မှုခင်း/မူးယစ်ဆေး

December 4, 2022

ဘူးသီးတောင်၌ ကျပ်သိန်း ၇၀၀၀ ကျော်တန်ဖိုးရှိ ပိုင်ရှင်မဲ့ စိတ်ကြွဆေးဝါးများ ဖမ်းဆီးရမိ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့အဝင် ဂန္ဓမာကျေးရွာနားမှာ ဒီဇင်ဘာ ၃ ရက် ညနေပိုင်းက ကျပ်သိန်း ၇၀၀၀ ကျော်တန်ဖိုးရှိ Wy စိတ်ကြွရူးသွပ်မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်တပ်ဖွဲ့နဲ့  နီးစပ်သူ တဦးက ပြောပါတယ်။

"မနေ့က ညနေ ၃ နာရီ လောက်မှာ ဖမ်းမိတာ ။ ဂန္ဓမာကျေးရွာနားမှာ  ရပ်ထားတာကို သတင်းအရ အဖွဲ့ပေါင်းစုံကသွားပြီး ဖမ်းဆီးခဲ့တာ။ ဟိုဘက်ကလည်း သတင်းရထားတော့ ကားဒရိုင်ဘာနဲ့ စပယ်ယာတို့ ထွက်ပြေးသွားကြပြီ။ ရှေ့လည်း မသွားရဲတော့ဘဲ ရပ်ထားခဲ့ကြတာ။” 

စိတ်ကြွဆေးတွေကို ယာဉ်အမှတ်-MDY/5A-8004 ဟိုင်းလတ်(အဖြူရောင်)(လိုင်စင်မဲ့)ရဲ့ ယာဉ်ခေါင်မိုးပေါ်မှာ တင်ထားတဲ့  ကားတာယာအဟောင်းအတွင်းနဲ့ ကားအောက်ပိုင်းက ဆီတိုင်ကီ အဟောင်းအတွင်း သိုဝှက်ထည့်ထားတာဖြစ်ပါတယ်။

အဲဒီကနေ ပလပ်စတစ်အိတ်နဲ့ ထုပ်ပိုးထားတဲ့ အထုပ်ကြီး ၃၅ ထုပ်ထဲက WY/R စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား  ၃၅၀,၀၀၀ ပြား ကာလတန်ဖိုး ကျပ်သိန်း ၇၀၀၀ ကျော်လောက်ကို ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့တာပြီး ပိုင်ရှင်ကို စုံစမ်းနေတယ်လို့ သိရပါတယ်။

လတ်တလောမှာတော့ ယာဉ်ပိုင်ရှင်နဲ့ မူးယစ်ဆေးဝါသယ်ဆောင်သူတွေကို ဖော်ထုတ် ဖမ်းဆီး နိုင်ရေး  ဆောင်ရွက်နေပြီး ဖမ်းဆီးရမိ မူးယစ်ဆေးဝါးတွေနဲ့ လိုင်စင်မဲ့ယာဉ်ကို ဘူးသီးတောင်မြို့ နယ်၊ တောင်ဘဇာနယ်မြေရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။

6 hours Ago

ရန်ကုန် Transporter Bar ယာဉ်ရပ်နားရာနေရာ၌ ဗုံးပေါက်ကွဲ

ရန်ကုန်၊ တောင်ဥက္ကလာပမြို့နယ်၊ ၈ ရပ်ကွက်၊ ဝေဇယန္တာလမ်းမပေါ်မှာဖွင့်လှစ်ထားတဲ့   Transporter Restaurant and Bar ရှိကားရပ်နားရာ နေရာမှာ နိုဝင်ဘာ ၃ ရက်၊ ည ၉ နာရီ လောက်က ဂဠုန်မြို့ပြပျောက်ကြားအဖွဲ့နဲ့ Never Die Defense Force (N.D.D.F) အဖွဲ့တို့ ပူးပေါင်း ဗုံးဖောက်ခွဲခဲ့တယ်လို့  ထုတ်ပြန်ပါတယ်။

Transporter Barရဲ့ ဝင်ပေါက်မှာ ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး ဗုံးကွဲမှုမှာ လူတွေ ထိခိုက်တာနဲ့ အပျက်အစီး မရှိပေမဲ့ ပေါက်ကွဲမှုဖြစ်ပြီး ၁၀ မိနစ်အကြာမှာပဲ စစ်ကောင်စီတပ်နဲ့ရဲတွေ ရောက်လာတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

ဗုံးပေါက်ကွဲမှုဖြစ်စဉ်ကို မြင်တွေ့ခဲ့သူတစ်‌ဦးက  "ပေါက်တာက ရပ်ထားတဲ့ ကားနှစ်စီးကြားက ဖြစ်တာ၊ ဧည့်ကြိုကောင်လေးတွေလည်း ရှိတယ်။ လူတွေရော၊ ကားတွေရော ဘာမှမဖြစ်ပါဘူး။ ခဏပဲ ကြာတယ်။ စစ်တပ်က ရောက်လာတာ ဒီက လူကြီးတွေနဲ့ အရှေ့မှာ နည်းနည်းပါးပါး မေးမြန်းတာမျိုးလောက်ပဲ လုပ်ပြီး ပြန်ထွက်သွားကြပါတယ် " လို့ ပြောပါတယ်။

Transporter Bar က စစ်ကောင်စီရဲ့ အရာရှိသားသမီးတွေ အများဆုံး လာတတ်တဲ့နေရာ ဖြစ်တဲ့အပြင် နာမည်ကြီး အဆိုတော်တချို့ရဲ့ ဖျော်ဖြေမှုတွေနဲ့ DJ ပွဲတွေ ရှိနေတတ်တာဖြစ်ပါတယ်။

ဗုံးပေါက်ကွဲမှုဟာ အဝေးထိန်းမိုင်းနဲ့ဖောက်ခွဲခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူအခြေအနေမသိရဘူးလို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတစ်ဦးက ဒီဗွီဘီ ကိုပြောပါတယ်။

"အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတာဖြစ်မယ်၊ လူထိလား မထိလားတော့ မသိဘူး။အော်ဟစ်ဆူညံသံတွေတော့ ကြားနေရတာပဲ ခဏနေတော့ စစ်တပ်ရောက်လာတာပဲ။"

ကားရပ်နားရာနေရာက ဗုံးပေါက်ကွဲမှုကို ဘားထဲက လူတွေတောင် မသိလိုက်ဘူးလို့ ဆိုသူတွေလည်း ရှိပါတယ်။ ဒီပေါက်ကွဲမှုနဲ့ ပတ်သက်လို့ Transporter Bar ကို ဆက်သွယ်မေးမြန်းကြည့်ရာမှာတော့ ပေါက်ကွဲမှု ဖြစ်တယ်ဆိုတာ ကောလာဟလသာဖြစ်ပြီး တကယ်မဖြစ်ခဲ့ပါဘူးလို့ တာဝန်ရှိသူက ပြန်လည်ဖြေဆိုပါတယ်။

Transporter Bar က တာဝန်ရှိသူတစ်ဦးက “ညီမတို့ ကားပါကင်မှာတော့ ဗုံးပေါက်ကွဲမှု မရှိပါဘူး၊ အခုလောလောဆယ်လည်း မဖြစ်ပါဘူး ကောလာဟလ သတင်းပဲ ဖြစ်ပါလိမ့်မယ်။ ညီမတို့ဘက်က အဲဒီဟာတော့ လုံးဝ မဖြစ်ပျက်သွားဘူး ” လို့ ပြောပါတယ်။

ဒါပေမဲ့ Transporter Bar ဗုံးပေါက်ကွဲမှု ဖြစ်ပြီးချိန်မှာ စစ်ကောင်စီတပ်နဲ့ရဲတွေဟာ ဝေဇယန္တာလမ်းမကြီးကို ခေတ္တပိတ်ကာ စစ်ဆေးခဲ့တယ်လို့လည်း မြို့ခံတွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက်နဲ့ ဒီဇင်ဘာလ ၂ ရက်နေ့တုန်းကလည်း မြောက်ဒဂုံနဲ့ လှိုင်မြို့နယ်တို့က စားသောက်ဆိုင် နှစ်ဆိုင်မှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ 

9 hours Ago

ရေး-သံဖြူဇရပ်ကားလမ်းတွင် ယာဉ်တိုက်မှုဖြစ်ပြီး လူ ၅ ဦး ဒဏ်ရာရ

မွန်ပြည်နယ်၊ ရေး-သံဖြူဇရပ်ကားလမ်းရှိ သံဖြူဇရပ်မြို့နယ်၊ ဝဲခမိကျေးရွာကားလမ်းတနေရာမှာ  ဒီဇင်ဘာ ၃ ရက် ည ၆ နာရီခွဲလောက်က    Probox ကားတစီးက ထင်းလုံးတင်တဲ့ကားတစီးကို အနောက်ကနေ ဝင်တိုက်လို့  လူ ၅ ယောက် ဒဏ်ရာရသွားတဲ့အကြောင်း ဒေသခံ လူမှုကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။ 

ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရတဲ့  အမျိုးသား လေးယောက်နဲ့  အမျိုးသမီး တယောက်တို့ကို ဝဲခမိတိုက်နယ်ဆေးရုံနဲ့   သံဖြူဇရပ်မြို့ပြည်သူ့ဆေးရုံကို  အရေးပေါ် ပို့ဆောင်ပေးရတာလို့ လူမှုကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

ဒေသခံတဦးက“ရာဘာထင်းတင်တဲ့ကားတွေကို ညဘက်ပေးမမောင်းသင့်ဘူး။ နောက်မီးမပါ ရှေ့မီးတစ်လုံးနဲ့လည်း မြို့လယ်ကောင်သွားလိုသွား၊ ညဘက်ဆိုလည်း ဘာမီးမှမပါပဲနဲ့လည်း ဓာတ်မီး တစ်ခုနဲ့သွားလို့သွား၊ လမ်ဘေးညအိပ်ရင်လည်း ဘေးမီးမထွန်းဘဲ လမ်းပေါ်မှာ ရှိနေတာကြောင့် ယာဥ်တိုက်မှုတွေက မကြာခဏဆိုသလိုဖြစ်ပါတယ်”လို့ ပြောပါတယ်။

ရေး-သံဖြူဇရပ်ကားလမ်းမှာဆို ယာဥ်မောင်းတွေ မဆင်မခြင်မောင်းနှင်မှုကြောင့် ယာဥ်တိုက်မှုတွေမှာ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိပြီး အခုနှစ်အတွင်း လူပေါင်း ၁ ဒါဇင်နီးပါးလောက် အသက်ဆုံးရှုံးခဲ့ရပါတယ်။

11 hours Ago

December 3, 2022

မွန်ပြည်နယ်တွင် ဓားပြမှုနှင့် လုယက်မှုများ ဆက်တိုက်ဖြစ်ပွားနေ

မွန်​ပြည်နယ်၊ မော်လမြိုင်မြို့၊ သီရိမြိုင်စျေးဘုရားနားက ရွှေအုန်းပင်ရွှေဆိုင်ကို ဒီဇင်ဘာ ၂ရက် မွန်းလွဲပိုင်းက အမည်မသိသေနတ်သမား တယောက်က သေနတ်ပြ ခြိမ်းခြောက်ကာ ဓားပြတိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နေ့လယ် ၂ နာရီ ​လောက်က သေနတ်သမားဟာ ဆိုင်ကယ်ကို သီရိမင်္ဂလာအိမ်ရာဘက်မှာရပ်ပြီး ရွှေဆိုင်ရှိတဲ့နေရာကို လျှောက်လာကာ ရွှေမလိုချင်ဘူး ပိုက်ဆံပဲလိုချင်တယ်လို့ ပြောကာ ဓားပြတိုက်သွားတာလို့ ရပ်ကွက်နေသူ တဦးက ပြောပါတယ်။

ရပ်ကွက်တာဝန်ရှိသူ တဦးက “ဆိုင်ရှင်လည်း ပထမပိုက်ဆံမရှိဘူး ပြောပေမဲ့ သေနတ်နဲ့ ချိန်ပြီး ခြိမ်းခြောက်တာကြောင့် အခြေအနေအရ ထုတ်ပေးလိုက်ရတယ်။ သိန်း ၂၀ လောက် ပါသွားတယ်”လို့ ဆိုပါတယ်။

ဓားပြတိုက်သွားပြီးနောက် ရဲတပ်ဖွဲ့ဝင်တွေက ရောက်လာပြီး လိုက်လံပိတ်ဆို့ စစ်ဆေးပေမယ့် သေနတ်သမားကတော့ လွတ်မြောက်သွားတယ်လို့ သိရပါတယ်။

ရေးမြို့နယ်မှာလည်း ပြီးခဲ့တဲ့ရက်ပိုင်းက ရေးဘီးလူးအမည်ခံ ဆိုင်ကယ်လုယက်မှု ဖြစ်ပွားခဲ့တယ် လို့ ရေးဘီးလူးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ရက်က ရေးကျုံးဘေး  မီးလင်းရေးရုံးနားမှာ Wave I ဆိုင်ကယ်တစီးနဲ့ စကားပြောနေတဲ့ လူငယ် နှစ်ယောက်ထံကနေ အမည်မသိ သေနတ်သမား နှစ်ယောက်ဟာ  ငါရေးဘီးလူးပဲလို့ ဆိုကာ လက်နက်ပြ ခြိမ်းခြောက်ပြီး  ဆိုင်ကယ်လုသွားတာလို့ လုယက်ခံရတဲ့ မိသားစုနဲ့နီးစပ်သူ က ပြောပါတယ်။

မြို့ခံတယောက်က “အခုလို မြို့လယ် အထင်ကရလူတွေ အသွားလာရှိတဲ့နေရာမျိုး နေ့ခင်းဘက်မှာတောင် ကျုံးနေရာမှာ သေနတ်ပြ ခြိမ်းခြောက် ဆိုင်ကယ်လုယက်နေတာဟာ အခုတခါနဲ့ဆိုရင် နှစ်ကြိမ်မြောက်ဖြစ်တယ်”လို့  ပြောပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေဟာ  လူငယ်တချို့ကို လက်သပ်မွေးပြီး တော်လှန်ရေးအင်အားစုတွေရဲ့ သတင်း တွေကို ရယူခိုင်းတာ၊ သူတို့ ပစ်မှတ်ထားသူတွေကို နောက်ယောင်ခံလိုက်ခိုင်းတာ  သတင်းပေး အဖြစ် စေခိုင်းတာအပြင် ခိုးဆိုးလုနှိုက်တွေကိုပါ  မသိသလို ခွင့်ပြုထားတယ်လို့ ရဲတပ်ဖွဲ့ဝင် နဲ့နီးစပ်တဲ့သူက ဆိုပါတယ်။

အခုဖြစ်စဥ်တွေနဲ့ပတ်သက်လို့ ရေးဘီးလူးနာမည် သုံးပြီး ဆိုင်ကယ်လုယက်တာကို စုံစမ်း ဖော်ထုတ်ကာ စစ်ကောင်စီလက်အောက်ခံ​တွေလိုပဲ ရှင်းလင်းသွားမယ်လို့ ရေးဘီးလူးအဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။

မွန်ပြည်နယ်မှာ အခုနှစ်အတွင်း ခိုးဆိုး၊ လုယက်၊ ဓားပြတိုက်တဲ့ ဖြစ်စဥ်တွေကြောင့် သေဆုံးခဲ့သူ  ၅ ယောက်ထက်မနည်းရှိခဲ့ပေမဲ့ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့  ဖော်ထုတ်ဖမ်းဆီးနိုင်တာ မရှိသေးပါဘူး။

စစ်အာဏာသိမ်းပြီးနောက် ခိုးဆိုး၊ လုယက်၊ ဓားပြတိုက်တာတွေ နေရာအနှံ့ဖြစ်ပွားလာသလို အလုပ်လက်မဲ့တွေ၊ စားဝတ်နေရေး ကျပ်တည်းသူတွေလည်း ပိုများလာပါတယ်။

1 day Ago

ထောက်ကြန့်တွင် ယာဉ်မောင်းကိုသတ်ပြီး တက္ကစီကို လုယက်မှုဖြစ်ပွား

ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့၊ မောင်းမကန်ဂိတ်ဟောင်းမှတ်တိုင်နားက လှော်ကားလမ်းမပေါ်မှာ ဒီဇင်ဘာ ၁ ရက်က  ပရိုဘောက် တက္ကစီတစီး လုယက်ခံရ‌တဲ့အပြင် ယာဉ်မောင်းဖြစ်သူကိုပါ သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပါတယ်။ 

လုယက်သတ်ဖြတ်ခံရတဲ့  အသက် ၃၄ နှစ် အရွယ်ရှိ  တက္ကစီယာဉ်မောင်းအမျိုးသားဟာ ထောက်ကြန့်မြို့၊ ဘောလုံးကွင်းရပ်ကွက်မှာနေထိုင်ပြီး  အသက် ၁၀ နှစ်အရွယ်နဲ့  ၁ နှစ် ၈ လ အရွယ် ကလေးနှစ်ယောက်နဲ့ ဇနီးဖြစ်သူတို့ ကျန်ရစ်ခဲ့ပါတယ်။

အဆိုပါနေ့ ညနေ ၄ နာရီလောက် ထောက်ကြန့်-ပဲခူး လမ်းဆုံဂိတ်မှာ တက္ကစီ ထိုးထားချိန် အမျိုးသား နှစ်ယောက်က  လှော်ကားဘက်ကို ကားငှားရမ်းခဲ့လို့ လိုက်ပို့စဉ် လမ်းမှာ အသတ်ခံခဲ့ရတာလို့ သူ့ရဲ့ မိသားစုကပြောပါတယ်။

လုယက်သူတွေ ယာဉ်မောင်းကိုသတ်ပြီး ကားပေါ်ကနေ လမ်းဘေးပစ်ချသွားခဲ့တာဖြစ်ပြီး ယာဉ်မောင်းရဲ့ လည်ပင်းမှာ ထိုးသွင်း ဒဏ်ရာတစ်ချက်နဲ့ သေဆုံးလျက်အနေအထားကို  လမ်းသွားလမ်းလာတွေကတွေ့ရှိခဲ့လို့ ရဲစခန်းကို အကြောင်းကြားရာက မိသားစုဝင်တွေ သိရှိခဲ့တာလို့ ဆိုပါတယ်။

သေဆုံးသူအမျိုးသားရဲ့ ဇနီးဖြစ်သူက“ သူ့ကို ကားလာငှားတယ်၊ နှစ်ယောက်တဲ့၊ ကျမ အိမ်ကနေ ၃ နာရီခွဲလောက်က ထွက်သွားတာ။ အဲ့လောက်မှာတော့ သူ အော်ဒါပါသွားတယ်။    ၄ နာရီခွဲ လောက်မှာသတင်းရတာ။ သတင်းရတယ်ဆိုတာလမ်းမှာ လဲနေတယ်   လူတစ်ယောက်လဲနေတယ်ဆိုတော့ ထောက်ကြန့်စခန်းကို အကြောင်းကြားတော့ သူ့ကို Dead Body နဲ့အတူ ဖုန်းတွေ့တဲ့အခါမှာ ဖုန်းက call list တစ်ခုကို ပြန်ဆက်ရင်း ကျမတို့ဆီ သတင်းရောက်လာတာ"လို့ ပြောပါတယ်။ 

လုယက်ခံရတဲ့ ကားက မိသားစုပိုင်ဖြစ်ပြီး  လုယက်သူတွေဟာ ပရိုဘောက်ကားအပြင် ငွေသားအနည်းငယ်၊ ကားလိုင်စင်၊ wheel tax တို့ပါ ယူဆောင်သွားပေမဲ့ ယာဉ်မောင်းကိုင်ထားတဲ့ ဟွာဝေးအမျိုးအစား ဖုန်းကိုတော့ ထားခဲ့တယ်လို့ သိရပါတယ်။ 

နိုဝင်ဘာလ ၂ ညပိုင်းအထိ ကျူးလွန်သူတွေကို ဖမ်းမိထားတာ မရှိသေးသလို အဆိုပါ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မင်္ဂလာဒုံမြိုနယ်၊ ထောက်ကြန့်ရဲစခန်းကို ဖုန်းဆက်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။ 

1 day Ago

မောင်တောတွင် အေအေနှင့်ဆက်နွှယ်သူ ၁၀၀ ကျော်အား ဖမ်းဆီးရန် ခရိုင်ရဲ ညွှန်ကြား

ရခိုင်ပြည်နယ်၊ မောင်တောမြို့ပေါ်မှာ ရက္ခိုင့်တပ်တော် (အေအေ)နဲ့ ပတ်သက်ဆက်နွှယ်သူ အယောက် ၁၀၀ ကျော်ကို ဖမ်းဆီးဖို့ မောင်တောခရိုင်ရဲတပ်ဖွဲ့က ညွှန်ကြားထားတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ မောင်တော ဒေသခံတွေထံက သိရပါတယ်။

ဒီဇင်ဘာ ၂ ရက် နေ့လယ်ပိုင်းမှာ မောင်တောခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ကိုကိုလေးက မြို့ပေါ်  ရပ်ကွက် ၆ ခုမှ အုပ်ချုပ်ရေးမှူးတွေကို  ခေါ်ယူပြီးညွှန်ကြားခဲ့တာလို့ ဆိုပါတယ်။

မောင်တောဒေသခံတစ်ဦးက "မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို ခရိုင်ရဲတပ်ဖွဲ့မှူးက အစည်းအဝေးခေါ်ပြီး လူစာရင်းတွေပေးလိုက်တာလို့သိရတယ်ဗျ။ ရပ်ကွက်အလိုက် အေအေနဲ့ ဆက်စပ်သူတွေရဲ့ လူစာရင်းတွေလို့ ရပ်ကွက်အုပ်ချုပ်တွေက ပြောတယ်။ ရပ်ကွက်အားလုံးက လူ ၁၀၀ ကျော်လောက်ရှိတယ်လို့ သိရတယ်။ အဲ့ဒီလူတွေကို ဖမ်းဆီးပေးဖို့ညွှန်ကြားတယ်တဲ့။" လို့ ပြောပါတယ်။

အေအေကို ငွေကြေးထောက်ပံ့တယ်လို့ သံသယနဲ့ လက်ရှိဖမ်းဆီးအမှုဖွင့်၊ တရားစွဲခံထားရသူတွေရဲ့ ထွက်ဆိုချက်နဲ့ မတရားစွပ်စွဲကာ နောက်ထပ်ဖမ်းဆီးမယ့် လူ ၁၀၀ ကျော်စာရင်းကို စစ်ကောင်စီက ပြုစုထားတာဖြစ်တယ်လို့ မောင်တောခရိုင်ရဲတပ်ဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။

"ဒီလူစာရင်းက ရဲမှူးဆီကို စစ်ကောင်စီတပ်ကပေးလာတာလို့သိရတယ်။ ပြောရရင် ရဲကိုဖမ်းပေးရ မယ်ပေါ့ဗျာ။ ရဲကလည်း လူတွေနဲ့ နာမည်တွေကို တွဲမသိတော့ ရပ်ကွက်အလိုက် လူစာရင်းလုပ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို ရဲမှူးကဖမ်းဆီးပေးဖို့ ညွှန်ကြားလိုက်တာ။"

စစ်ကောင်စီက ဖမ်းဆီးမယ့်သူအယောက် ၁၀၀ ကျော်ထဲမှာ အရပ်သားတွေသာမက ဌာနဆိုင်ရာဝန်ထမ်းတွေလည်း များစွာပါဝင်နေတယ်လို့ စုံစမ်းသိရပါတယ်။

နိုဝင်ဘာ၂၆ ရက်ကလည်း  မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရုံးစာရေးတယောက်ကို မောင်တောခရိုင် ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး ကိုကိုလေး ကိုယ်တိုင် ဦးဆောင်ပြီးဖမ်းဆီးခဲ့တယ်လို့  ဒေသခံတွေထံက သိရပါတယ်။

ထိုအတူ ရပ်ကွက် လူနေအိမ်တချို့နဲ့ မောင်တောမြို့နယ်ပညာရေမှူးရုံးဝင်းရှိ ဝန်ထမ်းအဆောင်ကိုလည်း စစ်ကောင်စီတပ်တွေ အလုံးအရင်းနဲ့ ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ပြီး ဖမ်းဆီးခံရသူတော့ မရှိပါဘူး။

1 day Ago

ဧရာဝတီတိုင်း၌ ဗုံးပေါက်ကွဲပစ်ခတ်မှုများကြောင့် တလအတွင်း စစ်အုပ်စုဝင် ၉ ဦး သေဆုံး

ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း ဗုံးပေါက်ကွဲမှုနဲ့ သေနတ်ပစ်ခတ်ခံရမှုတွေကြောင့် ကြံ့ခိုင်ရေးပါတီဝင် ၃ ဦးနဲ့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူ ၆ ဦး စုစုပေါင်း ၉ ဦး  သေဆုံးခဲ့တယ်လို့ ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက သိရပါတယ်။

ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးရုံးနဲ့  နီးစပ်သူတစ်ဦးက  "နိုဝင်ဘာလမှာ ဧရာဝတီတိုင်းထဲ သေနတ်နဲ့ ပစ်ခတ်ခံရလို့ ဗုံးပေါက်ကွဲမှုဖြစ်လို့ စုစုပေါင်း ၉ ဦးသေဆုံးတယ်။ ကြံ့ခိုင်ရေးပါတီက ၃ ဦးပါတယ်။ ကျန်တာတွေကတော့ စစ်ကောင်စီအဖွဲ့နဲ့ နီးစပ်ပြီး လက်ပွန်းတတီးနေတဲ့သူတွေ ပစ်ခတ်ခံရလို့ သေဆုံးခဲ့တာ" လို့ ပြောပါတယ်။

ကြံ့ခိုင်ရေးပါတီဝင် ၁ ဦးဟာ ဗုံးခွဲတိုက်ခိုက်ခံရလို့ သေဆုံးခဲ့ကာ ကျန် ၂ ဦးကတော့ သေနတ်နဲ့ပစ်သတ်ခံခဲ့ရလို့ ဖြစ်ပြီး သေဆုံးခဲ့တဲ့အထဲမှာ အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၆ ဦးပါဝင်ပါတယ်။

ဗုံးပေါက်ကွဲမှု သေနတ်နဲ့ပစ်ခတ်မှုဖြစ်စဉ်တချို့ကို ဧရာဝတီ နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်က လုပ်ဆောင်ခဲ့လို့ ထုတ်ပြန်ထားပေမဲ့ တချို့ ပစ်ခတ်ပေါက်ကွဲမှုတွေကတော့ ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆိုတာ ထုတ်ပြန်မှာ မရှိခဲ့ပါဘူး။

ဧရာဝတီတိုင်းအတွင်း ကျိုက်လတ်၊ ရေကြည်၊ မအူပင်၊ ဖျာပုံ၊ မော်လမြိုင်ကျွန်း၊ ဘိုကလေး၊ ကျုံပျော်နဲ့ ပုသိမ်မြို့နယ်တွေမှာ နိုဝင်ဘာလ အတွင်း ဗုံးပေါက်ကွဲမှုနဲ့ သေနတ်နဲ့ ပစ်ခတ်ခံရမှုတွေ ဖြစ်ပွားခဲ့တာပါ။

2 days Ago

ဘီယာဆိုင်ထိုင်နေသည့် စဉ့်ကူရဲစခန်းမှူး အပါအဝင် ၅ ဦး ပစ်ခတ်ခံရပြီးသေဆုံး

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ စဥ့်ကူနယ်မြေ ရဲစခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၅ ဦး ဒီဇင်ဘာ ၁ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်က ဘီယာဆိုင်ထိုင်နေချိန် အထူးကွန်မန်ဒိုအဖွဲ့ဝင်တွေ ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့တယ်လို့ ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့က သိရပါတယ်။

ပြည်သူတွေကို ဆက်ကြေးကောက်၊ ငွေတောင်းခံပြီး လက်နက်အားကိုးနဲ့အနိုင်ကျင့်နေတဲ့ စဥ့်ကူနယ်မြေရဲစခန်းမှူးနဲ့အဖွဲ့ကို တပ်မမှော်အတွင်းမှာရှိတဲ့ ဘီယာဆိုင်မှာထိုင်နေချိန် ပစ်ခတ်ခဲ့တာလို့ ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့ တပ်ဖွဲ့ ၂ က ကိုရန်နောင်က ပြောပါတယ်။

"သူတို့ ဆိုင်ထိုင်နေတာကို ကျနော်တို့က ဝင်ပစ်တာ၊ စခန်းမှူးကောအပါ ၅ ယောက် ဘီယာဆိုင်ထိုင်နေတာ၊ တစ်ယောက်က မတ်တပ်ရပ်နေတာ၊ ကျနော်တို့ဝင်ပစ်တော့ သူတို့ဘက်က ပြန်ပစ်တယ်၊ ကျနော်တို့ရဲဘော် တယောက် ပေါင်ကိုကျည်ထိတယ်၊ ပြီးမှကျနော်တို့ ပြန်ဝင်ပစ်တာ၊ အကုန်လုံးကို အတိုနဲ့ခေါင်းကိုပစ်ခဲ့တာ။”

အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ကွန်မန်ဒို ရဲဘော်တစ်ယောက် ပေါင်မှာ ကျည်ထိမှန်ခဲ့ပေမဲ့  ဒဏ်ရာအခြေအနေ မစိုးရိမ်ရဘူးလို့ပြောပါတယ်။

စခန်းမှူးအပါအဝင် ရဲငါးဦးကို ပစ်ခတ်ပြီးနောက် G3 သေနတ်နှစ်လက်နဲ့ အူဇီတစ်လက် သိမ်းဆည်းရမိခဲ့ပါတယ်။

ပြည်သူတွေကို လက်နက်အားကိုးနဲ့ အနိုင်ကျင့်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ပစ်ခတ်ရှင်းလင်းနိုင်ဖို့ လက်နက်အင်အားလိုအပ်နေတယ်လို့  ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။

2 days Ago

ထားဝယ်ထောင်က နှစ်ရှည်နိုင်ငံရေးအကျဥ်းသား ၁ ဦး ထောင်ဒဏ် ၇ နှစ်ထပ်ချခံရ

တနင်္သာရီတိုင်း ထားဝယ်အကျဥ်းထောင်မှာ ထောင်ဒဏ် ၄၁ နှစ် ကျခံနေရတဲ့  နိုင်ငံရေးအကျဥ်းသား ကိုရာဇာထွန်းကို ဒီဇင်ဘာ ၁ ရက်မှာ ထားဝယ်ခရိုင်တရားရုံးကနေ ထောင်ဒဏ် ၇ နှစ် ထပ်မံချမှတ်လိုက်တယ်လို့  ထားဝယ်နိုင်ငံရေးအကျဥ်းသားများကွန်ရက် DPPN ကနေ သိရပါတယ်။

အသက် ၂၄ နှစ်အရွယ် ကိုရာဇာထွန်းဟာ လူသတ်မှုကျူးလွန်ရာမှာ ကူညီတယ်လို့ဆိုကာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂/၁၄၄ အရ အခုလို ထပ်မံထောင်ဒဏ်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

ထားဝယ်မြို့အနှံ့ အသံဗုံးတွေ ဖောက်ခွဲတယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက စာရေးမတဦးနဲ့ တခြားအမျိုးသားတဦးကို သေနတ်နဲ့ ပစ်သတ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အမှုဖွင့်ခံခဲ့ရတဲ့ ကိုရာဇာထွန်းကို အောက်တိုဘာ ၅ ရက်ကလည်း တခြားနိုင်ငံရေးအကျဥ်းသား ၃ ဦးနဲ့အတူ ပုဒ်မ ၅၀ ည၊ ပုဒ်မ ၅၄၊ ပုဒ်မ ၃၀၂/၃၄ တို့နဲ့ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့ပါသေးတယ်။

ထားဝယ်မြို့ ဥသရံရပ်ကွက်နေ ကိုရာဇာထွန်းကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာလကုန်လောက်မှာ စစ်ကောင်စီက ဖမ်းဆီးခံခဲ့ကာ အနည်းဆုံး ပုဒ်မ ၈ ခုလောက်နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပြီး အခုဆိုရင် စုစုပေါင်းထောင်ဒဏ် ၄၈ နှစ်အထိ ချမှတ်ခံထားရပါတယ်။

ထားဝယ်အကျဥ်းထောင်မှာ ထောင်ဒဏ်တသက်တကျွန်းအထိ အမြင့်ဆုံးချမှတ်ခံထားရတဲ့ အမျိုးသား နှစ်ယောက်ရှိပြီး ကိုရာဇာထွန်းကတော့ ထောင်ဒဏ်တတိယအများဆုံး ချမှတ်ခံထားရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ နောက်ဆုံးအပတ်လောက်ကလည်း ထားဝယ်အကျဥ်းထောင်မှာ ထောင်ဒဏ် ၁၁ နှစ် ကျခံနေရတဲ့ အင်အယ်လ်ဒီအစိုးရလက်ထက် တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်ကို စစ်ကောင်စီက ပုဒ်မ ၂ ခုနဲ့ ထပ်တိုး အမှုဖွင့်ခဲ့ပါသေးတယ်။

2 days Ago
More News
Up