက်အရ အာဏာသိမ်းချိန်ကနေ ပြီးခဲ့တဲ့ ဩဂုတ်လကုန်ထိ အကြမ်းဖက်စစ်အုပ်စုက မတရားချိပ်ပိတ်သိမ်းဆည်းခဲ့တဲ့ နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း ၇၆၀ ခုထက်မနည်းရှိခဲ့တယ်လို့ ဆိုပါတယ်။

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)  ပါတီဥက္ကဌဖြစ်သူ ဦးအောင်ဌေးဦးကို စစ်သားနဲ့ ရဲတွေက ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်နေ့လယ် ၂ နာရီလောက်မှာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။ ဦးအောင်ဌေးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ကို ထောက်ပံ့တာနဲ့ ဖောက်ခွဲရေးမှာ ပါဝင်ပက်သက်တာတွေ ပြုလုပ်တယ်လို့ စွပ်စွဲကာ ဖမ်းဆီးခဲ့တာလို့ ဆိုပါ တယ်။

ဒါ့အပြင် စက်တင်ဘာ ၂၂ ရက်မနက် ၇ နာရီအချိန်ကလည်း ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ကျွန်းပင်ဆိပ်ကျေးရွာက စောအားထော်မူးဟာ မြှုံးသွားကြည့်ပြီးအပြန် အကြမ်းဖက်စစ်အုပ်စုတပ် ထောင်ထားတဲ့ မိုင်း ကို နင်းမိခဲ့ကာ မိုင်းပေါက်ကွဲသံထွက်တဲ့ တချိန်တည်းမှာပဲ ခမရ-၆၀၃ က အဆိုပါနေရာကို ရောက်ရှိလာခဲ့တယ်လို့ ဆိုပါတယ်။ စောအားထော်မူးဟာ သွေးမတိတ်တာကြောင့် ကျေးရွာနေ ပြည်သူလူထုတွေက သူ့ ကို ကျောက်ကြီးမြို့ဆီ ပို့ဆောင်ဖို့ စီစဉ်ခဲ့ပေမယ့် ခွင့်မပြုဘဲ နတ်သံကွင်းကို ပို့ဆောင်ခိုင်းခဲ့ကာ နတ်သံကွင်းကိုမရောက်ခင် ဝဲကြီးကျေးရွာအရောက် မနက် ၁၁ နာရီအချိန်မှာ သွေးထွက်လွန်ပြီး သေဆုံးသွား ခဲ့တယ်လို့ သိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

6 hours Ago
More News
Up