အနုပညာ

August 5, 2022

သရုပ်ဆောင် မင်းသမီး သင်ဇာဝင့်ကျော်နှင့် မော်ဒယ် နန်းမွေစံတို့ကို စစ်ကောင်စီ အမှုဖွင့်

သရုပ်ဆောင် မင်းသမီး သင်ဇာဝင့်ကျော်နဲ့ Sexy မော်ဒယ် နန်းမွေစံတို့ကို မြန်မာအမျိုးသမီးများ စောင့်ထိန်းအပ်တဲ့ မြန်မာ့ယဉ်ကျေးမှုကို ထိခိုက်စေတဲ့ လိင်အသားပေးဓာတ်ပုံနဲ့ ဗွီဒီယိုတွေကို လူမှုကွန်ရက်မှာ အခကြေးငွေယူဖြန့်ဝေခဲ့မှုနဲ့ စစ်ကောင်စီက စွပ်စွဲပြီး အီလက်ထရောနစ်ဥပဒေနဲ့ အရေးယူလိုက်ပါတယ်။ 

သရုပ်ဆောင်မင်းသမီး သင်ဇာဝင့်ကျော်(ခ)သင်ဇာနဲ့ မော်ဒယ် နန်းမွေစံတို့နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာက စိစစ်ဖော်ထုတ်မှုတွေ ပြုလုပ်ခဲ့ရာမှာ သင်ဇာဝင့်ကျော်ဟာ ၂၀၂၁ ခုနှစ် ဩဂုတ်လ လောက်မှာ လိင်အသားပေးမော်ဒယ်အဖြစ် စလုပ်ခဲ့ပြီး အမေရိကန်နိုင်ငံသားတယောက် ဦးစီးလုပ်ကိုင်နေတဲ့ ညစ်ညမ်းဝက်ဘ်ဆိုက်မှာ အခကြေးငွေရယူပြီး လိင်အသားပေးဓာတ်ပုံနဲ့ ဗွီဒီယိုဖိုင်တွေတင်ခဲ့တာ စစ်ဆေးတွေ့ရှိရတယ်လို့ ဩဂုတ် ၅ ရက်ည ၈ နာရီ MRTV ရုပ်သံသတင်းမှာ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

အလားတူ နန်းမွေစံဟာလည်း ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလလောက်မှာ အိန္ဒိယ အလှကုန်လုပ်ငန်းရှင်တယောက်ရဲ့ ချိတ်ဆက်ပေးမှုအရ အမေရိကန်နိုင်ငံသား လုပ်ကိုင်သူ   ညစ်ညမ်းဝက်ဆိုက်မှာ လိင်အသားပေးဓာတ်ပုံနဲ့ ဗွီဒီယိုတွေကို အခကြေးငွေရယူပြီး ပို့စ်တင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဆေးဖော်ထုတ်ချက်အရ ညစ်ညမ်းဝက်ဘ်ဆိုက်မှာ လိင်အသားပေးဓာတ်ပုံနဲ့ ဗွီဒီယိုတွေကို အခကြေးငွေယူတဲ့လုပ်ငန်းမှာ တခြားမော်ဒယ်တွေလည်း ပါဝင်လုပ်ကိုင်နေကြောင်း စိစစ်တွေ့ရှိရတယ်လို့လည်း စစ်ကောင်စီသတင်းမှာ ဖော်ပြပါတယ်။

ဒါကြောင့် မြန်မာအမျိုးသမီးတွေ စောင့်ထိန်းလိုက်နာအပ်တဲ့ ဟီရိ သြတ္တပ္ပတရားကင်းမဲ့စွာနဲ့ ဂုဏ်သိက္ခာကိုထိခိုက်စေပြီး မြန်မာအမျိုးသမီးတွေ ကမ္ဘာ့အလယ်မှာ အထင်အမြင်သေးစေနိုင်တဲ့   လိင်အသားပေးဓာတ်ပုံနဲ့ ဗွီဒီယိုတွေကို အခကြေးငွေရယူ ဖြန့်ဝေခဲ့သူ  သင်ဇာဝင့်ကျော်နဲ့  မော်ဒယ် နန်းမွေစံတို့  စ်ဦးကို အီလက်ထရောနစ် ဥပဒေ ပုဒ်မ  ၃၃ (က) အရအမှုဖွင့် အရေးယူနိုင်ရေး ဆောင်ရွက်ထားရှိကြောင်းနဲ့ အလားတူ မြန်မာ့ယဉ်ကျေးမှုကို ထိခိုက်စေပြီး မြန်မာအမျိုးသမီးတွေရဲ့ အရှက်နဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေမယ့်ကိစ္စရပ်မျိုး လုပ်ဆောင်နေသူတွေကိုလည်း စိစစ်ဖော်ထုတ်ပြီး ဥပဒေအရ ထိရောက်စွာ အရေးယူသွားမယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

အခုလို အမှုဖွင့်အရေးယူလိုက်တာနဲ့ ပတ်သက်ပြီး စွပ်စွဲ တရားစွဲခံရသူတွေဘက်ကတော့ တရား ဥပဒေကြောင်းအရ ပြန်လည် တုံ့ပြန်ပြောဆိုနိုင်တဲ့ အခွင့်အရေးမရရှိသေးပါဘူး။

သရုပ်ဆောင် မင်းသမီး သင်ဇာဝင့်ကျော်ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၆ ရက်ကလည်း ရှမ်းပြည်တပ်မတော် (SSPP/SSA) ဝမ်ဟိုင်းဌာနချုပ်ကို သွားရောက် ဒေသဖွံ့ဖြိုးရေးအတွက်ရုပ်သံရိုက်ကူးပြီး အပြန်မှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။

7 days Ago

အဆိုတော်အီတိုးကို စစ်ကောင်စီက ထောင်ဒဏ် ၃ နှစ် ချမှတ်

အဆိုတော် ဇော်ဝင်းထွဋ်ရဲ့သား  အဆိုတော်အီတိုးကို သြဂုတ်လ ၄ ရက်နေ့က အင်းစိန်ထောင်တွင်းတရားရုံးကနေ ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ 

အီတိုးကို မနှစ် စက်တင်ဘာလက မရမ်းကုန်းမြို့နယ် ၉ မိုင်က  နေအိမ်တအိမ်မှာ အမျိုးသား ၄ ယောက်၊ အမျိုးသမီး ၁ ယောက်တို့နဲ့ အတူ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီက ကြေညာခဲ့တာပါ။ 

အဆိုတော် အီတိုးဟာ  အကြမ်းဖက်မှုတွေမှာ ပါဝင်ပတ်သက်ပြီး PDF တွေကို ထောက်ပံ့တယ်ဆိုပြီးလည်း စစ်ကောင်စီကစွပ်စွဲ သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

အဲဒီနောက် အောက်တိုဘာလ ၁၉ ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာပြီး ၂၀ ရက်နေ့မှာတော့ နေအိမ်ကနေ ပြန်လည် ဖမ်းဆီးသွားတာပါ။

ပြန်လည်ဖမ်းဆီးပြီးနောက် ပုဒ်မ ၅၀၅  (က) နဲ့ တရားစွဲဆိုခဲ့ပြီး မနေ့က ထောင်တွင်း တရားရုံး ကနေ ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်တာ ဖြစ်ပါတယ်။

1 week Ago

August 3, 2022

အမှိုက်ပုံကြားက ထိုင်းအလှမယ်

ထိုင်းနိုင်ငံ ဘန်ကောက်မှာ ပြီးခဲ့တဲ့ စနေနေ့ ဇူလိုင် ၃၀ ရက် ညက ကျင်းပပြီးစီးသွားတဲ့ Miss Universe Thailand 2022 (၂၀၂၂ ထိုင်းအလှမယ်ပြိုင်ပွဲ) မှာ အသက် ၂၃ နှစ်အရွယ်ရှိ အဲန်းနား ဆေငမ်းအိမ်းဆိုတဲ့ မိန်းကလေး ပထမဆု အလှသရဖူ ဆောင်းခဲ့ပါတယ်။

သူမရဲ့မိဘတွေဟာ အမှိုက်သိမ်းသန့်ရှင်းရေးသမားတွေဖြစ်လို့ သူဟာအမှိုက်ပုံကြားကနေ ကြီးပြင်း ခဲ့ကြောင်း  မီဒီယာကို ဖွင့်ဟပြောဆိုတာကြောင့် ဒီ ၂၀၂၂ ခုနှစ် ထိုင်းအလှမယ်ကို အမှိုက်ပုံကြားက အလှမယ်လို့လည်း တင်စားပြောဆိုနေကြပါတယ်။  

သူမဟာ ဘန်ကောက်စိုက်ပျိုးရေးတက္ကသိုလ်မှ အမှတ်ကောင်းကောင်းနဲ့ ဘွဲ့ရခဲ့ပေမယ့် ပညာ ကိုတော့ ခက်ခက်ခဲခဲသင်ကြားခဲ့ရတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။ 

“ကျမမိဘတွေက ကုမ္ပဏီတခုမှာ သန့်ရှင်းရေးလုပ်ပါတယ်ရှင့်၊ အမေက အမှိုက်လှည်း၊ ပန်းကန် ဆေး အဖေက အမှိုက်သိမ်းတာတွေလုပ်ပါတယ်။ ငယ်ငယ်က အဖေအမေ အလုပ်သွားတော့ သီလ ရှင်ဝတ်နေတဲ့အဖွားက ဘုန်းကြီးကျောင်းမှာခေါ်ထိန်းတယ်၊ ဘုန်းကြီးကျောင်းက ဆွမ်းကျန်တွေ စားပြီး ကြီးပြင်းလာတာပါ။ ကစားစရာဆိုရင်လည်း အမှိုက်ပုံထဲကရလာတဲ့ အရုပ်တွေကို ရေပြန်ဆေးပြီးကစားရတာပါ။ ကျမမိဘဘယ်သူဆိုတာ ပြောပြဖို့ ဘယ်တော့မှမရှက်ပါဘူး၊ ကျောင်းပြီးဖို့  မိဘတွေက ခက်ခက်ခဲခဲ ထောက်ပံ့ခဲ့ရတယ်၊ သူတို့ကိုကျေးဇူးတင်လို့ မဆုံးပါဘူး။”

၂၀၂၂ ထိုင်းအလှမယ် ‌ရွေးချယ်ဖို့ ဆန်ကာတင်အလှဆုံး ၃ ယောက်ကို မေးခွန်းတွေမေးရာမှာ ပရီစတင်တာက သူမကို  “အဲန်းနားဟာ ပန်းတွေနှစ်သက်သူလို့သိရပါတယ၊ မိမိကိုယ်မိမိ ပန်းနဲ့တင်စားမယ်ဆိုရင် ဘယ်ပန်းကိုရွေးမှာလဲ ဘာကြောင့်လဲ” လို့ မေးခဲ့ပါတယ်။ 

သူမက “အဲန်းနားအနေနဲ့ ကြာပန်းကိုပဲ ရွေးပါတယ်။ ဘာကြောင့်လဲဆိုတော့ ကြာပန်းဆိုတာ ရွှံ့နွံတွေထဲကနေ ရှင်သန်လာရပေမယ့် ကြည်လင်တဲ့ ရေပြင်မှာ လှပတင့်တယ်စွာ ဖူးပွင့်နိုင်တယ်။ ကိုယ်ဟာ ဘယ်ဘဝကနေ လာတယ်ဆိုတာထက် ကိုယ့်ဘဝကို တိုးတက်အောင် ဘယ်လိုပြုပြင်ပြောင်းလဲနိုင်သလဲ ဆိုတဲ့အချက်က ပိုအရေးကြီးပါတယ်” လို့ ဖြေကြားသွားပါ တယ်။ 

အလှူခံပုံးထဲငွေထည့်မယ်ဆိုပါတော့၊ အဲဒီမှာ ကျန်းမာရေးအတွက် ၁ ပုံး၊ သဘာ ဝပတ်ဝန်းကျင်အတွက် ၁ ပုံး၊ ပညာရေးအတွက် ၁ ပုံးရှိတယ်၊ ဒါပေမယ့် ၁ ပုံးပဲထဲ့ရမယ်၊ အဲန်းနားက ဘယ်ပုံးထဲ ရွေးထဲ့မလဲလို့ မေးရာမှာ သူမက     “ပညာရေးပုံးထဲကိုပဲ ထည့်ပါမယ်၊ ဘာကြောင့်လဲဆိုတော့ ပညာရေးဟာ အရာရာတိုင်းရဲ့စတင်မှုဖြစ်လို့ပါ။ ကျန်းမာရေး၊ သဘာဝ ဝန်းကျင်နဲ့ အခြားအရာတွေအားလုံး ပညာရေးကနေအစပြုတယ်၊ ဒါကြောင့် လူတိုင်းကို  တာဝန်ရှိသူတွေကို ပညာရေးကို အားပေးဖို့ တိုက်တွန်းချင်ပါတယ်။ ပညာရေးဟာ တိုင်းပြည် တိုးတက်စေတယ်၊ လူငယ်တွေရဲ့အနာဂတ်ကို တိုးတက်စေတယ်” လို့ဖြေဆိုပါတယ်။ 

ကမ္ဘာကြီးမှာ စစ်တွေဖြစ်၊ ကူးစက်ရောဂါတွေဖြစ်၊ စီးပွားရေးလည်းကျလို့ လူတွေစိတ် ညစ်နေကြတယ်၊ ဘယ်လို ခွန်အားပေးစကားပြောမလဲလို့မေးတော့ သူမက “စိတ်ညစ်နေတာဟာ သင်တဦးတည်းမဟုတ်ပါဘူး၊ အဲဒီထဲမှာ အဲန်းနားလည်းပါပါတယ်။ အဲဒီတော့ ကျမတို့က ပြဿနာကို လေ့လာရပါမယ်၊ ပြောင်းလဲရပါမယ်။ လဲကျတဲ့အခါရှိသလို ပြန်ထနိုင်တဲ့အခါ လ ည်းရှိရမယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ဖို့က အဓိကပါပဲ၊ အဲန်းနားလုပ်နိုင်ရင် လူတိုင်းလုပ်နိုင်ရမယ်။”

သူမရဲ့ ဖြေဆိုချက်တိုင်းကို လူတွေသဘောကျပြီး ခန်းမထဲမှာ လက်ခုပ်သံတွေ ဆူညံသွားခဲ့ပါတယ်။ 

ရင်ခုန်စရာကောင်းတဲ့ ပြိုင်ပွဲနောက်ဆုံးညမှာ အခြားသောအလှမယ်တွေကို သူတို့ရဲ့ မိဘဆွေမျိုးတွေက လာရောက်ဝိုင်းရံအားပေးခဲ့ပေမယ့် အဲန်းနားရဲ့မိဘတွေကတော့ မနက်စောစော အလုပ်ဆင်းရမှာမို့ သမီးကို လာအားမပေးနိုင်ဘူးလို့ ဆိုပါတယ်။ 

အဲန်းနား MTU 2022 အလှမယ်ဘွဲ့ရကြောင်း ပြိုင်ပွဲကော်မတီကကြေညာအပြီး မိဘတွေဆီ ဝမ်းသာအားရဖုန်းဆက်ပေမယ့် မိဘတွေက အိပ်ပျော်သွားပြီဖြစ်ကြောင်း၊ ကိစ္စမရှိဘူး သရဖူ ဆောင်းပြီး  ဖေဖေနဲ့မေမေဆီပြန်ခဲ့မယ်လို့ သူမကပြောပါတယ်။ 

MTU 2022 အလှမယ် အဲန်းနားဟာ ပထမဆုအဖြစ် ဘတ်ငွေ ၁ သန်း၊ ကား ၁ စီး နဲ့ ကွန်ဒိုတိုက်ခန်း ၁ ခန်းပါရရှိပြီး လာမယ့်  Miss Universe 2022 မယ်စကြဝဠာပြိုင်ပွဲမှာလည်း ထိုင်းနိုင်ငံကိုယ်စားပြုအနေနဲ့ သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

1 week Ago
More News
Up