မြန်မာသတင်း

September 27, 2021

မုံရွာမြို့ နှစ်နေရာတွင် ဗုံးပေါက်ကွဲ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မြို့သစ်ရပ်ကွက်မှာရှိတဲ့ စသုံးလုံးရုံးမှာ စက်တင်ဘာ ၂၇ ရက် ညနေ ၄ နာရီလောက်က  ဗုံးပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ အနီးပတ်ဝန်းကျင်ရှိ ပြည်သူတချို့က ပြောပါတယ်။

ဗုံးပေါက်ကွဲပြီး မကြာခင်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တွေ ရောက်လာပြီး စစ်ဆေးခဲ့ကြပါတယ်။

ဒါ့အပြင် မုံရွာမြို့ ပြည်ထောင်စုလမ်း ဆီဆိုင်တစ်ဆိုင်အနီးမှာလည်း  ဗုံးပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

3 seconds Ago

စက်သုံးဆီဈေးနှုန်းမြင့်တက်လာသဖြင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများအခက်ကြုံ၊ စစ်ကောင်စီ၏ ဆေးမြီးတိုနည်းလမ်း အလုပ်မဖြစ်ဟုသုံးသပ်

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ၈ လအကြာမှာ  စက်သုံးဆီဈေးနှုန်းတွေ နှစ်ဆ မြင့်တက်လာတာကြောင့် ခရီးသည် သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ ရပ်တည်ဖို့ ခက်ခဲလာပြီး ဆိုးရွားတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

ပြည်တွင်းစက်သုံးဆီဈေးနှုန်းဟာ ဓာတ်ဆီ တစ်လီတာကို ၁၃၀၀ ကျပ်နီးပါး ဈေးတက်နေပြီး စစ်တပ် အာဏာမသိမ်းခင် ဇန်နဝါရီလက ဈေးနှုန်းနဲ့ယှဉ်ရင် နှစ်ဆနီးပါး ဈေးတက်လာတာ ဖြစ်ပါတယ်။ 

စက်သုံးဆီဈေး မြင့်တက်လာတာကြောင့် အဝေးပြေးယာဉ်လိုင်းတွေလည်း လုပ်ငန်းရပ်တည်ရ ခက်ခဲနေသလို နယ်မြေမတည်ငြိမ်မှုတွေကြောင့် ခရီးလမ်းကြောင်းတချို့ ရပ်တန့်ထားရပြီး အရင်းပြန်ရဖို့တောင် အခက်အခဲကြုံနေကြတယ်လို့ အဝေးပြေးယာဉ်လိုင်းတစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ရန်ကုန်မြို့က အငှားယာဥ်မောင်းတစ်ဦးကလည်း လက်ရှိအချိန်ဟာ အဆိုးဆုံးကာလတစ်ခုနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး စက်သုံးဆီစျေး ဆက်တက်နေပါက အငှားယာဥ်တွေ လုပ်ငန်းလည်ပတ်တာ ရပ်တန့်သွားလိမ့်မယ်လို့ ပြောပါတယ်။

အခုလို ပြည်တွင်းစက်သုံးဆီဈေးတွေမြင့်တက်လာတာဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျပ်ငွေအဆမတန်ဖောင်းပွ တန်ဖိုးကျဆင်းခဲ့ပြီး ဒေါ်လာဈေး တက်လာတာနဲ့  ကမ္ဘာ့ရေနံစိမ်းစျေးတက်လာတာက အဓိက အကြောင်းအရင်းတွေ ဖြစ်ပါတယ်။ 

လက်ရှိ အမေရိကန် ၁ ဒေါ်လာကို မြန်မာကျပ်ငွေ ၂၁၀၀ အထိစံချိန်တင်မြင့်တက်နေသလို ကမ္ဘာ့ရေနံစိမ်းစျေးက လက်ရှိမှာ ၁ စည်ကို ၇၄ ဒေါ်လာနီးပါးရှိနေပြီး ဇန်နဝါရီလဆန်းပိုင်းကနဲ့ နှိုင်းယှဥ်ရင် ၄၀ ရာခိုင်နူန်းလောက် ဈေးတက်လာတာပါ။

ရန်ကုန်အခြေစိုက်စက်သုံးဆီအရောင်းကိုယ်စားလှယ်ယူထားတဲ့လုပ်ငန်းရှင်တဦးက “အခုက ကျနော်တို့မှာ ပြဿနာက ၂ခု ဖြစ်နေတာပေါ့နော်။ ဒေါ်လာစျေး တက်တာက တချက်ရယ်။ ဒုတိယကတော့ ကမ္ဘာ့ရေနံစျေး တက်တဲ့အချက်ပေါ့။ အဲ့တော့ လက်ရှိမှာ စက်သုံးဆီစျေးက တက်လာတယ်။ အစိုးရကလည်း စက်သုံးဆီစျေးကျအောင်ဆိုပြီး ကုမ္ပဏီတချို့ကို စျေးချပြီး ရောင်းနိုင်အောင်ဆိုပြီး လုပ်နေတာတော့ ရှိပါတယ်။ ဒါပေမဲ့ ဒါကလည်း တကယ်လိုအပ်သလောက် မရောင်းပေးနိုင်ဘူး။ ဆိုတော့အခြေခံ ကျနော်မြင်တာကတော့ စက်သုံးဆီစျေး တခုတည်းကို ချတာ မဟုတ်ဘဲ ဒေါ်လာစျေးကို မတက်အောင် အရင်ဆုံးဖြေရှင်းပေးသင့်တယ်လို့ မြင်ပါတယ်” လို့ပြောပါတယ်။

မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်းနဲ့ စစ်ကောင်စီတို့ ပူးပေါင်းပြီး ခရိုနီပိုင် စက်သုံးဆီကုမ္ပဏီကြီးတွေက ပြည်တွင်းလောင်စာဆီ ရောင်းဝယ်ရေးစျေးကွက်ကို လက်ဝါးကြီးအုပ် ခြယ်လှယ်ထားတယ်လို့  တနိုင်တပိုင် စက်သုံးဆီသမားတွေက ပြောပါတယ်။

မန္တလေးက တနိုင်တပိုင်လုပ်ကိုင်နေတဲ့ စက်သုံးဆီအရောင်းဆိုင်ရှင်တဦးက တော့ အသေးစားဆီဆိုင်တွေဟာ  အရှုံးခံပြီး ရောင်းနေရတဲ့ အနေအထားမှာရှိနေတယ်လို့ ပြောပါတယ်။

“အခုက ဝယ်စျေးနဲ့ ရောင်းစျေးက စျေးတူနေတယ်။ အဲဒီတော့ ကျနော်တို့က ဝန်ထမ်းစရိတ် ရှုံးတယ်။ တန်ဆာခတွေ ရှုံးတယ်။ တကယ်လို့ ကျနော်တို့က အောက်စျေးနဲ့ ဝယ်ထားမိလို့ရှိရင်ပေါ့ ရောင်းတဲ့သူက နည်းနည်းခံသာမှာပေါ့နော်။ ဒါပေမဲ့ ရေရှည်ရပ်တည်နိုင်ဖို့က ဒီလို အခြေအနေနဲ့ ကတော့ မလွယ်ဘူး။ ဘာလို့လဲဆို ကျနော်တို့ကျတော့ အဲဒီစျေးနဲ့ မပေးဘူးဗျာ။ အဲဒီတော့ သူတို့နဲ့ ယှဉ်ပြီး ရောင်းဖို့က ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ပြီးတော့ သူကတို့ ရောင်းတာက သူတို့ချင်းပဲ လက်ဝါးချင်းရိုက်ပြီး ရောင်းတာပါ။ ကျနော်တို့အောက်က လူတွေက မရဘူးဗျာ။ အစိုးရနဲ့နီးစပ်တဲ့ ခရိုနီတွေပဲ ရကြတာပါ။ ကျနော်တို့ကျတော့ သူတို့ဆီကတဆင့် ပြန်ဝယ်ရတာ။ ဒီလို ရေရှည်သွားမယ်ဆိုရင် ကျနော်တို့က ဆိုင်ပိတ်ရမယ့် အခြေအနေမှာ ရှိနေတယ်” လို့ပြောပါတယ်။ 

စက်သုံးဆီအသင်းနဲ့ စစ်ကောင်စီတို့ပူးပေါင်းပြီး ခရိုနီပိုင်စက်သုံးဆီ ကုမ္ပဏီကြီးတွေကတဆင့် တနိုင်ငံလုံးအတိုင်း အတာအနေနဲ့ ရန်ကုန်- ၇၂ ဆိုင်၊ မန္တလေး- ၃၈ ဆိုင်၊ နေပြည်တော်- ၈ ဆိုင်၊ ရခိုင်- ၆ ဆိုင်၊ စစ်ကိုင်း- ၂ ဆိုင်၊ ဧရာဝတီ- ၇ ဆိုင်၊ ရှမ်း- ၁၁ ဆိုင်၊ မွန်- ၅ ဆိုင်၊ ပဲခူး- ၇ ဆိုင်၊ တနင်္သာရီ- ၂ ဆိုင်၊ မကွေး- ၆ ဆိုင်ရှိပြီး စက်သုံးဆီအရောင်းဆိုင် စုစုပေါင်း ၁၆၄ ဆိုင်မှာ သတ်မှတ်နှုန်းထားနဲ့ ရောင်းချသွားဖို့ စက်တင်ဘာ ၂၅ ရက်က တရားဝင် သတင်းထုတ်ပြန်ခဲ့ပါတယ်။

သတင်းထုတ်ပြန်ချက်အရ ရန်ကုန်မှာ ဓာတ်ဆီ -၉၂ တလီတာ ၁၁၂၂ ကျပ်၊ ဒီဇယ်(ရိုးရိုး) တလီတာ ၁၁၁၇ ကျပ်၊ ဒီဇယ်(ပရီမီယံ) တလီတာ ၁၁၂၄ ကျပ်နှုန်း၊ မန္တလေးမှာ ဓာတ်ဆီ-၉၂ တလီတာ ၁၁၆၇ ကျပ်၊ ဒီဇယ်(ရိုးရိုး) တလီတာ ၁၁၅၂ ကျပ်၊ ဒီဇယ်(ပရီမီယံ) တလီတာ ၁၁၅၉ ကျပ်နှုန်း၊ နေပြည်တော်မှာ ဓါတ်ဆီ(၉၂) တလီတာ ၁၁၆၂ ကျပ်၊ ဒီဇယ်(ရိုးရိုး) တလီတာ ၁၁၅၇ ကျပ်၊ ဒီဇယ်(ပရီမီယံ) တလီတာ ၁၁၆၄ ကျပ်နှုန်းနဲ့ ရောင်းချပေးမယ်လို့ဆိုပါတယ်။

စက်သုံးဆီ ဈေးတက်တာ၊ ဒေါ်လာဈေးတက်တာတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ဗဟိုဘဏ်က စက်သုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေကို ပြင်ပပေါက်ဈေးထက်နည်းနဲ့ တဒေါ်လာကို ကျပ် ၁၇၅၀ ဈေးနှုန်းနဲ့ ဒေါ်လာတွေ ထုတ်ရောင်းပေးပြီး အခြေအနေကို ထိန်းဖို့ ကြိုးစားနေပါတယ်။ 

ဒါပေမဲ့ ဗဟိုဘဏ်က ရောင်းချပေးတဲ့ ဒေါ်လာငွေသားပမာဏက တင်သွင်းတဲ့ စက်သုံးဆီပမာဏရဲ့ ၁၅ ရာခိုင်နှုန်းလောက်ပဲ ဝယ်ယူနိုင်မယ့် အခြေအနေဖြစ်ခဲ့တဲ့အတွက် ပြဿနာကို ဖြေရှင်းဖို့ ထိရောက်တဲ့ နည်းလမ်းတော့ မဖြစ်ခဲ့ပါဘူး။ 

စက်သုံးဆီတွေကို ဈေးလျှော့ရောင်းဖို့ စစ်ကောင်စီက ကြေညာချက်ထုတ်ခဲ့တာကြောင့် ရန်ကုန်၊ နေပြည်တော်၊ မန္တလေးက စက်သုံးဆီ အရောင်းဆိုင် ၇၀ ကျော်မှာတော့ ဈေးလျှော့ရောင်းပေးနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက ဖြေရှင်းဖို့ ကြိုးစားတဲ့နည်းလမ်းတွေဟာ ဆေးမြီးတိုနည်းလမ်းတွေသာ ဖြစ်တဲ့အတွက် လုပ်ငန်းရှင်တွေဟာ ပိုဆိုးတဲ့အခြေအနေတွေကို ရင်ဆိုင်ကြရဖို့ ရှိနေတယ်လို့ စက်သုံးဆီလုပ်ငန်းပိုင်ရှင်တွေက သုံးသပ်ပါတယ်။ 

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်၊ စစ်တပ်က အာဏာစသိမ်းခဲ့တဲ့နေ့က စျေးကွက်အတွင်းမှာ ရှိခဲ့တဲ့ စက်သုံးဆီစျေးနှုန်းက ဓါတ်ဆီ(၉၂) တလီတာ ၆၂၅-၆၅၅ ကျပ်၊ ဒီဇယ်(ရိုးရိုး) တလီတာ ၆၆၀-၆၉၅ ကျပ်၊ ဒီဇယ်(ပရီမီယံ) တလီတာ ၆၇၀-၇၁၀ ကျပ်သာရှိခဲ့ပြီး ဒီကနေ့ စက်တင်ဘာ ၂၇ ရက်မှာ ဓါတ်ဆီ(၉၂) တလီတာ ၁၃၃၀ ကျပ်၊ ဒီဇယ်(ရိုးရိုး) တလီတာ ၁၃၂၅ ကျပ်၊ ဒီဇယ်(ပရီမီယံ) တလီတာ ၁၃၃၀ ကျပ်ရှိပါတယ်။

အလားတူ အမေရိကန်တဒေါ်လာတန်ဖိုးက ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီ ၁ရက်မှာ စျေးကွက်အတွင်းရှိခဲ့တဲ့စျေးနှုန်းက ၁၃၃၁ ကျပ် ရှိပြီး ဒီကနေ့ စက်တင်ဘာ ၂၇ ရက်မှာ အမေရိကန်တဒေါ်လာတန်ဖိုးက ဝယ်စျေး ၂၂၀၀ ကျပ် နှင့် ရောင်းစျေး ၂၂၄၀ ကျပ် ရှိပါတယ်။

22 mins Ago

သထုံမြို့နယ်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး သေနတ်ဖြင့်ပစ်ခံရ

မွန်ပြည်နယ် သထုံမြို့နယ်၊ ဝင်းစိန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသာစိုင်းဟာ စက်တင်ဘာ ၂၇ ရက် ဒီနေ့မနက်ပိုင်းက သေနတ်နဲ့  ပစ်ခတ်ခံခဲ့ရလို့ ဒဏ်ရာရသွားတယ်လို့  ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသာစိုင်းဟာ သူ့နေအိမ်ကနေ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို ဆိုင်ကယ်နဲ့ လာစဉ် အမည်မသိ သေနတ်သမား ၂ ဦး ဆိုင်ကယ်တစ်စီးနဲ့ ရောက်ရှိလာပြီး အနီးကပ် သေနတ်ဖြင့် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

အုပ်ချုပ်ရေးမှူး ဦးသာစိုင်းဟာ သေနတ် ဒဏ်ရာ ၂ ချက် ရရှိခဲ့ပြီး သထုံခရိုင်ပြည်သူ့ဆေးရုံမှာ တက်ရောက်ကုသနေပေမဲ့ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။

အုပ်ချုပ်ရေးမှူး ဦးသာစိုင်းကို သေနတ်ဖြင့် ပစ်ခတ်ခဲ့တာဟာ သူတို့ လက်ချက်ဖြစ်တယ်လို့ အာဠာဝက ပြောက်ကျားအင်အားစုက ထုတ်ပြန်ပါတယ်။

အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကျေးရွာအတွင်း လှည့်ပတ် စစ်ဆေးနေသလို သထုံ အဝင်အထွက်မှာလည်း လုံခြုံရေးတင်းကျပ်ထားပါတယ်။

သထုံမြို့နယ်မှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ခန့်အပ်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ၃ ဦး သေနတ်နဲ့  ပစ်သတ်ခံထားရပါတယ်။

51 mins Ago

သာကေတ ရဲစခန်းရှေ့ ဗုံးပေါက်ကွဲ

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်မှာ စက်တင်ဘာ ၂၇ ရက် ဒီနေ့ နေ့လယ်တနာရီခွဲလောက်က  အမှတ် ၁ ရဲစခန်းရှေ့ မြင်တော်သာလမ်းမပေါ်မှာ ဗုံးတလုံး ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။  

မနေ့ညနေ ၄ နာရီခွဲလောက်ကလည်း အမှတ် (၄) တောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ ဗုံးတလုံး ပေါက်ကွဲခဲ့ပြီး ဒီဖောက်ခွဲမှု နှစ်ကြိမ်မှာ တစုံတရာ ထိခိုက်သေကျေဒဏ်ရာရတာ မရှိဘူးလို့ ဆိုပါတယ်။

ရဲစခန်းရှေ့ ဗုံးကွဲပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေက သာကေတရဲစခန်းနားနဲ့ သန်လျင်တံတားအနီးတဝိုက်မှာ စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဒီဖောက်ခွဲမှုကို သူတို့အဖွဲ့က လုပ်ဆောင်တာလို့ G-20 Urban Burma Phoenix Organizations (G-20 UBPO) က ထုတ်ပြန်ပါတယ်။

သူတို့အဖွဲ့အနေနဲ့ စစ်ကောင်စီနဲ့ ဆက်စပ်တဲ့စီးပွားရေးလုပ်ငန်းတွေ၊ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး နေအိမ်တွေ၊ သတင်းပေးဒလန်တွေရဲ့ စီးပွားရေးအဆောက်အဦတွေကို အလားတူ ဖောက်ခွဲဖျက်ဆီးမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မနေ့ည ရှစ်နာရီလောက်ကလည်း သာကေတ ၈ ရပ်ကွက် အဝိုင်းထိပ်အနီးက  အ.မ.က ကျောင်းအနီးမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါသေးတယ်။

စက်တင်ဘာ ၂၅ ရက်ညကလည်း အမှတ် (၇)  အနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစံရင် ညဘက် ရုံးပိတ်ပြီးအပြန်မှာ လူငယ်နှစ်ယောက်က ဓားထောက်ပြီး မသေချင်ရင် အုပ်ချုပ်ရေးမှူး ဆက်မလုပ်ဖို့ သတိပေးတာခံခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီလုပ်ရပ်ကို ဘယ်သူ လုပ်ဆောင်တယ်ဆိုတာတော့ မသိရပါဘူး။

အဆိုပါရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသက်ပိုင်ကို မေလ ၃ ရက်နေ့က ဧည့်စာရင်းလာတိုင်မယ်ဆိုပြီး လူ ၃ ယောက်က  ရုံးတွင်းဝင်ရောက်ပြီး ဓားနဲ့ ထိုးသတ်လို့ သေဆုံးခဲ့ပါတယ်။ ဦးသက်ပိုင် သေဆုံးပြီးနောက်မှာ အုပ်ချုပ်ရေးမှူးအသစ်အဖြစ် ဦးစံရင်က တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။

55 mins Ago

ဗဟိုဘဏ်က ဒေါ်လာ ၁၅ သန်းထပ်ရောင်း၊ ၁ ဒေါ်လာကို ၂,၃၀၀ ကျပ်၊ ရွှေ ၁ ကျပ်သား ကျပ် သိန်း ၂၀ ကျော်မြင့်တက်

စစ်ကောင်စီဗဟိုဘဏ်က စက်တင်ဘာ ၂၇ ရက် ဒီကနေ့မှာ အမေရိကန်ဒေါ်လာ ၁၅ သန်း  နိုင်ငံခြားငွေဈေးပြိုင်လေလံနဲ့ ပျမ်းမျှငွေလဲလှယ်နှုန်း ၁,၇၅၅ ကျပ် သတ်မှတ်ပြီး ထပ်မံ ရောင်းချခဲ့ပါတယ်။

ဗဟိုဘဏ်က အခုစက်တင်ဘာလအတွင်း ငါးကြိမ်မြောက် ဒေါ်လာ ထုတ်ရောင်းချတာဖြစ်ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၆၃ သန်းအထိ ရောင်းချထားပြီး ဖြစ်ပါတယ်။

ဆက်တိုက်မြင့်တက်နေတဲ့ အမေရိကန်ဒေါ်လာစျေးကို ထိန်းချုပ်ဖို့ ပြည်တွင်း ငွေကြေးစျေးကွက်အတွင်းကို သန်းဆယ်ချီတဲ့ ဒေါ်လာတွေ မကြာခဏ ထုတ်ရောင်းချပေးနေပေမဲ့လည်း ဒေါ်လာစျေးက ကျမသွားဘဲ ဆက်လက်မြင့်တက်နေတာပါ။

စက်တင်ဘာ ၂၇ ရက်နေ့ ပြင်ပစျေးကွက်မှာ အမေရိကန် ဒေါ်လာငွေလဲနှုန်းက ၂,၃၀၀  ဝန်းကျင် ရောက်ရှိနေပြီး၊ ရွှေစျေးက အခေါက်ရွှေ ၁ ကျပ်သားကို ကျပ် သိန်း ၂၀ ကျော်အထိ စံချိန်သစ်တင်ခဲ့ပါတယ်။

ဒါဟာ မြန်မာ့ရွှေဈေးသမိုင်းမှာ စံချိန်တင်အမြင့်ဆုံးမှတ်တမ်းဝင်တဲ့ ဈေးဖြစ်ပေမဲ့ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေအရ ရွှေဈေးက ထပ်မံ မြင့်တက်နိုင်တဲ့ အခြေအနေရှိတယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းကြပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်  မြန်မာရွှေဈေးဟာ တစ်ရိပ်ရိပ်မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

အခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းက  အခေါက်ရွှေတစ်ကျပ်သားကို ၁၄ သိန်း၂ သောင်းနဲ့ တရိပ်ရိပ်တက်လာတဲ့ ပြည်တွင်းရွှေဈေးနှုန်းဟာ စက်တင်ဘာ ၂၇ ရက်နေ့မှာ တစ်ကျပ်သားကို ကျပ် ၂၀သိန်း တစ်သောင်းခန့်အထိ စံချိန်တင်မြင့်တက်ခဲ့တာဖြစ်ပါတယ်။

မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းပြီး အမေရိကန်ဒေါ်လာ ငွေတန်ဖိုး တစ်ရိပ်ရိပ်မြင့်တက်နေတာနဲ့ ပိုင်ဆိုင်မှုတန်ဖိုးတွေမလျော့ကျအောင် ငွေရှိသူတွေက ရွှေမှာရင်းနှီးမြုပ်နှံမှုပိုလုပ်လာကြတာတွေက  ပြည်တွင်းရွှေဈေးတက်စေတဲ့ အဓိကအချက်လို့ သုံးသပ်ကြပါတယ်။

1 hour Ago

နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးရန် အင်အားကြီး ၄ နိုင်ငံ တောင်းဆို

မြန်မာနိုင်ငံအတွင်းမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့နဲ့ ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ အင်ဒို-ပစိဖိတ်ဒေသ ကမ္ဘာ့အင်အားကြီးနိုင်ငံ ၄ နိုင်ငံရဲ့ ခေါင်းဆောင်တွေက တောင်းဆိုလိုက်ပါတယ်။ 

အမေရိကန်၊ ဩစတြေးလျ၊ အိန္ဒိယနဲ့ ဂျပန်  ၄ နိုင်ငံ ပူးပေါင်းထားတဲ့ Quad အဖွဲ့ရဲ့ ခေါင်းဆောင်တွေက စက်တင်ဘာ ၂၄ ရက်နေ့စွဲနဲ့ ပူးတွဲကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

လေးပွင့်ဆိုင် Quad အဖွဲ့ခေါင်းဆောင်တွေက “မြန်မာနိုင်ငံအတွင်းမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့၊ နိုင်ငံခြားသားတွေ အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့၊ အပြုသဘောဆောင်တဲ့တွေ့ဆုံဆွေးနွေးမှုအတွက် ထိတွေ့ဆောင်ရွက်ကြဖို့နဲ့ ဒီမိုကရေစီကို ဆောလျဉ်စွာ ပြန်လည်ဖော်ဆောင်ကြဖို့  မိမိတို့ ဆက်လက်တောင်းဆိုပါတယ်”လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ဒါ့အပြင် အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကိုလည်း အမြန်ဆုံး အကောင်အထည်ဖော် လုပ်ဆောင်ဖို့ ထပ်မံတိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

စစ်တပ်က နိုင်ငံတော်အာဏာကို တရားမဝင်စသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ  စက်တင်ဘာာ ၂၅ ရက်အထိ နိုင်ငံတဝန်း ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၆,၈၀၃ ဦးရှိပြီး ဒီအထဲက ၂၉၃ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့  နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မှတ်တမ်းအရ သိရပါတယ်။

2 hours Ago

ထီးလင်းတွင် PDF ခေါင်းဆောင်နေအိမ်အပါအဝင် အိမ် ၄ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီး

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ထန်းပင်ကုန်းရွာမှာ စက်တင်ဘာ ၂၇ ရက်နေ့ နေ့လယ်ပိုင်းက ထီးလင်း PDF ခေါင်းဆောင် နေအိမ်အပါအဝင် နေအိမ် ၄ လုံးကို အကြမ်းဖက်စစ်အုပ်စုက မီးရှို့ ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ထီးလင်းမြို့နယ်၊ ထန်းပင်ကုန်းရွာမှာ စက်တင်ဘာ ၂၇ ရက် နေ့လယ်ပိုင်းက အကြမ်းဖက် စစ်အုပ်စုတွေနဲ့ ဒလန်တွေ ပူးပေါင်းပြီး PDF ခေါင်းဆောင် ကိုနိုင်ရဲ့ နေအိမ်အပါအဝင် ဒေါ်တင်မာစိုး၊ ဦးလှဝင်းနဲ့ ဦးအောင်ထိုက်တို့ရဲ့ နေအိမ်တွေကို မီးရှို့ ဖျက်ဆီးသွားတာလို့ ဒေသခံတစ်ယောက်က DVB ကို ပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုတွေဟာ ဒလန် သုံးယောက်က PDF နဲ့ ဆက်စပ်တယ်ဆိုပြီးတော့ သတင်းပေးတာကြောင့် PDF ခေါင်းဆောင်ရဲ့ နေအိမ်ကနေ စတင်ပြီး ပြည်သူတွေရဲ့ နေအိမ်တွေကိုပါ PDF နဲ့ ဆက်စပ်တယ်ဆိုပြီး မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် PDF နဲ့ ဆက်စပ်တဲ့ နေအိမ်တွေကို ထပ်ပြီးတော့ မီးရှို့ဖျက်ဆီးမယ်လို့ စစ်ကောင်စီတပ်က ကြိမ်းဝါးနေတယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုတွေဟာ စက်တင်ဘာ ၂၆ ရက် မနက်ပိုင်းကတည်းက ထန်းပင်ကုန်းရွာကို အင်အား ၈၀ လောက်နဲ့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ခြေလျင် ပစ်ခတ်ဝင်ရောက်လာတာ ဖြစ်ပြီး ကျေးရွာခန်းမနဲ့ စာသင်ကျောင်းမှာ လက်ရှိအချိန်အထိ တပ်စွဲထားတယ်လို့ ပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုတွေဟာ တောတောင်တွေကို PDF တပ်ဖွဲ့တွေ ရှိနိုင်တယ် ထင်ပြီးတော့ လက်နက်ကြီး အချက် ၃၀ လောက် ပစ်ခတ်ခဲ့ပြီး အိမ်ခြေ ၁၂၀ လောက်ရှိတဲ့အနက် ဒလန် အိမ် ၅ အိမ်လောက်သာ ကျန်ခဲ့ပြီးတော့ ရွာလုံးကျွတ် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

2 hours Ago

ချောင်းဦးမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးအားလုံးနီးပါး နုတ်ထွက်

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်က ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအားလုံးပါး နုတ်ထွက်စာ တင်ထားကြပြီး တာဝန်တွေကနေ ရပ်နားသွားကြကြောင်း မြို့နယ်ထွေအုပ်အသိုက်အဝန်းက သိရပါတယ်။

ထွေအုပ်နဲ့နီးစပ်သူတဦးက “အခုလ စက်တင်ဘာ ၂၅ ရက်နေ့ကတည်းက နုတ်ထွက်စာတွေ တင်လာကြတာ။ ဝယာကျေးရွာ‌၊ ကျောက်စစ်ကန်ကျေးရွာ၊ ရွှေလှေကျေးရွာ၊ မှန်ချိုကျေးရွာ၊ ညောင်ပင်သာရွာ၊ ကင်းမွန်တောကျေးရွာတွေက အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်သွားကြတာ” လို့ ပြောပါတယ်။

ချောင်းဦးမြို့နယ် အကြမ်းဖက် စစ်ကောင်စီလက်အောက်က ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတွေအားလုံး အခုလ စက်တင်ဘာ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး နုတ်ထွက်ကြဖို့နဲ့ ပျက်ကွက်ပါက သုတ်သင်ချေမှုန်းသွားမယ်လို့ ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CHU-PDF) က   စက်တင်ဘာ ၂၄ ရက်နေ့က သတိပေးချက် ထုတ်ပြန်ခဲ့တာပါ။

“နုတ်ထွက်သွားတဲ့သူတွေကိုတော့ သိပ်မယုံရသေးဘူး။ စောင့်ကြည့်ဖို့တော့ လိုလိမ့်မယ်။ စစ်အာဏာရှင် လက်အောက်က အမြန်ရုန်းထွက်နိုင်ဖို့ ချောင်းဦး PDF နဲ့ အတူ ဒီမြို့က ပြည်သူတွေက လက်တွဲညီဖို့လိုလိမ့်မယ်” လို့ ဒေသခံတဦးက မှတ်ချက်ပြုပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၃၇ အုပ်စုရှိပြီး ရာထူးကနေ မနုတ်ထွက်သေးတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေလည်း ရှိနေသေးကြောင်း ဒေသခံတွေဆီက သိရပါတယ်။

3 hours Ago

ဘီးလင်းမြို့နယ်က ကြံ့ခိုင်ရေးပါတီဝင် ၁ ဦး ပစ်သတ်ခံရ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊အလူးလေးကျေးရွာက ကြံ့ခိုင်ရေးပါတီဝင် တယောက် စက်တင်ဘာ ၂၇ ရက် ဒီနေ့ နေ့လယ် ၁ နာရီခွဲလောက်မှာ  သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဝင် ဦးသန်းထွန်းဝင်းကို သူကိုယ်ပိုင်ဖွင့်ထားတဲ့ ထမင်းဆိုင်မှာ အမည်မသိ သေနတ်သမား နှစ်ယောက်က ဆိုင်ကယ်နဲ့ လာရောက်ပြီး သေနတ်နဲ့ ပစ်သတ်သွားခဲ့တာ ဖြစ်ပါတယ်။

ဦးသန်းထွန်းဝင်းဟာ သေနတ်နဲ့ ပစ်ခတ်ခံရပြီးနောက် သေနတ်ဒဏ်ရာ ၂ ချက် ရရှိခဲ့ပြီး ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့တာပါတယ်။

ဦးသန်းထွန်းဝင်းဟာ ပြီးခဲ့တဲ့မေလက သေနတ်နဲ့ ပစ်သတ်ခံရပြီး သေဆုံးသွားတဲ့ ဘီးလင်းမြို့နယ် ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးမြင့်ဆွေရဲ့ ယောက်ဖဖြစ်တယ်လို့ ဒေသခံတွေက  ပြောပါတယ်။

ဦးသန်းထွန်းဝင်းကို လုပ်ကြံခဲ့တာဟာ သူတို့ရဲ့ လက်ချက်ဖြစ်တယ်လို့ ဘီးလင်း တော်လှန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ ဦးသန်းထွန်းဝင်းဟာ စစ်ကောင်စီကို သတင်းပေးပြီး တော်လှန်ရေး အင်အားစုတွေကို အနှောင့်အယှက်ပေးနေလို့ သုတ်သင်ရတာလို့ ဆိုထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီ သတင်းပေး ဒလန်တွေနဲ့ စစ်ကောင်စီရဲ့ ထောက်တိုင်တွေကို ဆက်လက် ချေမှုန်းသွားမယ်လို့ ဘီးလင်းတော်လှန်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

3 hours Ago

ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (BPDF) ဖွဲ့စည်း

စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းဖို့နဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့ ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (BPDF)ကို ဖွဲ့စည်းတည်ထောင်လိုက်ကြောင်း ကြေညာ လိုက်ပါတယ်။

ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို စက်တင်ဘာ ၂၅ ရက်နေ့မှာ  ဘုတလင်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့စည်းရဲ့ တပ်မတော်အဖြစ် ဖွဲ့စည်းခဲ့တာဖြစ်တယ်လို့ ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (BPDF) တာဝန်ရှိသူတွေထံကနေ သိရပါတယ်။

ဘုတလင် BPDF ရဲ့ ပြောရေးဆိုခွင့်ရှိသူက “ ကျနော်တို့ရည်ရွယ်ချက်ကတော့ အာဏာရှင်ကို အမြစ်ဖြတ်ချေမှုန်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ထောင်ဖို့နဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့ရာ ဖွဲစည်းခဲ့တာပါ။ ကျနော်တို့အဖွဲ့အနေနဲ့ ရည်ရွယ်ချက်ချင်းတူတဲ့ ဘယ်အဖွဲ့နဲ့မဆို အတူလက်တွဲလုပ်ကိုင်ပြီး ကျနော်တို့  ပြည်သူ့ အစိုးရ NUG ရဲ့ တည်ဆောက်လုပ်ငန်းစဉ်အတိုင်း ပါဝင်ဆောင်ရွက်သွားမယ်”လို့ ပြောပါတယ်။

ဘုတလင်မြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေနဲ့ စစ်အာဏာသိမ်းပြီးချိန်ကစလို့ မြေအောက်တော်လှန်ရေးအဖွဲ့အဖြစ် ရပ်တည်ခဲ့ပြီး လက်ရှိမှာ အများသိရှိတဲ့ ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (BPDF) အဖြစ်တရားဝင် မြေပေါ်လှုပ်ရှားမှုတွေ လုပ်ကိုင်သွားမယ်လို့ အဖွဲ့တာဝန်ရှိသူထံက သိရပါတယ်။

3 hours Ago

မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်မွေးနေ့ အမှတ်တရ ပုံတူရုပ်တု ပြုလုပ်

မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ရဲ့ ၂၆ နှစ်ပြည့် မွေးနေ့အမှတ်တရအဖြစ် ပုံတူရုပ်တုကို လူငယ်ပန်းပုဝါသနာရှင်တစ်ဦးက ပြုလုပ်ခဲ့ပါတယ်။

“မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် မွေးနေ့ အမှတ်တရ ပြုလုပ်ပေးတာပါ၊ ထောင်ထဲမှာလည်း ကျန်းကျန်းမာမာရှိဖို့ အမြန်ဆုံး လွတ်မြောက်ဖို့ ဆုတောင်းပေးရင် ပြည်သူတွေက သတိရနေတဲ့သဘောပြုလုပ်ဖြစ်တာပါ”လို့ အဆိုပါ ပုံတူရုပ်တု ပြုလုပ်သူ လူငယ်ပန်းပု ဝါသနာရှင်က ပြောပါတယ်။

မုံရွာသပိတ်ခေါင်းဆောင် ပုံတူ ရုပ်တုကို စက်တင်ဘာ ၂၅ ရက်မှစတင် ပြုလုပ်နေတာ ဖြစ်ပြီး လက်ရှိမှာ အကြမ်းထည် ပြုလုပ်နေဆဲ ဖြစ်ပါတယ်။ အဲဒီ ပုံတူရုပ်တုဟာ အမြင့် ၁ပေ၊ အောက်ခံခုံ ၆လက်မ ရှိ ပုံတူရုပ်တု ဖြစ်ပါတယ်။

အဲဒီ လူငယ်ပန်းပုပညာရှင်ဟာ လူထုခေါင်းဆောင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာလည်း အမှတ်တရအဖြစ် ဒေါ်အောင်ဆန်းစုကြည် ပုံတူရုပ်တု ပြုလုပ်ခဲ့ပါသေးတယ်။

တော်လှန်ရေးကာလအတွင်း ပြုလုပ်ခဲ့တဲ့ ပုံတူရုပ်တုတွေကို စစ်အာဏာရှင်တော်လှန်ရေး အောင်မြင်ပြီးဆုံးချိန် ပြပွဲ ပြုလုပ်ကာ ပြသဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။မုံရွာသပိတ်ခေါင်းဆောင်ဟာ ပြီးခဲ့တဲ့ ဧပြီ ၁၅ ရက်က ဆိုင်ကယ်စီးလာတုန်း စစ်ကောင်စီ အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေက ကားနဲ့တိုက် ဖမ်းဆီးခဲ့တာဖြစ်ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာဥပဒေ ပုဒ်မ ၂၅၊ လူသတ်မှု ပုဒ်မ ၃၀၂၊ အပြင်းအထန်နာကျင်စေမှု ပုဒ်မ ၃၂၅၊ ဓားပြမှု ပုဒ်မ ၃၉၅ အပါအဝင် ပုဒ်မ ၇ ခုလောက်နဲ့ တရားစွဲခံထားရတယ်လို့ သိရပါတယ်။

4 hours Ago

ထီးချိုင့်မြို့နယ်တွင် ဒလန်မိသားစုလိုက် ပစ်သတ်ခံရ

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ အေးချမ်းလွင်ကျေးရွာမှာ စက်တင်ဘာ ၂၆ ရက် ည ၈ နာရီခွဲလောက်က စစ်တပ်သတင်းပေးဒလန် ဖိုးတုတ် အပါအဝင်မိသားစုဝင် ၄ ဦးကို အမည်မသိလူတစ်စုက ကားနဲ့လာရောက်ပြီး သေနတ်တဲ့ ပစ်သတ်သွားတယ်လို့သိရပါတယ်။

ပစ်သတ်ခံရသူလေးဦးရဲ့ရုပ်အလောင်းတွေကို စက်တင်ဘာ ၂၇ ရက် နေ့လယ် ၁၂ နာရီအထိ လာမကောက်သေးဘူးလို့လည်း ဒေသခံတွေကပြောပါတယ်။

"အပစ်ခံရတာ ဟုတ်တယ်ဗျ။ ညက ၈ နာရီခွဲဝန်းကျင်လောက်ပဲ  ကားနဲ့ လာပစ်သတ်သွား တာ။ အခုထိတော့ အလောင်းလာမကောက်ကြသေးဘူး။ ‌လူကြီးတွေတော့ အဲ့ဒီ အိမ်ဘက်သွားတာ တွေ့နေရတယ်။ ကျနော်တို့လည်း ကြောက်တော့ သွားမကြည့်ရဲဘူးဗျ။ အရွယ်ရောက်ပြီးသားသူ လေးယောက်စလုံးကို ပစ်သတ်သွားတာ အရွယ်မရောက်သေးတဲ့ ၃ နှစ်သားအရွယ်ကလေးက တော့ ဘာမှမဖြစ်ဘူး။ အခုအပစ်ခံရတဲ့ ကိုဖိုးတုတ်က ဆန္ဒပြတာတွေရှိရင် သူက တပ်ကို သတင်းပေးတယ်။ CDM တွေကိုသတင်းပေးပြီး ဖမ်းခိုင်းတာတွေရှိတယ်။ သူ့ကြောင့် CDM တွေရော လူငယ်ပိုင်းတွေပါ ထွက်ပြေးရပေါင်းမနည်းတော့ဘူးလေ”လို့ ဒေသခံတဦးက ပြောပါတယ်။

အေးချမ်းလွင်ကျေးရွာဟာ အနီးအနားတစ်ဝိုက်မှာရှိတဲ့ ကျေးရွာတစ်ချို့က မိသားစုတွေ ရွှေ့ပြောင်းနေထိုင်ကြရင်း ရွာဖြစ်တည်လာတာလို့ သိရပါတယ်။

စစ်အာဏာသိမ်းမှုကို လက်မခံကြောင်း ဆန္ဒဖော်ထုတ်မှုတွေ မကြာခဏပြုလုပ်နေတဲ့ရွာဖြစ်ပြီး ပစ်သတ်ခံရတဲ့မိသားစုကတော့ ထီးချိုင့်မြို့နယ် ကြက်တကောင်ကျေးရွာကနေ ပြောင်းရွှေ့နေထိုင်သူတွေ ဖြစ်ပါတယ်။

5 hours Ago

မိုးမောက်မြို့တွင် မိုင်းပေါက်ကွဲပြီး စစ်ကောင်စီတပ်သား ၃ ဦး ဒဏ်ရာပြင်းထန်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက်မြို့ရှိ လမ်းဆုံ လွတ်လပ်ရေးကျောက်တိုင်အနီးမှာ စက်တင်ဘာ ၂၇ ရက် မနက် ၁၀ နာရီလောက်က  ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အနီးအနား ဝန်းကျင်မှာ ကင်းပုန်းနေထားတဲ့ အရပ်ဝတ် စစ်ကောင်စီဝင် ၃ ဦး မိုင်းစထိမှန် ပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒဏ်ရရှိခဲ့တဲ့ စစ်ကောင်စီတပ်သား  ၃ ဦးဟာ  ဗန်းမော်မြို့နယ်ရှိ ၄ မိုင်စစ်ဆေးရုံမှာ ဆေးကုသ နေတယ်လို့ သတင်းရရှိပါတယ်။

“ကျနော်တို့အိမ်နဲ့ နီးတယ်။ အသံအကျယ်ကြီးပဲ အနားကနေဖြတ်မောင်းသွားတဲ့ သုံးဘီး တစ်စီးလည်း ဗုံးထိမှန်သွားပြီး သုံးဘီးဆရာလည်း ထိသွားတာ ဟုတ်တယ်၊ စစ်သားတွေလည်း ထိသွားတယ်ကြားတယ်” လို့ မိုးမောက်မြို့ခံတစ်ဦးကပြောပါတယ်။

အဆိုပါဖောက်ခွဲမှုဟာ ဘယ်အဖွဲ့ရဲ့လက်ချက်လဲဆိုတာကိုတော့ မသိရသေးပါဘူး။ မိုးမောက်မြို့နယ်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၅ လအတွင်း မိုင်းဗုံးပေါက်ကွဲမှု ၈ ကြိမ်၊ လက်နက်ငယ်ပစ်ခတ်မှု ၂ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

5 hours Ago

ငရုတ်ကောင်းမြို့တွင် ကိုယ်ဝန်ဆောင်မိခင်အပါဝင် ၈ ဦးကို စစ်တပ်က ထပ်မံဖမ်းဆီး

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့၊ သဲဖြူကျေးရွာမှာ ကိုယ်ဝန် ဆောင်မိခင်အပါဝင် ၈ ဦးကို  အကြမ်းဖက်စစ်ကောင်စီက စက်တင်ဘာလ ၂၆ ရက်နေ့မှာ ထပ်မံဖမ်းဆီးလိုက်ပါတယ်။

သဲဖြူကျေးရွာကို စက်တင်ဘာ ၂၅ ရက်နေ့ကစတင်ကာ တပ်စခန်းလာချပြီး ဒေသခံပြည်သူ ၁၆ ဦးကိုဖမ်းဆီးခဲ့သလို စက်တင်ဘာလ ၂၆ ရက်နေ့မှာ နောက်ထပ် ကိုယ်ဝန်ဆောင်မိခင်အပါဝင် ၈ ဦး ဖမ်းဆီးခံရတာလို့  ဒေသခံတွေကပြောပါတယ်။

"လက်နက်တွေရှိတယ်ဆိုပြီး စခန်းလာချရှာနေတာ စလာတဲ့ညက ၁၆ ယောက်အဖမ်းခံရတယ်၊ နောက်တစ်နေ့မှာ ၈ ဦးအဖမ်းခံရတာ အဲ့တာမှာ ဗိုက်ကြီးသည်တစ်ယောက်ပါတယ်၊ ဗိုက်ကြီးသည်ပါ မကျန်ဘူးဆိုတော့ ဗိုလ်ကြီးလာမှ ကျမတို့ရွာလေး ပြာကျတယ်ဆိုတဲ့ စကားလိုဖြစ်နေပြီ''လို့ ပြောပါတယ်။

စစ်တပ်ရောက်လာပြီးနောက်ပိုင်းမှာ ရွာထဲက လူငယ်တွေကို PDF လို့ စွပ်စွဲကာ လိုက်လံဖမ်းဆီးခဲ့သလို တောထဲဝင်ပုန်းနေတဲ့ ရွာသားတွေကိုလည်း တောနင်းရှာဖွေနေပါတယ်။

ရွာသစ်ကုန်းကျေးရွာ၊ တောင်သရက်ကုန်းနဲ့ သံပတ်ကွင်းကျေးရွာတွေကို စစ်တပ်က ဝင်မွှေနေတာ ကြောင့် သဲဖြူနဲ့ သရောင်းကျေးရွာအုပ်စုထဲက ရွာသားတချို့ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

5 hours Ago

ယောဒေသ ရဲစခန်းမှူးနှင့် ရဲတပ်သား ၂ ဦး လက်နက်အပြည့်စုံဖြင့် CDM ပြုလုပ်

မကွေးတိုင်း၊ ယောဒေသ ရဲစခန်းတစ်ခုက စခန်းမှူးတစ်ယောက်နဲ့ ရဲတပ်သား နှစ်ယောက် လက်နက်အပြည်စုံနဲ့ အာဏာဖီဆန် CDM ပြုလုပ်ပြီး  ပြည်သူ့ရင်ခွင်ကို ခိုလှုံလာတယ်လို့ ယောဒေသကာကွယ်ရေးတပ်ဖွဲ့ကနေ သိရပါတယ်။

အဲဒီ စခန်းမှူးအပါအဝင် ရဲတပ်သားတွေရဲ့ မိသားစုဝင်တွေကို ဘေးကင်းလုံခြုံတဲ့နေရာကို ပို့ဆောင်ပေးလိုက်ပြီးတော့ ယောဒေသအတွင်းမှာ ပြည်သူ့ရင်ခွင်ကို ခိုလှုံလာတဲ့ ပြည်သူ့စစ်သားနဲ့ ပြည်သူ့ရဲ အရေအတွက်များပြားလာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက်က ဒီဗွီဘီကို ပြောပါတယ်။

ပြည်သူ့ရဲစခန်းမှူးနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဘေးကင်းတဲ့နေရာကို ရောက်သွားပြီဆိုပေမဲ့ ဘယ်ရဲစခန်းလည်းဆိုတာကိုတော့ အကြမ်းဖက်စစ်အုပ်စုတွေ စစ်ကြောင်းထိုးလာမှာစိုးလို့ မထုတ်ပြန်သေးဘဲ YDF တပ်ဖွဲ့နဲ့ ဂန့်ဂေါ PDF တို့ပူးပေါင်း တိုင်ပင်ပြီးမှ ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

5 hours Ago

အမရပူရ ရဲစခန်းအနီး မပေါက်ကွဲသေးသည့် လက်လုပ်မိုင်းတွေ့

မန္တလေးမြို့၊ အမရပူရမြို့နယ်၊ မြို့မအုပ်စု၊ သီတာရပ်ကွက်၊ ရဲစခန်းအဝင်လမ်းဘေးမှာ စက်တင်ဘာ ၂၇ ရက် မနက် ၉ နာရီခွဲလောက်က မပေါက်ကွဲသေးတဲ့ လက်လုပ်မိုင်းတွေ့ရှိခဲ့ပါတယ်။

ရဲစခန်းအဝင်လမ်း မြက်ချုံပုတ်ထဲမှာ မသင်္ကာစရာ အိတ်အမည်းနဲ့ ထုပ်ထားတဲ့ အထုတ်တွေ့ရှိခဲ့တာဖြစ်ပြီး စစ်တပ်က လာရောက်စစ်ဆေးခဲ့ရာမှာ အပြာရောင်ပိုက်၊ ဓာတ်ခဲနဲ့ ဝိုင်ယာကြိုးတွေ တွေ့ခဲ့ရတယ်လို့ သိရပါတယ်။

အမရပူရနေဒေသခံတစ်ဦးက“မနက် ၁၀ နာရီမထိုးခင်လောက်က ရဲစခန်းအဝင်မှာ အရပ်ဝတ်တွေရော စစ်သားတွေရော ရှုပ်နေတာ။ မေးကြည့်တော့ ဗုံးတွေ့တာတဲ့။” လို့  ပြောပါတယ်။

မန္တလေးမြို့မှာ စစ်ကောင်စီထောက်တိုင်ဖြစ်တဲ့ စခန်းတွေ၊ ဌာနဆိုင်ရာတွေမှာ ဗုံးပေါက်ကွဲတာနဲ့ စစ်ကောင်စီသတင်းပေးတွေ၊ ဒလန်တွေ အသတ်ခံရတာ  မကြာခဏဖြစ်နေပါတယ်။

5 hours Ago

တီးတိန်းမြို့နယ် ဆိုဇန်ကျေးရွာတွင် မြေပြိုကျပြီး နေအိမ်အချို့ပျက်စီး

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ တီးတိန်-ကလေးလမ်းပေါ်ရှိ ဆိုဇန်ကျေးရွာမှာ စက်တင်ဘာ ၂၇ ရက်က  မိုးများပြီး မြေပြိုမှု ဖြစ်ပွားခဲ့ပါတယ်။

မြေပြိုမှုကြောင့် နေအိမ် ၃ လုံးပျက်စီးသွားကာ ၄ လုံး ပြောင်းရွှေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ဆိုဇန်ရွာအနီး ကားလမ်းတနေရာမှာလည်း မြေပြိုကျလို့ လမ်းပန်းဆက်သွယ်ရေး ယာယီပြတ်တောက်မယ့် အနေအထားရှိနေပါတယ်။

ချင်းပြည်နယ်မှာ မိုးရာသီကာလ မကြာခဏ မြေပြိုကျမှုတွေဖြစ်ပွားလေ့ ရှိပါတယ်။ ချင်းပြည်နယ်မှာ ဆယ်စုနှစ်တခုအတွင်း အဆိုးရွားဆုံးမြေပြိုမှုကို မြို့တော် ဟားခါးမြို့မှာ ၂၀၁၅ ခုနှစ်က ဖြစ်ပွားခဲ့ပါတယ်။

Photo: Huailek

5 hours Ago

ပုသိမ်မြို့နယ်၌ အန်အယ်လ်ဒီပါတီဝင်အချို့၏ နေအိမ်ကို စစ်တပ်ဝင်စီး၊ ရွာသား ၁၆ ဦး ဖမ်းဆီးခံရ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊  အမှတ် ၁၀ ရပ်ကွက်၊ ညောင်ချောင်းကျေးရွာမှာ  စက်တင်ဘာ ၂၃ ရက် ညနေပိုင်းက စစ်တပ်သတင်းပေးတယောက် သေနတ်နဲ့ပစ်သတ်ခံရပြီးနောက်ပိုင်း စစ်တပ်က အန်အယ်လ်ဒီ ပါတီဝင်တွေရဲ့ နေအိမ်တချို့ကိုဝင်ရောက်စီးနင်းပြီး ရွာသား ၁၆ ဦးကို ဖမ်းဆီးသွား ပါတယ်။

အကြမ်းဖက်စစ်တပ်က အင်အား ၂၀၀ ကျော်နဲ့ ရောက်လာကာ ညောင်ချောင်းရွာကိုဝင်စီးပြီး အန်အယ်လ်ဒီ ပါတီနေအိမ်တွေနဲ့ သတင်းပေးလိုက်ပြတဲ့အိမ်တွေကို ဝင်ရောက်ရှာဖွေခဲ့တာလို့ ပါတီဝင် တယောက်က ပြောပါတယ်။

“အဲဒီညကတည်းက  ရွာကို လာဝိုင်းပြီး ရှာတာ အဓိက အန်အယ်လ်ဒီ အိမ်ဆို အကုန်ရှာတာ  ရွာသား ၁၆ ယောက်လောက်အဖမ်းခံရတယ်။ ပါတီဝင်တွေကတော့ အစပိုင်းကတည်းက ရှောင်ထားလို့ မပါကြဘူး။ နောက်ရက် သူတို့စိတ်ထဲရှိတဲ့ ပါတီဝင်တွေရဲ့အိမ်ကို ဝင်ရှာတာ”လို့ ပြောပါတယ်။

စစ်တပ်သတင်းပေး ပစ်သတ်ခံရတာနဲ့ပတ်သက်ပြီး ညစဥ်ဆိုသလို ပုသိမ်မြို့တဘက်ကမ်းမှာရှိတဲ့ အမှတ် ၉ နဲ့ ၁၀ ရပ်ကွက်က ပါတီဝင်တွေရဲ့ နေအိမ်တွေကို စစ်တပ်က ဝင်ရောက်ရှာဖွေနေတာလို့ ဆိုပါတယ်။

စစ်တပ်သတင်းပေး အမျိုးသားကို သေနတ်နဲ့ပစ်သတ်တာဟာ မိမိတို့လက်ချက်ဖြစ်တယ်လို့ စက်တင်ဘာလ ၂၃ ရက်နေ့ ညပိုင်းမှာပဲ PWDF အဖွဲ့က ထုတ်ပြန်ခဲ့ပေမဲ့ စစ်တပ်က မဆိုင်တဲ့သူတွေကို ဖမ်းဆီးပြီး အန်အယ်လ်ဒီပါတီဝင်တွေရဲ့နေအိမ်ကို ဝင်ရောက်ရှာဖွေနေတာလည်း ဖြစ်ပါတယ်။

6 hours Ago

ရေစကြိုမြို့တွင် ဓာတ်ပုံရိုက်သူ ၂ ဦး ဖမ်းဆီးခံရ

မကွေးတိုင်း၊ ရေစကြိုမြို့မှာ စက်တင်ဘာ ၂၇ ရက်မနက်ပိုင်းက စစ်တပ်ရဲ့ ပြည်သူအပေါ် အကြမ်းဖက်နှိပ်စက်မှုကို  ဓာတ်ပုံရိုက်မိတဲ့ အရုပ်အရောင်းဆိုင်က ဆိုင်ရှင်လင်မယား ၂ ယောက် ဖမ်းဆီးခံခဲ့ရပါတယ်။

မြန်မာ့ရှေ့ဆောင်ဘဏ်နားမှာ ဒီနေ့မနက် ၁၀ နာရီခွဲလောက်က အကြမ်းဖက်စစ်အုပ်စုတွေဟာ သူတို့ကို ရှောင်မမောင်းတဲ့ သုံးဘီးဆိုင်ကယ်သမား တစ်ယောက်ကို ရိုက်နှက်နှိပ်စက်နေတာကို မြင်တွေရတဲ့ အဲဒီအရောင်းဆိုင်ကလင်မယားက  ဓာတ်ပုံရိုက်ခဲ့ရာက ဖမ်းဆီးခံရတာလို့ မြို့ခံတစ်ယောက်က ပြောပါတယ်။

သဇင် ကလေးကစားစရာဆိုင်က ဆိုင်ရှင်အမျိုးသမီးဟာ  ရိုက်နှက်နေတဲ့ဖြစ်စဉ်ကို ဓာတ်ပုံ ရိုက်ချိန် စစ်အုပ်စုက တွေ့သွားတာကြောင့် သေနတ်တွေ ပစ်ဖောက်ပြီးတော့ လင်မယား နှစ်ယောက်စလုံးကို ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုတွေဟာ မနေ့ည ကဖောက်ခွဲဖျက်ဆီးခံရတဲ့ မအူတောင်ရွာက မိုင်တဲလ် တာဝါတိုင်နားမှာလည်း သေနတ်တွေ ပစ်ဖောက်ပြီးတော့ ဒေသခံပြည်သူတွေကို ကြိမ်းမောင်းဆဲဆိုခဲ့ပါတယ်။

6 hours Ago

နဘူး​တော​ကျေးရွာတွင် စစ်​တပ်၏ပစ်ခတ်မှု​ကြောင့် ​​ပြည်သူ ၅ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ နဘူး​တော​ကျေးရွာမှာ စက်တင်ဘာ ၂၆ ရက် ညပိုင်းက စစ်​ကောင်စီတပ်ရဲ့ ပစ်ခတ်မှု​ကြောင့် ​ဒေသခံပြည်သူ ၅ ဦး​ သေဆုံးခဲ့ပြီး ၇ ဦးလောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ ၂၆ ည ၇ နာရီ​ကျော်​လောက်က ကျေးရွာဘက်ကို ဒလန်တစ်ဦး​ခေါ်​ဆောင်လာတဲ့ စစ်​ကောင်စီတပ်အဖွဲ့ဟာ ​ကျေးရွာလုံခြုံ​ရေး ကင်း​စောင့်​နေတဲ့ လူငယ်အဖွဲ့နဲ့​တွေ့ပြီး PDF အဖွဲ့ကလို့ယူဆပြီး စတင်ပစ်ခတ်ရာက​နေ သေဆုံးဒဏ်ရာရရှိခဲ့ကြတာလို့ ​ဒေသခံတစ်ဦးက ​ပြောပါတယ်။

စစ်​ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မှု​ကြောင့်  အသက် ၆၀ ကျော် အမျိုးသမီးကြီး ၁ ဦးအပါအဝင် ၅ ဦး လက်နက်ကြီးကျည်​ကြောင့် သေဆုံးခဲ့ရ​ပြီး ၇ ဦး ဒဏ်ရာရရှိကာ ​​ပျောက်ဆုံး​နေတဲ့သူ​တွေလည်း ရှိ​တယ်လို့ ဒေသခံတစ်ဦးက ​ပြောပါတယ်။

စစ်​ကောင်စီတပ်ဖွဲ့​တွေဟာ လက်နက်ကြီးတွေနဲ့ အချိန်အ​တော်ကြာ​အောင်ထိ ပစ်ခတ်​နေတာကြောင့် အနီးနားက ကျေးရွာ​နေပြည်သူတွေလည်း ညတွင်းချင်း ထွက်​ပြေးကြရ ပါတယ်။

6 hours Ago

ပင်လောင်းမြို့နယ်တွင် လူငယ်အထောက်အကူပြုအဖွဲ့ဝင် ၁ ဦး ဖမ်းဆီးခံရ

ရှမ်းပြည်နယ်(တောင်ပိုင်း)ပင်လောင်းမြို့နယ်၊ ဆင်ခေါင်းရွာမှာ စက်တင်ဘာ ၂၄ ရက်က ပင်လောင်းလူငယ်အထောက်အကူပြုအဖွဲ့ဝင် ကိုအောင်ဆန်းကို စစ်ကောင်စီက ဖမ်းဆီးရာ ကျပ် သိန်း ၁၅၀ တန်ဖိုးရှိ ပစ္စည်းတွေ ယူဆောင်သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

“ စစ်တပ်က Mark II အိမ်စီးကား နှစ်စီးနဲ့ ဆိုင်ကယ်တွေနဲ့ လာတယ်။ ရွာကိုလည်း ဝိုင်းထားတယ်၊ ကိုအောင်ဆန်းအိမ်ကိုလည်း ဝိုင်းထားပြီး တစ်အိမ်လုံး မွှေနှောက်ရှာတယ်။ စစ်ကောင်စီက သူနောက်လိုက်နေတယ်ဆိုတာ ကိုအောင်ဆန်းသိတယ်။ သူဘာမှလုပ်မထားဖူးဆိုပြီး နေလိုက်တာ။ လာဖမ်းသွားတာပဲ။ သုံးရက် လေးရက်လောက်နေရင် ပြန်လွှတ်ပေးမယ် ပြောတယ်။ အခုထိတော့ မလွှတ်သေးဘူး"လို့ ပြောပါတယ်။

ကိုအောင်ဆန်းကို တောင်ရိုးPDF အဖွဲ့နဲ့ ဆက်စပ်တယ်ဆိုကာ ဖမ်းဆီးပြီး ဘဏ်စာအုပ် ၂ အုပ် ATM ကတ် ၂ ကတ်နဲ့ ကွန်ပြူတာ ၃ လုံး၊ ဖုန်း ၅ လုံး၊ ဟက်ဒစ် ၂ခု တို့ ကျပ် သိန်း ၁၅၀ ဖိုးလောက် သိမ်းဆည်းခံရတယ်လို့ သူနဲ့နီးစပ်သည့် အသိုင်းအဝိုင်းက ပြောပါတယ်။

7 hours Ago

မအူပင်မြို့ ၌ စစ်တပ်က ယာဥ်ထိန်းရဲအလုပ်ဝင်လုပ်ပြီး ပြည်သူထံမှ ငွေညှစ်နေ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ စက်တင်ဘာ ၂၄ ရက်နေ့က စတင်ပြီး အကြမ်းဖက် စစ်ကောင်စီတပ်တွေက ယာဥ်ထိန်းရဲ အလုပ်ဝင်လုပ်ကာ ပြည်သူတွေထံကနေ ငွေညှစ်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

မြို့ပေါ် လူစည်ကားတဲ့နေရာတွေမှာ ဖြတ်သန်းသွားလာတဲ့ ဆိုင်ကယ်တွေကို စစ်ဆေးပြီး အမှုဖွင့်တာတွေအပြင် ငွေညှစ်ယူတာတွေလည်း ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အပြစ်မရှိတာကို ရှာဖမ်းတာ လိုင်စင်ဦးထုပ် အပြည့်အစုံပါရင်တောင် ခြေနင်းတုံးလေး ကျနေတာကို တားပြီး ငွေတောင်းတယ်။ အရမ်းငတ်ရာကျလွန်းနေပြီ။ ပြည်သူတွေကတော့ ဝဋ်ခံနေရတာပေါ့” လို့ မအူပင်မြို့ခံတဦးက ပြောပါတယ်။

မအူပင်မြို့မှာ စက်တင်ဘာလဆန်းပိုင်းက တခြားနေရာတွေကို ပြောင်းရွှေ့သွားတဲ့ ယာဥ်ထိန်းရဲတွေရဲ့ နေရာကို စစ်တပ်ကလူတွေ ဝင်ရောက်ပြီး ဥပဒေမဲ့ ငွေတောင်းယူတာတွေ ပြုလုပ်နေတာလို့ ဆိုပါတယ်။

မအူပင်မြို့မှာ မြို့ပေါ်ရပ်ကွက် ၁၂ ရပ်ကွက်ရှိပြီး ကျေးရွာပေါင်း ၈၈ ရွာရှိကာ အဓိက သွားလာရေးအတွက် ဆိုင်ကယ်ကိုသာ အသုံးပြုနေရတယ်လို့ သိရပါတယ်။

7 hours Ago

မြန်မာပြည် ဒီမိုကရေစီလမ်းကြောင်း ပြန်သွားရေး ဆက်ကြိုးပမ်းမည်ဟု ဒိန်းမတ်သံရုံး အကြီးအကဲအသစ်ပြော

မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးအကြီးအကဲသစ် မစ္စတာ Anders Graugaard ဟာ  စက်တင်ဘာ ၂၆ ရက်မှာ ရန်ကုန်ကို ရောက်ရှိလာတယ်လို့ သံရုံးက ထုတ်ပြန်ထားပါတယ်။ 

“လှပစိမ်းလန်းစိုပြေတဲ့ ရန်ကုန်မြို့ကို ကျနော် မနေ့က ရောက်ရှိလာပြီ ဖြစ်ပါတယ်။ အခုလို အရေးကြီးတဲ့အချိန်အခါမှာ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်း ပြန်သွားနိုင်ရေးအတွက် ပံ့ပိုးဖို့ ဒိန်းမတ်အစိုးရရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ဆက်လက်ဆောင်ရွက်ဖို့ ဒီကို လာရောက်ရတာ ဝမ်းမြောက်ပါတယ်”

နောဒစ်လို့ခေါ်တဲ့ မြောက်အတ္တလန္တိတ်ဒေသ တနိုင်ငံဖြစ်တဲ့ ဒိန်းမတ်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ ၁၉၅၅ ခုနှစ်မှာ သံတမန်အဆက်အသွယ် စတင်တည်ထောင်ခဲ့ပေမယ့် မြန်မာနိုင်ငံမှာ အချိန်ကာလအတော်ကြာ သံရုံးဖွင့်ခဲ့ခြင်းမရှိဘဲ မြန်မာနိုင်ငံဆိုင်ရာ သံတမန်ရေးရာကိစ္စတွေကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ ဒိန်းမတ်သံရုံးက တာဝန်ယူ ဆောင်ရွက်ပေးနေခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်မှာမှ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးကို ရန်ကုန်မြို့မှာ စတင်ဖွင့် လှစ်နိုင်ခဲ့ကာ ပြီးခဲ့တဲ့ ဩဂုတ်လမှာတော့ သံရုံးဖွင့်လှစ်ခဲ့တဲ့ အချိန်ကာလ ၇ နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။

8 hours Ago

နိုင်ငံတဝန်းအကျဉ်းထောင်များတွင် ဗကသကျောင်းသား ၂၀ ကျော်ဖမ်းဆီးခံထားရ

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတစ်ဝန်း အကျဉ်းထောင်အသီးသီးမှာ ဖမ်းဆီးခံရတဲ့ ဗကသ ကျောင်းသား ၂၁ ဦးရှိကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က စက်တင်ဘာလ ၂၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဖမ်းဆီးခံရတဲ့အထဲမှာ ဗကသများအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ကိုထက်အောင် အပါအဝင် နိုင်ငံတစ်ဝန်းရှိ တက္ကသိုလ် ၊ ကောလိပ်တို့က ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေ၊ မြို့နယ်အလိုက် ဖွဲ့ထားတဲ့ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေ ပါဝင်ကြပါတယ်။

ဒါ့အပြင် အာဏာမသိမ်းခင်ကလည်း ရခိုင်အရေး လှုပ်ရှားမှုကြောင့် ဖမ်းဆီးထောင်ကျခံရတဲ့ ဗကသ ကျောင်းသား ၁၀ ဦးထက် မနည်းရှိနေပြီး တချို့ ပြန်လည်လွတ်မြောက်ခဲ့ကာ ၃ ဦးမှာ လက်ရှိအချိန်ထိ ထောင်ကျခံနေရဆဲဖြစ်ပါတယ်။

8 hours Ago

ကျောက်ကြီးမြို့နယ် မုန်းဒေသတွင် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်သား ၁၂ ဦး သေဆုံး

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းဒေသက ကြောင်ပြာနဲ့ မြွေတော်ကြားမှာ  ပဲခူးပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့အပါအဝင် တိုင်းရင်းသားတပ်ပေါင်းစုတွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ စက်တင်ဘာ ၂၆ ရက်က ည ၇ နာရီအထိ တနေကုန်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီဘက်ကအများအပြား ဒဏ်ရာရရှိခဲ့ပြီး အလောင်း ၁၂ လောင်းနဲ့ လက်နက်တွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ ပဲခူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF-YOMA) က သတင်းထုတ်ပြန်ပါတယ်။

''အကြမ်းဖက်စစ်ကောင်စီဘက်က အင်အား ကား ၆ စီး ထပ်မံရောက်ရှိခဲ့ပေမဲ့ နေရာအနှံ့ကို စစ်အာဏာရှင်များက မရပ်မနားစေခိုင်းမှုကြောင့် စစ်ကောင်စီတပ်သားတွေ စစ်ပန်းနေတာရယ်၊ အကျအဆုံး အင်အားများပြားလာပြီဖြစ်လို့ ကျောက်ကြီးမြို့နယ် တပ်ရင်းများကနေ တပ်စု၊ တပ်စိတ်အလိုက် CDM ထပ်မံဝင်ဖို့ ရှိနေတယ်'' လို့ စစ်တပ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး သစ်တော၊ လယ်ကွင်းပြင်နဲ့ ချောင်းအတွင်းက ငါးဖမ်းပိုက်တွေမှာ စစ်ကောင်စီဘက်က သေဆုံးရုပ်အလောင်းတွေ တွေ့ရှိခဲ့လို့ PDF တပ်ပေါင်းစုတွေနဲ့ ဒေသခံစစ်ဘေးရှောင်ပြည်သူတွေက မြေမြုပ်သင်္ဂြိုဟ် ပေးခဲ့ရတယ်လို့  ဒေသခံတွေဆီက သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီဘက်က တပ်ရင်း ၃ ရင်းနဲ့ တပ်သားအင်အား ၂၀၀ လောက်က ၅၀ စီ ခွဲလာတာဖြစ်ပြီး ၃၀ နီးပါးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေကို အရေးပေါ်လူနာတင်ယာဉ်တွေနဲ့ တောင်ငူဆေးရုံကို ပို့ဆောင်ခဲ့တာလို့ ဆေးရုံနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းဆီက သိရပါတယ်။

8 hours Ago

မန္တလေး ကညနရုံး ဗုံးပေါက်ကွဲ၊ ၄ ဦးထက်မနည်း ဒဏ်ရာရ

မန္တလေးမြို့ သိပ္ပံလမ်းပေါ်ရှိ ကညန (မန္တလေးတိုင်း) ရုံးအတွင်းမှာ စက်တင်ဘာ ၂၇ ရက် မနက် ၁၀ နာရီကျော်က လက်လုပ်ဗုံးပေါက်ကွဲခဲ့ပြီး လူ ၄ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

ဒဏ်ရာရသူတွေဟာ ကညနမှာ ယာဉ်လိုင်စင်၊ လူလိုင်စင် သက်တမ်းတိုးလာသူတွေနဲ့ သက်တမ်းတိုး ဝန်ဆောင်မှုတွေပေးတဲ့ ပွဲစားတွေဖြစ်တယ်လို့ အနီးပတ်ဝန်းကျင်ရှိ ပြည်သူတချို့ က ပြောပါတယ်။

အနီးပတ်ဝန်းကျင်ရှိ ပြည်သူတစ်ဦးက “ထိခိုက်တာတော့ လူ လေးငါးယောက်တော့ရှိတယ်။ အမျိုးသမီးတွေလည်း ပါတယ်။ ဒဏ်ရာပြင်းပြင်းထန်ထန်ရတာတော့ မတွေ့မိဘူး။” လို့ ပြောတယ်။

ဗုံးပေါက်ပြီးနောက်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တွေရောက်လာပြီး ကညနရုံး အနီးပတ်ဝန်းကျင်မှာ စစ်ဆေးတာ၊ ပိတ်ဆို့ရှာဖွေတာတွေရှိတယ်လို့ သိရပါတယ်။

8 hours Ago

ဒီးမော့ဆိုတိုက်ပွဲတွင် ကျဆုံးသွားသည့် ကရင်နီရဲဘော်ကို အလေးပြု သင်္ဂြိုဟ် (ဓာတ်ပုံ)

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာမှာ စက်တင်ဘာ ၂၅ ရက်နေ့က  စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တို့အကြား  ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း ကျဆုံးသွားတဲ့ ကရင်နီတပ်က ရဲဘော် ပါစ္စကွားလယ်(ခ)ခိုးခိုရဲ့ ရုပ်အလောင်းကို ဒီကနေ့မှာ တပ်ဖွဲ့ဝင်တွေက သွားရောက် ကောက်ယူပြီး ကောင်းမွန်စွာ သင်္ဂြိုဟ် ဂုဏ်ပြု အလေးပြုခဲ့ကြပါတယ်။

အလားတူ မနေ့ စက်တင်ဘာ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာလည်း  ရဲဘော် ဒေါရိုဟာ ကုန်းသာကျေးရွာကို ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံရပြီး ကျဆုံးသွားတယ်လို့  ဒီးမော့ဆိုဇုန် KNDF က ထုတ်ပြန်ထားပါတယ်။

Photo : PDF-Loikaw , kndfdemoso

8 hours Ago

ဒီးမော့ဆိုတွင် နာရေးပို့ကား မိုင်းထိ

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာမှာ စက်တင်ဘာ ၂၅ နဲ့ ၂၆ ရက်တွေက စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထွက်မပြေးနိုင်တဲ့ အသက် ၇၀ အရွယ် အဘိုးအိုတစ်ဦး ကျည်ထိမှန် သေဆုံးသွားခဲ့ပါတယ်။

ရင်ဘတ်မှာ ကျည်ထိမှန် သေဆုံးသွားတဲ့ အဘိုးကို ကုန်းသာနာရေးကားနဲ့ သုသာန်ပို့ဆောင်ရာမှာ ဒီကနေ့မနက် ၈ နာရီ ၁၅ မိနစ်လောက်က စစ်ကောင်စီထောင်ထားတဲ့ မိုင်းနင်းပြီး ကားပျက်စီးသွားခဲ့ပါတယ်။ ကားပေါ်ပါလာသူ ၄ ဦးလုံး ထိခိုက်မှုမရှိခဲ့ကြောင်း အဘိုးအိုရဲ့ ရုပ်လောင်းကို ပို့ပေးဆောင်ပေးသူက သူ့ရဲ့လူမှုကွန်ရက်စာမျက်မှာ ဖော်ပြပါတယ်။

ကားမိုင်းနင်းမိပြီး ပျက်စီးသွားခဲ့တဲ့အတွက် အဘိုးအိုရဲ့ရုပ်လောင်းကို ခြေလျင်နဲ့ ပို့ဆောင်သင်္ဂြိုဟ်ခဲ့ကြရပါတယ်။

ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တို့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် ထိခိုက်ပျက်စီးမှု အများဆုံးဖြစ်နေပါတယ်။

စစ်ကောင်စီဘက်က ရွာတွင်းဝင်ရောက်တပ်စွဲကာ စစ်ဆင်မှုတွေပြုလုပ်ခဲ့ပြီး အိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကုန်းသာကျေးရွာမှာ လက်ရှိ  မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ် အနည်းဆုံး ၅၀ လောက်ရှိပြီး လက်နက်ကြီး ကျည်ထိမှန် ပျက်စီးတာတွေလည်း ရှိနေပါတယ်။

9 hours Ago

ပွဲစားခဘတ် ၁၆,၀၀၀ စီပေးပြီး ထိုင်းနိုင်ငံကိုဝင်လာသည့် မြန်မာ ၁၂ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံဘက်ကို တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၂ ယောက်ကို မောင်ခရိုင်နယ်စပ် ကျေးရွာတရွာအနီးမှာ စက်တင်ဘာ ၂၆ ရက် ညနေပိုင်းက ဖမ်းမိခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

စစ်သားတွေ၊ ရဲတွေနဲ့ ဒေသခံတွေ ပူးပေါင်းပါဝင်တဲ့ ကင်းလှည့်တပ်ဖွဲ့ဟာ သူတို့ကို ညနေ ၄ နာရီလောက်က ပုန်းအောင်းနေရာ သစ်တောထဲမှာ တွေ့ရှိခဲ့ရတာလို့ ဆိုပါတယ်။

ဖမ်းမိသူတွေထဲမှာ မြန်မာအမျိုးသား ၅ ယောက်နဲ့ အမျိုးသမီး ၇ ယောက်ပါဝင်ပြီး သူတို့ ဟာ ပဲခူး၊ မြဝတီနဲ့ ရန်ကုန်မြို့တွေကနေ ဘန်ကောက်ထိ ရောက်ရှိဖို့ တယောက်ကို ပွဲ စားခဘတ်ငွေ ၁၆,၀၀၀ စီ ပေးခဲ့ကြရတယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ သူတို့အားလုံးကို မောင်ခရိုင်ရဲစခန်းဆီ ပို့ဆောင်ထားပြီး ဉပဒေအရ လိုအပ်တဲ့ စစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေကာ နေရပ်ပြန်ပို့နိုင်ဖို့ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

9 hours Ago

မြန်မာအမျိုးသမီးအသင်းတိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းကို အိန္ဒိယကလပ်အသင်းက ခေါ်ယူ

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းကို အိန္ဒိယအမျိုးသမီးလိဂ် လက်ရှိချန်ပီယံ Gokulam Kerala FC (GKFC) အသင်းက ကာလတိုစာချုပ်နဲ့ ခေါ်ယူလိုက်တဲ့ အကြောင်း မြန်မာဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။

Gokulam Kerala FC အသင်းက လာမယ့် နိုဝင်ဘာလအတွင်း ကျင်းပမယ့် AFC Women’s Club Championship ပြိုင်ပွဲအတွက် မြန်မာတိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းကို ခေါ်ယူတာဖြစ်တယ်လို့ ဆိုပါတယ်။

တိုက်စစ်မှူး  ဝင်းသိင်္ဂီထွန်းကို အိန္ဒိယကလပ်အသင်းက လစာဘယ်လောက်နဲ့ ခေါ်ယူတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။  ဝင်းသိင်္ဂီထွန်းဟာ မြန်မာအမျိုးသမီး ဘောလုံးသမားတွေထဲမှာ  ပထမဆုံး ပြည်ပထွက်ကစားတဲ့ ကစားသမားဖြစ်ပါတယ်။

အိန္ဒိယလိဂ်ရဲ့ လက်ရှိချန်ပီယံအသင်းဖြစ်သလို နိုင်ငံတကာအတွေ့အကြုံရှိတဲ့နည်းပြ၊ လက်ရွေးစင်အဆင့်ကစားသမားတွေရှိနေတဲ့ အသင်းကို ပြောင်းရွေ့ခွင့်ရတာ တကယ်ကို ဝမ်းသာမိတယ်လို့  ဝင်းသိင်္ဂီထွန်းက အဖွဲ့ချုပ်ရဲ့ ဝက်ဆိုက်မှာပြောထားပါတယ်။

“ ကစားသမား သက်တမ်းမှာ India အသင်း နဲ့ ၄ ကြိမ်ဆုံခဲ့ဖူးတယ်။ တစ်ကြိမ်ထက် တစ်ကြိမ်ပိုပြီး ခက်ခဲတဲ့ ပြိုင်ဘက်အဖြစ်တွေ့ခဲ့ရတာပါ။ အိန္ဒိယရဲ့ အမျိုးသမီးဘောလုံး တိုးတက်မှုက တကယ်ကို မြန်ဆန်ပါတယ်။ အသင်းဖော်တွေနဲ့အတူ အာရှအမျိုးသမီး ကလပ်ချန်ပီယံရှစ်မှာ အောင်မြင်မှုရဖို့ ကြိုးစားသွားမှာပါ။ ပြည်ပထွက် ကစားခွင့်ရတဲ့ ပထမဆုံး အမျိုးသမီး ဘောလုံးသမားဖြစ်လို့ ဝမ်းသာတယ်။ ဂုဏ်လည်းယူပါတယ်။ မြန်မာအမျိုးသမီး ဘောလုံးသမားတွေမှာ ပြည်ပထွက် ကစားနိုင်တဲ့ ခြေစွမ်းတွေ အရည်အချင်းတွေ ရှိတယ်။ ပထမဆုံး ထွက်ကစားရတာဖြစ်လို့ နောက်ကလိုက်လာမယ့် လူတွေအတွက်ပါ အစွမ်းကုန်ကြိုးစား ကစားသွားမှာပါ။” ပြောသည်။

အသက် (၂၆) နှစ်အရွယ်  ဝင်းသိင်္ဂီထွန်းက အရှေ့တောင်အာရှ အမျိုးသမီး လက်ရွေးစင်အသင်းတွေထဲမှာ  ထိပ်တန်းဂိုးသွင်းတဲ့ ကစားသမားတဦးဖြစ်ပြီး မြန်မာ့လက်ရွေး စင်အသင်းအတွက် ပြိုင်ပွဲစုံမှာ သွင်းဂိုး ၅၃ ဂိုး သွင်းယူပေးထားပါတယ်။

Gokulam Kerala FC အသင်းဟာ  ၂၀၁၉-၂၀ အိန္ဒိယ အမျိုးသမီးလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆု ရရှိ ထားတဲ့ အသင်းဖြစ်ပြီး အိန္ဒိယအမျိုးသမီးလက်ရွေးစင်ကစားသမား ၉ ဦး အသင်းမှာ ကစားနေသလို  နီပေါနဲ့  အိုင်ဗရီကို့စ် ကစားသမားတစ်ဦးစီ ခေါ်ယူထားပါတယ်။

9 hours Ago

ရွှေကူတွင် ကေအိုင်အေနှင့်စစ်ကောင်စီတပ် တိုက်ပွဲဖြစ်၊ နေအိမ်နှင့်တိရစ္ဆာန်အချို့ ပျက်စီးဆုံးရှုံး

ကချင်ပြည်နယ် ရွှေကူမြို့နယ် တာပုန်းကျွန်းမှာ စက်တင်ဘာလ ၂၆ ရက်နေ့လယ်ပိုင်းက ကေအိုင်အေ နဲ့ စစ်ကောင်စီတပ် နှစ်ဘက်ပစ်ခတ်မှုဖြစ်ခဲ့ပြီး လူနေအိမ် နဲ့ တိရစ္ဆာန်အချို့ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

ဧရာဝတီမြစ်ကို ဆန်တက်လာတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုကြောင့်  တာပုန်းကျေးရွာက ဒေသခံတို့ရဲ့  နွားတစ်ကောင် သေဆုံးပြီး တဲအိမ်တစ်လုံး မီးလောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတစ်ဦးက “ညနေ ၃ နာရီလောက်က ပစ်တာ နွားတွေ သေနတ်မှန်တယ်။ တစ်ကောင်က သေတယ်။ တစ်ကောင်ကရှပ်ထိတာ အိမ်တွေလည်း သေနတ်မှန်ထားတယ်။ ကျနော်တို့လည်း အခြားနေရာ သွားနေမှာ ညဘက်ဝင်လာမှာစိုးရိမ်တယ်” လို့ ပြောပါတယ်။

တောပုန်းကျေးရွာဒေသခံတွေဟာ ညအချိန် စစ်ကြောင်းဝင်လာမှာ စိုးရိမ်တဲ့အတွက် အခြားရွာတွေကို ရှောင်တိမ်းနေကြပါတယ်။

ရွှေကူမြို့နယ် ဧရာဝတီမြစ်အတွင်း စစ်ကောင်စီ သင်္ဘော ဆန်တက်လာချိန်မှာ ကေအိုင်အေ နဲ့ ပစ်ခတ်လေ့ရှိပြီး စက်တင်ဘာ ၁၂ ရက်နေ့ကလည်း စစ်ကောင်စီ သင်္ဘောဆန်တက်လာတဲ့အတွက် နှစ်ဘက် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။

နှစ်ဘက်ပစ်ခတ်မှုအတွင်း သေဆုံးဒဏ်ရာရမှုအခြေအနေကိုတော့ ဒီဗွီဘီက စုံစမ်းမေးမြန်းနေဆဲဖြစ်ပါတယ်။

9 hours Ago

ထိုင်းတွင် တရက်တည်း ၁၁,၀၀၀ ကျော် ကိုဗစ်ကူးစက်ခံရ၊ အကျဉ်းထောင်များမှ ၁၂၀ ကျော်ပါဝင်

ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုတွေ မြင့်တက်နေတဲ့ ထိုင်းနိုင်ငံမှာ တရက်တည်း ရောဂါကူးစက်မှုအသစ် ၁၀,၂၈၈ ယောက်ရှိခဲ့ပြီး နိုင်ငံတဝန်း အကျဉ်းထောင်တွေက ၁၂၇ ယောက် ပါဝင်တယ်လို့ ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း သေဆုံးသူအသစ်ကတော့ ၁၀၁ ယောက်ရှိခဲ့ပြီး ရောဂါပြန်လည် ပျောက်ကင်းလာတဲ့အတွက် ဆေးရုံက ဆင်းခွင့်ရသူအရေအတွက်ကတော့ ၁၂,၄၉၄ ယောက် ရှိနေခဲ့တာပါ။

လက်ရှိအချိန်ထိ ထိုင်းနိုင်ငံတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်းကတော့ ၁ သန်းခွဲကျော်ရှိလာခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၁၆,၀၀၀ ကျော်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

သေဆုံးမှုအများဆုံးအဖြစ် ပြီးခဲ့တဲ့ ဩဂုတ် ၁၈ ရက်နေ့က တရက်တည်း ၃၁၂ ယောက်နဲ့ စံချိန်တင်ထားခဲ့ကာ ဩဂုတ် ၁၃ ရက်နေ့က ကူးစက်မှုအသစ် ၂၃,၄၁၈ ယောက်နဲ့ အမြင့် ဆုံးစံချိန်တင်ထားတယ်လို့ ကိန်းဂဏန်းအချက်အလက်တွေအရ သိရပါတယ်။

ထိုင်းနိုင်ငံတဝန်း ခရီးသွားလုပ်ငန်းတွေနဲ့ နိုင်ငံတွင်း ဝင်ရောက်ခွင့်တွေကိုတော့ လာမယ့် နိုဝင်ဘာလမှာ ပြန်လည်စတင်နေဖို့ လုပ်ဆောင်နေတာဖြစ်ပြီး ကာကွယ်ဆေး ထိုးနှံမှုတွေကိုလည်း အားစိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

အာဆီယံနိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ သန်းချီကူးစက်ခံ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မ လေးရှားနိုင်ငံတွေပြီးရင် ထိုင်းနိုင်ငံကတော့ ကူးစက်မှုအမြင့်ဆုံးအမှတ်စဉ် ၄ နေရာမှာ ရှိနေပါတယ်။

ကမ္ဘာတဝန်းမှာတော့ လက်ရှိအချိန်ထိ ရောဂါကူးစက်ခံရသူပေါင်း ၂၃၂ ဒသမ ၆ သန်း ကျော်၊ သေဆုံးသူ ၄ ဒသမ ၇၆ သန်းကျော်နဲ့ ရောဂါပြန်လည်ပျောက်ကင်းသက်သာလာသူပေါင်း ၂၀၉ ဒသမ ၂၃ သန်းကျော် ရှိပါတယ်။

9 hours Ago

CDM သူရဲကောင်းများအတွက် “ဝန်ထမ်းပြည်သူ လက်ကမ်းကူကမ်ပိန်း”တွင် ပါဝင်လှူဒါန်းနိုင်

အာဏာသိမ်းစစ်ကောင်စီရဲ့ တရားမဝင်အစိုးရယန္တရားကြီး မလည်ပတ်နိုင်အောင် ရပ် တည်ချက်ခိုင်ခိုင်မာမာနဲ့ ရဲရဲတောက် ဆန့်ကျင်သပိတ်မှောက်ခဲ့ကြတဲ့ CDM ပြည်သူ့ဝန် ထမ်းသူရဲကောင်းတွေအတွက် “ဝန်ထမ်းပြည်သူ လက်ကမ်းကူကမ်ပိန်း” မှာ ပါဝင်လှူဒါန်းနိုင်ဖို့ ဖိတ်ခေါ်ထားပါတယ်။

ဒီကမ်ပိန်းကိုတော့ စက်တင်ဘာ ၂၆ ရက်ကနေ ၃၀ ရက်နေ့အထိ ၄ ရက်ကြာ အလှူငွေတွေ ကောက်ခံသွားမှာဖြစ်ကာ လှူဒါန်းလိုသူတွေအနေနဲ့ ဆေးတက္ကသိုလ်(၁) ကျောင်းသားသမဂ္ဂ ဖေ့စ်ဘွတ်ခ်ချက်ဘောက်စ်ကတဆင့် ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ ဆိုပါတယ်။

CDM လှုပ်ရှားမှုဟာ နွေဦးတော်လှန်ရေးရဲ့ ပထမဦးဆုံး ဖက်ဆစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတခုဖြစ်သလို တော်လှန်ရေးရဲ့ အရေးကြီးဆုံးထောက်တိုင်တခုလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဆေးတက္ကသိုလ် (၁) ကျောင်းသားသမဂ္ဂအနေနဲ့လည်း CDM သူရဲကောင်းတွေကို လစဉ်လစဉ် ကူညီပေးနေတာဖြစ်ပြီး လူတိုင်းစေ့ ဆက်လက်ထောက်ပံ့နိုင်ဖို့အတွက် အလှူငွေတွေ  များစွာ လိုအပ်နေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ကာ အကြမ်းဖက်စစ်အုပ်စုက မတရား အာဏာသိမ်းယူခဲ့တာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ နွေဦးတော်လှန်ရေးကာလဟာ ၈ လနီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုတွေမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်အုပ်စုရဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ထိခိုက်ကျဆုံးရသူတွေ၊ ဖမ်းဆီး ထောင်ချခံရသူတွေနဲ့အတူ နိုင်ငံအဝန်း တောရောမြို့ပါမကျန် ဒေသခံပြည်သူ့ကာကွယ် ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြားတိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။

လတ်တလောမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က စစ်အာဏာရှင် ဆန့်ကျင်ရေး ခုခံတွန်းလှန်စစ်စတင်ကြောင်းနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်ချုပ်ရေးကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြဖို့ စက်တင်ဘာ ၇ ရက်က ကြေညာထားပါတယ်။

9 hours Ago

မုံရွေး ကြေးမုံရွာတွင် စစ်ကောင်စီတပ်က ပြည်သူ ၂ ဦးကို ပစ်သတ်၊ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်၊ မုံရွေး ကြေးမုံရွာမှာ စစ်ကောင်စီတပ်သားတွေဟာ စက်တင်ဘာ ၂၇ ရက် မနက် ၅ နာရီခွဲလောက်က ပိတ်ဆို့ပြီး ပြည်သူတွေကို ဖမ်းဆီးပစ်ခတ်နေတယ်လို့ သိရပါတယ်။

မနက် ၁၀ နာရီအချိန်ထိ စစ်ကောင်စီတပ်တွေဟာ မုံရွေး ကြေးမုံရွာကို ဝိုင်းထားပြီး ပြည်သူ ၂  ဦးကို ပစ်သတ်ကာ ၁၀ ဦးထက်မနည်း ဖမ်းထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒေသခံတစ်ဦးက "မနက် ၅ နာရီခွဲလောက်ကတည်းက မုံရွေး ကြေးမုံကျေးရွာကို စစ်ကောင်စီတပ်တွေ ဝိုင်းခံထားရပါတယ်။ အခုအချိန်ထိရှိနေတုန်းပဲ။ ပြည်သူတွေကို ပစ်သတ်တာတွေ ဖမ်းဆီးတာတွေလည်း ရှိနေတယ်” လို့ ပြောပါတယ်။

ဖမ်းဆီးခံရသူတွေကိုလည်း ရိုက်နှက်နှိပ်စက်နေတာကြောင့် သေဆုံးသူအရေအတွက် များလာ နိုင်ပြီး ဘေးပတ် ဝန်းကျင်ရွာတွေက ဝိုင်းဝန်းထကြွပေးဖို့ ဒေသခံတွေက တောင်းဆိုပါတယ်။

မုံရွေး ကြေးမုံရွာကို စစ်ကောင်စီတပ်တွေ ဘာအကြောင်းကြောင့် ဝိုင်းတယ်ဆိုတာ တိတိကျကျ မသိရသေးပေမဲ့ ဒေသခံတချို့ကတော့ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ လှုပ်ရှားမှုတွေ ကြောင့်လို့ သုံးသပ်ကြပါတယ်။

9 hours Ago

ထိုင်းနိုင်ငံတွင် အိမ်ခြေ ၁၄,၀၀၀ နီးပါး ရေဘေးသင့်

ထိုင်းနိုင်ငံမှာ စက်တင်ဘာ ၂၃ မှ ၂၆ နေ့အတောတွင်း တိန့်မူအမည်ရှိ မုန်တိုင်းဝင်ရောက်ခဲ့ တာကြောင့် ခရိုင်ပေါင်း ၁၄ ခုမှာ ရေကြီးရေလျှံမှုတွေဖြစ်ပွါးခဲ့ပြီး အိမ်ခြေပေါင်း ၁၄၀၀၀ နီးပါး ရေဘေးသင့်ခဲ့တယ်လို့ ထိုင်းနိုင်ငံသဘာဝဘေးအန္တရယ်ကာကွယ်ရေးနဲ့ ကယ်ဆယ်ရေးဌာနက ယမန်နေ့ညက ထုတ်ပြန်ပါတယ်။ 

အဆိုပါ ခရိုင် ၁၄ ခုမှာ ထိုင်းမြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းနဲ့ အလယ်ပိုင်းရှိ ချင်းမိုင်၊ လမ်းပွန်း၊ လမ်းပန်း၊ တာ့ခ်၊ ဆုခိုထိုင်း၊ ဖိကျစ်၊ ခွန်ကဲန်၊ ချိုင်းယဖွန်း၊ နခွန်းရာ့ချ်ဆီမား၊ ဥဘွန်းရာ့ချ်ဌာနီ၊ နခွန်းဆဝမ်၊ ချိုင်းယားနတ်၊ ဆင်းဘူးရီး၊ အယုဒ္ဓယ ခရိုင်တို့ဖြစ်ကြပြီး အဲဒီထဲက မြို့နယ်ပေါင်း ၅၅ မြို့နယ်၊  ၁၇၈ အုပ်စု၊  ၈၃၉ ရပ်ကွက်/ကျေးရွာ၊ မြူနီစီပါယ်ဧရိယာ ၁ ခု နဲ့ အိမ်ခြေပေါင်း  ၁၃၉၃၀ အိမ် ရေဘေးသင့်ခဲ့တယ်လို့ ဆိုပါတယ်။

ရေကြီးမှုကြောင့် တောင်ပြိုလမ်းပိတ်၊ တံတားကျိုး၊ လမ်းမကြီးရော လမ်းသွယ်တွေပါ ပိတ်ဆို့ကာ လူနေအိမ်တွေ၊ ကားနဲ့ဆိုင်ကယ်တွေ၊ စိုက်ခင်းတွေ ပျက်စီးဆုံးရှုံးမှုတွေရှိခဲ့ပါတယ်။ 

ဒီကနေ့ စက်တင်ဘာ ၂၇ ရက်မှာတော့ ချင်းမိုင်၊ လမ်းပန်း၊ လမ်းပွန်း နဲ့ တာ့ခ်ခရိုင်တွေမှာ ရေတွေကျသွားပြီဖြစ်ပေမဲ့ ထိုင်းနိုင်ငံအထက်ပိုင်းက ရေတွေဟာ အလယ်ပိုင်းကို ဆင်းလာမှာဖြစ်တဲ့အတွက် စက်တင်ဘာ ၂၇ မှ ၃၀ ရက်နေ့အတွင်း ထိုင်းအလယ်ပိုင်းဒေသနေပြည်သူတွေ ရေဘေးအတွက် ကြိုတင်ပြင်ဆင်ထားဖို့ ထိုင်းအမျိုးသား မိုးလေဝသနဲ့ ဇလဗေဒဌာနက သတိပေးထားပါတယ်။ 

အထူးသဖြင့် မယ်နန်ချောင်ဖရာမြစ်ကမ်းတလျှောက်ရှိ ဥထိုင်းဌာနီ၊ ချိုင်းယားနတ်၊ ဆင်းဘူးရီး၊ အန်ထောင်း၊ ဆုဖန်းဘူးရီး ၊ လုပ်ပူရီ ၊ အယုဒ္ဓယ၊ ပထုန်ဌာနီ၊ နွန်ထပူရီ၊ ဘန်ကောက်၊ စမွတ်ဆခွန်း၊ စမွတ်ပရကန်စတဲ့  ၁၂ ခရိုင်နေပြည်သူတွေအနေနဲ့ ရေဘေးအတွက် ကြိုတင်ပြင်ဆင်ကာကွယ်ထားကြဖို့ သတိပေးချက်ထုတ်ပြန်ထားပါတယ်။ 

ရေဘေးသင့်အရေးပေါ်အကူအညီလိုအပ်ပါက အရေးပေါ်လိုင်း ဖုံးနံပါတ် ၁၇၈၄ ကို ၂၄ နာရီ ခေါ်ဆိုဆက်သွယ်နိုင်ပြီး Line ID @1784DDPM  မှာလည်း ဆက်သွယ်နိုင်တယ်လို့ ဆိုပါတယ်။ ကိုးကား -  https://www.khaosod.co.th/around-thailand/news_6641633

9 hours Ago

လားရှိုးနှင့် သိန္နီကြား တိုက်ပွဲဖြစ်ပွားသဖြင့် ကားလမ်းယာယီပိတ်ဆို့မှုဖြစ်ပွား

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးနဲ့ သိန္နီကြားမှာ စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တို့ စက်တင်ဘာ  ၂၆ ရက်က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့လို့  လမ်းအသွားအလာ ယာယီယာဉ်ပိတ်ဆို့မှု ဖြစ်ပွားခဲ့ကြောင်း ခရီးသွား ပြည်သူတွေဆီက သိရပါတယ်။

"ညနေ ၄နာရီ ၂၀ မိနစ် ဝန်းကျင်မှာ သိန္နီနဲ့ လားရှိုးကြား၊ လားရှိုဘက်ခြမ်း နမ့်တွန်းကျေးရွာ၊ S ကွေ့အနီးက မိန်းလမ်းမ ပိတ်ထားလို့ မြေသားလမ်းကနေဖြတ်သန်း သွားလာနေကြရတယ်" လို့ ခရီးသွားတစ်ဦးက ပြောပါတယ်။

နောက်ထပ် ခရီးသည် တစ်ဦးကလည်း "ကျနော်  ၃ နာရီ ခွဲလောက် ဖြတ်တဲ့အချိန်က မပိတ်သေးဘူး။ အပြန် ၄ နာရီ ၂၀ မှာ ပိတ်ထားပြီ" လို့ အဝေးပြေး လမ်းမ ပိတ်ထားကြောင်း ပြောပါတယ်။

စစ်ကြောင်း ချီတက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ အမည်မသိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ စက်တင်ဘာ ၂၆ ရက် မနက် ၉ နာရီခွဲ ဝန်းကျင်ကစပြီး လားရှိုးမြို့နယ် နမ့်တွန်းကျေးရွာအုပ်စု၊  နမ့်ဟူးကျေးရွာနှင့် မန်ဒေါင်‌ကျေးရွာကြားမှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွား ခဲ့တယ်လို့ ဖြတ်သန်းသွားလာသူတစ်ဦးက ပြောပါတယ်။

စစ်ကြောင်းချီတက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ကိုးကန့် MNDAA တပ်ကကြားဖြတ် တိုက်ခိုက်လို့ တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ ဒေသခံတွေက ပြောပေမဲ့ အတည်ပြုနိုင်ဖို့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ရှိပေမယ့် ထိခိုက်မှု ရှိ၊ မရှိ  မသိရသေးပါဘူး။

မနေ့ည ၈ နာရီခွဲမှာတော့ ကွတ်ခိုင်တပ်ကနေ စစ်ကား ၇ စီး လူအင်အားအပြည့်နဲ့ မူဆယ်ဘက်တက်သွားတာ ရှုခင်းသာကျော်လာပြီလို့ အမည်မဖော်လိုသူ မျက်မြင်တစ်ဦးက ပြောပါတယ်။

စစ်တင်ဘာ ၂၀ ရက်ကလည်း စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တို့ နမ့်တွန်းရွာ အနီး တိုက်ပွဲဖြစ်ပွားကာ အတက်၊ အဆင်း ယာဉ်ကြီး၊ ယာဉ်ငယ်တွေကို သွားလာခွင့် မပြုပဲ နာရီပိုင်းကြာ လမ်းပိတ်ခဲ့တာလည်း ဖြစ်ပါတယ်။

အခုရက်ပိုင်းတွေမှာ လားရှိုးနဲ့ သိန္နီကြား ကားလမ်းမပေါ် မကြာခဏ စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်တိပ်ဖွဲ့တို့အကြား ကြိုကြား ကြိုကြား ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာ ကြောင့် ကားလမ်းကို အမှီပြု အလုပ်လုပ်ကိုင်နေကြတဲ့ ပြည်သူတွေက စိုးရိမ်နေကြပါတယ်။

9 hours Ago

မြောက်ဥက္ကလာပမြို့နယ် (စျ)စျေးလမ်းဆုံတွင် ပစ်ခတ်မှုဖြစ်ပွား၊ စစ်ကောင်စီတပ်သား ၁ ဦးသေ

ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ် (စျ)စျေး လမ်းဆုံမှာ စက်တင်ဘာ ၂၆ ရက် ညနေ ၃ နာရီခွဲလောက်က အရပ်ဝတ်စစ်ကောင်စီတပ်သား နှစ်ဦးနဲ့   ပြည်သူ့တပ်မတော် (DRPA) အဖွဲ့ဝင်တချို့ ပစ်ခတ်မှုဖြစ်ရာမှ စစ်သား ၁ ဦး သေဆုံး ၁ ဦး ပြင်းထန်ဒဏ်ရာရတယ်လို့ သိရါတယ်။

DRPA ဒုစစ်ဦးစီးချုပ်က “DRPA က အဖွဲ့ဝင်တချို့ အဲ့လမ်းဆုံကိုရောက်တော့ အရပ်ဝတ်နှစ်ယောက်က အတင်းစစ်ဆေးတာတွေ လုပ်တယ်။ အဲ့မှာတင် ရုန်းရင်းဆန်ခတ်ဖြစ်ကြပြီး DRPA ဘက်က သေနတ်နဲ့တခါတည်း ပစ်လိုက်တာ တစ်ယောက်ကတော့ ပွဲချင်းပြီးသေသွားတယ်”  လို့ ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကားတွေ ရောက်လာကာ စျေးပတ်ဝန်းကျင်မှာ ဆဲဆိုခြိမ်းခြောက်သွားကြတယ်လို့ စျေးသည်တွေက ပြောပါတယ်။ 

DRPA အနေနဲ့ ဧပြီ ၂၈ ရက်ကစပြီး ရန်ကုန်မြို့တွင်း ပြောက်ကျားတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တာပါ။ 

''အာဏာရှင်နဲ့ အပေါင်းအပါတွေကို ရတဲ့နည်းနဲ့ ရရင်ရသလို သုတ်သင်ရှင်းလင်းပြီး ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ဆက်လက်ကာကွယ်သွားမယ်'' လို့  ဒုစစ်ဦးစီးချုပ်က ပြောပါတယ်။

10 hours Ago

မြဝတီမြို့တွင် သောင်ရင်းမြစ်ရေကြီးပြီး ဒေသခံအချို့ ရွှေ့ပြောင်း

မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ခုရက်ပိုင်း မိုးသည်းထန်စွာရွာသွန်းပြီးနောက်  စက်တင်ဘာ ၂၆ ရက်ညကစတင်ပြီး သောင်ရင်းမြစ်ရေကြီးလာတဲ့အတွက်  မြေနိမ့်ပိုင်းမှာ နေထိုင်တဲ့ ဒေသခံတွေ ရေးဘေးဒုက္ခနဲ့ ကြုံတွေ့နေကြရပါတယ်။

မြဝတီမြို့မှာ ရပ်ကွက် ၇ ခုရှိတဲ့အထဲ ရပ်ကွက် ၂ ၊  ရပ်ကွက် ၁ နဲ့ ရပ်ကွက် ၅ တို့မှာ မြေနိမ့်ပိုင်း ဖြစ်တဲ့အတွက် မြစ်ကမ်းစပ်မှာ နေထိုင်သူတွေ ဒီနေ့မနက်က ရေဘေးသင့်ရာကို ရွှေ့ပြောင်း တိမ်းရှောင်ရပါတယ်။ 

ရေဘေးသင့်ပြည်သူတွေကို  မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ချုပ်က လှေနဲ့ နေရာတွေ ရွှေ့ပြောင်းပေးထားပြီး ဘုန်ကြီးကျောင်းတွေမှာ  ယာယီခိုလှုံနေတဲ့ ရေဘေးသင့်သူတွေအတွက်  စေတနာရှင်တွေက လှူဒါန်းကျွေးမွေးနေကြပါတယ်။  

မြဝတီမြို့မှာ ၂၀၂၁ ခုနှစ်အတွင်း   သောင်ရင်းမြစ်ရေကြီးပြီး  မြို့ခံတွေ ရေးဘေးသင့်မှုနဲ့ ကြုံရတာ  နှစ်ကြိမ်ရှိသွားပြီ ဖြစ်ပါတယ်။

10 hours Ago

စစ်ကိုင်းတိုင်းတွင် တိုက်ပွဲများပြင်းထန်ဖြစ်ပွားပြီး နှစ်ဖက်ထိခိုက်ကျဆုံး

စစ်ကိုင်းတိုင်း၊ မင်းကင်းနဲ့ ကလေးဝမြို့ကြားက ဂုံညင်းကျေးရွာအနီးမှာ စက်တင်ဘာ ၂၅ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စက်တင်ဘာ ၂၆ ရက်က နှစ်ဖက်အလောင်းတွေ အများအပြားတွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

မနေ့က မနက် ၇ နာရီဝန်းလောက်ကနေ နေ့လယ် ၁ နာရီအထိ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့သလို  ညနေပိုင်းမှာလည်း တိုက်ပွဲတစ်ကြိမ်ထပ်မံဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ဒေသခံ နာရေးကူညီဆောင်ရွက်ခဲ့သူတစ်ဦးက “မနက်ခင်း တစ်ကြိမ်တုန်းကတော့ စစ်ကောင်စီဘက်က ၅ ဦး ကျတယ်။ ပြည်သူဘက်က ၁ ဦး ကျတယ်လို့ ပထမပိုင်း သိရတယ်။ ညနေပိုင်း တစ်ကြိမ်ထပ်ဖြစ်တယ်။ ညနေပိုင်း ဖြစ်တဲ့ တိုက်ပွဲ ကျဆုံးတာတွေ စက်တင်ဘာ ၂၆ ရက်နေ့မှ အလောင်းကောက်ရတယ်ဗျ။ လောလောဆယ်တော့ စစ်သားယူနီဖောင်းပါတဲ့ အလောင်းတွေပါတယ်။ ယူနီဖောင်းမပါတဲ့ ပျူစောထီးအလောင်းတွေရော တွေ့ရတယ်။ စုစုပေါင်း စစ်ကောင်စီဘက်က ၁၅ လောင်း ဒီနေ့ တွေ့ရတယ်။ ပြည်သူဘက်က လက်နက်မဲ့ပြည်သူတွေ ပါသလို၊ PDF အဖွဲ့ဝင်တွေလည်း ပါတယ်ဗျ။ အကုန်လုံး စုစုပေါင်း ၁၃ ဦးပေါ့။ ပြေးကြလွှားကြရင်း သေတာတွေရှိသလို၊ လက်နက်ကိုင်တိုက်ပွဲဝင်ရင်း ကျဆုံးတဲ့ ရဲဘော်လေးတွေလည်း ရှိတယ်ဗျ။ ပြည်သူအလောင်းက ၇ လောင်းလောက်ရှိမယ်” လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ဘက်၊ လေးအိမ်စုနဲ့ စည်ပင်ကြီးရွာနားမှာလည်း  စက်တင်ဘာ ၂၆ ရက်‌ နေ့လယ်ပိုင်း ၂ နာရီမှ ညနေ ၄ နာရီခွဲလောက်ထိ  PDF (Kalay) နဲ့ CNDF ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်သား အင်အား ၁၀၀ ကျော်လောက်ဟာ ကလေးမြို့တောင်ဘက် ချင်းဆိုင်ရွာအတွင် ဝင်ရောက်မွှေနှောက်ကာ သာစည်ရွာကတဆင့် အနောက်အရပ်ကိုဦးတည်ပြီး ချီတက်လာချိန် လေးအိမ်စုနဲ့ စည်ပင်ကြီးရွာနားမှာ ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်ပိတ်ဆို့ တိုက်ခိုက်ခဲ့တယ်လို့ ကလေး PDF က သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့တွေက စည်ပင်ကြီးရွာဘက်ကို လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်ခတ်ပြီး စည်ပင်ကြီးကတဆင့် မြို့လှ၊ အင်ဒိုင်းကုန်းဘက်သို့ ဆုတ်ခွာသွားခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်းမှာ အကြမ်းဖက်စစ်သား အနည်းဆုံး ၃ ဦး‌ သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရှိရပြီး PDF (Kalay) နဲ့ CNDF ပူးပေါင်းတပ်ဖွဲ့က ၃ ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်တွေက  ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ကာ ထိုးစစ်တွေ အင်အားအလုံးအရင်းနဲ့ ဆင်နွှဲနေတာကြောင့် ဒေသခံတွေ စစ်ဘေးရှောင်နေကြပါတယ်။

11 hours Ago

အရာတော်နှင့် ဝက်လက်တွင် စစ်တပ်သတင်းပေး ၂ ဦးနှင့် လမ်းပြ ၁ ဦး အသတ်ခံရ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်နဲ့ ဝက်လက်မြို့နယ်တို့မှာ စစ်တပ် သတင်းပေးနေသူ ၂ ဦးနဲ့ လမ်းပြပေးသူ ၁ ဦးတို့ ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ စစ်တပ် သတင်းပေးနေသူတစ်ဦးနဲ့ လမ်းပြပေးသူတစ်ဦးတို့ စက်တင်ဘာ ၂၆ ရက် နေ့လယ်ပိုင်းနဲ့ ည‌ပိုင်းတွေက အသတ်ခံလိုက်ရတာပါ။

ဒေသခံတဦးက “တစ်ယောက်က စစ်မှုထမ်း‌ဟောင်း၊ တစ်ယောက်က အရပ်သား။ စစ်မှုထမ်းဟောင်း ဖြစ်သူကတော့ သူ့အကျိုးစီးပွားအတွက် စစ်တပ်နဲ့ အရင်ကတည်းက ပူးပေါင်းလုပ်နေတာ။ နောက်ပြီး အရာတော် မြောက်လက်က စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို စစ်တပ် သတင်းပို့နေသူလို့ သိရတယ်။ နောက်တစ်ယောက်ကတော့ အောင်သုခရွာကို စစ်တပ်ဝင်မွှေတော့ လမ်းပြအဖြစ် လိုက်ပါပေးသူပါ။ ဒါကြောင့် အသတ်ခံရတာ ဖြစ်နိုင်တယ်။ တစ်ယောက်က နေ့လယ်လောက်က အသတ်ခံရပြီး နောက်တစ်ယောက်က ညနေပိုင်း အသတ်ခံရတယ်” လို့ ပြောပါတယ်။

စစ်မှုထမ်းဟောင်းဟာ နောင်ကြီးအိုင်ရွာနဲ့ ရေယိုရွာကြားမှာ ညနေပိုင်းက အသတ်ခံရတယ်လို့ သိရပြီး၊ စစ်တပ်လမ်းပြ အရပ်သားကတော့ လိန်လှမူးဘောင်ပေါ်မှာ နေ့လယ်ပိုင်းက အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

အရာတော်မြို့နယ်မြောက်ပိုင်းနဲ့ အရှေ့ပိုင်းတွေကို စစ်တပ်က ဝင်ရောက်စီးနင်းတာ၊ ရွာ ရွှေ့ပြောင်းရမယ်လို့ ခြိမ်းခြောက်တာ၊ ဒေသခံတွေကို ဖမ်းဆီးနှိပ်စက်တာတွေ ပြုလုပ်ပြီး နောက်ပိုင်း စစ်ကောင်စီသတင်းပေး ဒလန်လို့ ယူဆရသူ အသတ်ခံခဲ့ရတာ ၄ ဦးရှိပြီဖြစ်ပြီး ဘယ်အဖွဲ့ သတ်တယ်ဆိုတာတော့ မသိရသေးပါဘူး။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာလည်း ဘင်တဲကုန်ကျေးရွာက စစ်ကောင်စီသတင်းပေးတစ်ဦးကို စက်တင်ဘာ ၂၆ ရက် ညနေ ၄ နာရီလောက်မှာ ပစ်သတ်ခဲ့တယ်လို့ ဖောင်းဒိုင်း ဖောင်းဒိုင်းအဖွဲ့က ထုတ်ပြန်ထားပါတယ်။

သေဆုံးသူဟာ ဘင်တဲကုန်းရွာသား ပျူစောထီးအဖွဲ့ဝင် စစ်ကောင်စီသတင်းပေး အောင်ကျော်ဆန်း လို့ သိရပြီး ဟံလင်း နဲ့ စခန်းသာရွာကြားမှာ ပစ်သတ်ခံရတာလို့ သိရပါတယ်။ 

ဖောင်းဒိုင်း ဖောင်းဒိုင်းအဖွဲ့က ဒလန်နဲ့ ပျူစောထီး ၅ ယောက် သုတ်သင်ထားသလို မိုင်တဲလ်တာဝါတိုင် ၅ တိုင်ကိုလည်း ဖောက်ခွဲဖျက်ဆီးပြီးပြီလို့ သိရပါတယ်။

11 hours Ago

တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁၅၀၀ ကျော်၊ ၆၂ ဦး ထပ်မံသေဆုံး

မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁,၅၀၀ ကျော်နဲ့ ၆၂ ယောက် ထပ်မံသေဆုံးခဲ့တယ်လို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၆ ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ များစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု တိကျတဲ့ ပမာဏအတိုင်းအဆကိုတော့ မသိနိုင်သေးပါဘူး။

ဝန်ကြီးဌာနထုတ်ပြန်ချက်ထဲမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၈,၄၃၆ ခုကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ် ၁,၅၃၄ ယောက် တွေ့ရှိခဲ့တာမို့ ပိုးတွေ့နှုန်း ၈ ဒသမ ၃၂ ရာခိုင်နှုန်းကျော် ရှိနေပါတယ်။

ရောဂါပြန်လည်ပျောက်ကင်းသက်သာလာလို့ ဆေးရုံက ဆင်းခွင့်ရသူအရေအတွက်ကတော့ ၁,၉၂၂ ယောက်ရှိနေတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူစုစုပေါင်း ၁၇,၅၂၇ ယောက်နဲ့ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၄၅၈,၁၅၄ ယောက် ရှိနေပါတယ်။

 ရောဂါကူးစက်မှုတွေ ထိန်းချုပ်နိုင်ဖို့ အများပြည်သူရုံးပိတ်ရက်အဖြစ် အခုစက်တင်ဘာလ ကုန်အထိ တိုးမြှင့်သတ်မှတ်ကြောင်း စစ်ကောင်စီက ကြေညာထားသလို နိုင်ငံတဝန်း စာ သင်ကျောင်းတွေကိုလည်း လာမယ့် အောက်တိုဘာ ၂၄ ရက်နေ့အထိ ထပ်မံပိတ်ထားဖို့ ကြေညာထားပါတယ်။  ဒါ့အပြင် ရောဂါကူးစက်မှုများတဲ့ နိုင်ငံတဝန်း မြို့နယ်ပေါင်း ၁၂၀ ကျော်ကိုလည်း Stay At Home အမိန့်ထုတ်ထားပါတယ်။

12 hours Ago

တရုတ်မှ ကိုဗစ်-၁၉ ကာကွယ်ဆေး ၂၄ သန်းဝယ်ယူထား၊ ဒုတိယအသုတ် ၄ သန်းထပ်မံရောက်ရှိ

တရုတ်နိုင်ငံက ဝယ်ယူထားတဲ့ Sinopharm ကိုဗစ်-၁၉ ကာကွယ်ဆေး ၄ သန်း စက်တင်ဘာ ၂၆ ရက်ညနေပိုင်းမှာ ထပ်မံရောက်ရှိလာခဲ့တယ်လို့ အကြမ်းဖက်စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အဆိုပါ ထုတ်ပြန်ချက်ထဲမှာတော့ တရုတ်နိုင်ငံကနေ မြန်မာအစိုးရက ကာကွယ်ဆေးအကြိမ်ရေ ၂၄ သန်း စာချုပ်ချုပ်ဆိုဝယ်ယူထားခဲ့တာလို့ ဖော်ပြပါတယ်။

ခုလက်ရှိရောက်လာခဲ့တဲ့ ကာကွယ်ဆေး အလုံးရေ ၄ သန်းကတော့ ဝယ်ယူထားတာတွေထဲက ဒုတိယအသုတ်အနေနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ပထမဆုံးအသုတ် ၄ သန်းကတော့ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်မှာ ရောက်ရှိခဲ့ပြီး ဖြစ်ပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၂၆ ရက်နေ့အထိ ကျန်းမာရေးဝန်ကြီးဌာနက ဝယ်ယူထားတဲ့ COVISHIELD ကာကွယ်ဆေး ၂ သန်း၊ Sinopharm ကာကွယ်ဆေး ၁၀ သန်း၊ Sinovac ကာကွယ်ဆေး ၂ သန်းနဲ့ စုစုပေါင်း ၁၄ သန်း ရောက်ရှိခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ လက်ရှိအချိန်ထိ ရောဂါကူးစက်ခံရသူပေါင်း ၄ သိန်းခွဲကျော်နဲ့ သေဆုံးသူ ၁၇,၀၀၀ ကျော်ထိ ရှိလာနေပြီလို့ အကြမ်းဖက်စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြပါတယ်။

ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ် ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှုတိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေးပါဘူး။

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်ကောင်စီက မတရားအာဏာသိမ်းယူထားခဲ့တာ ၈ လနီးပါး ကြာမြင့်ခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုတွေမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံတဝန်း ကာကွယ်ဆေးထိုးနှံပြီးသူ အရေအတွက်ဟာ ၇ သန်း ကျော်ရှိခဲ့ပြီလို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပေမယ့် ပြည်သူတွေကြားမှာတော့ အကြမ်းဖက်စစ်ကောင်စီကို မယုံကြည်ကြတာမို့ ကာကွယ်ဆေးသွား ရောက်ထိုးနှံသူ အရေအတွက်ဟာ နည်းပါးတယ်လို့ သိရပါတယ်။

13 hours Ago

နိုင်ငံတဝန်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးသူ ၇ သန်းကျော်ရှိလာ

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးသူ အရေအတွက် ၇ သန်းကျော်ရှိပြီလို့ အကြမ်းဖက်စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အဆိုပါ ထုတ်ပြန်ချက်မှာတော့ တိုင်းဒေသကြီးနဲ့ပြည်နယ်အလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဦးတည်အုပ်စုတွေအလိုက် ထိုးနှံပေးနေပြီး စက်တင်ဘာ ၂၅ ရက်နေ့အထိ က ကွယ်ဆေး ၁ ကြိမ်ထိုးနှံပြီးသူ ၃ ဒသမ ၄၇ သန်းကျော်၊ ၂ ကြိမ်အပြည့်ထိုးနှံပြီးသူ ၃ ဒသ မ ၇၂ သန်းကျော်နဲ့ စုစုပေါင်း ၇ ဒသမ ၂ သန်းကျော်ရှိခဲ့ပြီလို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ တရုတ်နိုင်ငံကနေ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ ထပ်မံမှာ ယူထားခဲ့ပြီး စက်တင်ဘာ ၁၂ ရက်မှာတော့ ပထမအသုတ် အနေနဲ့ ၄ သန်း၊ ၂၆ ရက်နေ့မှာ ဒုတိယအသုတ်အနေနဲ့ ၄ သန်း ထပ်မံပြီးတော့ ရောက်ရှိလာခဲ့တာပါ။

ဒါပေမဲ့ ပြည်သူတွေကြားမှာတော့အကြမ်းဖက်စစ်ကောင်စီကို မယုံကြည်ကြတာမို့ ကာ ကွယ်ဆေးသွားရောက်ထိုးနှံသူအရေအတွက်ဟာ နည်းပါးတယ်လို့ သိရပါတယ်။

နိုင်ငံတဝန်းမှာတော့ လက်ရှိအချိန်ထိ ရောဂါကူးစက်ခံရသူပေါင်း ၄ သိန်းခွဲကျော်နဲ့ သေဆုံးသူ ၁၇,၀၀၀ ကျော် ရှိခဲ့ပြီလို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြပါတယ်။

ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှုတိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေးပါဘူး။

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်ကောင်စီက မတရားအာဏာသိမ်းယူထားခဲ့တာ ၈ လနီးပါး ကြာမြင့်ခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုတွေမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုဆိုင်ရာ စစ်တမ်းမှာတွေ့ရှိရတဲ့ အထောက်အထားတွေအရ ဆေးရုံမှာ စောင့်ရှောက်ကုသဖို့ လိုအပ်တဲ့ လူနာတွေ ဆေးရုံမတက်ရောက်နိုင်တာ၊ အွန်လိုင်းကသာ ကုသမှုခံယူနေကြရတာ၊ စစ်ကောင်စီက အမှန်တကယ် သေဆုံးနှုန်းကို မဖော်ပြနိုင်တာ စတဲ့အချက်တွေဟာ ထင်ရှားနေတာမို့ စစ်ကောင်စီဟာ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းတွေမှာ မှားယွင်းညံ့ဖျင်းစွာ စီမံနေတယ်လို့ သုံးသပ်ထားပါတယ်။

ဒါ့အပြင် ကိုဗစ်-၁၉ တတိယလှိုင်းကာလမှာ သေဆုံးသူတွေရဲ့ ၇၃ ရာခိုင်နှုန်းက လိုအပ်တဲ့ ဆေးရုံတွေမှာ တက်ရောက်ကုသခွင့်မရဘဲ နေအိမ်တွေမှာ သေဆုံးခဲ့ကြတယ်လို့ ဖော်ပြပါတယ်။

13 hours Ago

ချမ်းမြသာစည်မြို့နယ်တွင် အကွက်မှူးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ကန်သာယာရပ်ကွက်၊ ၅၉ လမ်း နဲ့ ၁၁၄ လမ်း အနီးမှာ စက်တင်ဘာလ ၂၆ ရက် ညနေ ၆ နာရီခွဲအချိန်လောက် အကွက်မှူးတစ်ဦး သေနတ်နဲ့ ပစ်ခံခဲ့ရတယ်လို့ သိရပါတယ်။

ကန်သာယာရပ်ကွက်က အကွက်မှူး ဦးကျော်ကျော်မင်းဟာ ဆေးခန်းကအပြန်မှာ သေနတ်နဲ့ ပစ်ခံရတာဖြစ်ပြီး စိုးရိမ်ဒဏ်ရာရရှိကာ မန္တလေးဆေးရုံကြီးကို တင်ပို့လိုက်ရတယ်လို့ သိရပါတယ်။

ကန်သာယာရပ်ကွက်နေပြည်သူတစ်ဦးက “အခု ပစ်ခံရတဲ့ အကွက်မှူးက စစ်ကောင်စီ သတင်းပေးဆိုပြီး ရပ်ကွက်ထဲ သိရတယ်။ အခုပစ်ခံရတော့ ဆေးရုံတင်တာ ဆေးရုံမှာ သေတယ်ဆိုပြီး ကြားတယ်။” လို့ ပြောပါတယ်။

ကန်သာယာရပ်ကွက်က အကွက်မှူး ဦးကျော်ကျော်မင်း သေနတ်နဲ့ပစ်ခံရပြီးအကြာခင်မှာ ၁၁၄ လမ်းတစ်လျှောက် အိမ်စီးကားတွေ အရပ်ဝတ်တွေနဲ့ စစ်ကောင်စီတပ်သားတွေ စစ်ဆေးနေတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

13 hours Ago

လောင်းလုံးတွင် NLD ဝန်းရံသူအပါအဝင် အပြစ်မဲ့ပြည်သူ ၈ ဦး ဖမ်းဆီးခံရ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ညင်းမော်ကျေးရွာမှာ စက်တင်ဘာ ၂၆ ရက် ညနေ ၃ ရီကျော်ကျော်လောက်က NLD ပါတီ ဝန်းရံထောက်ခံတဲ့ ပြည်သူ ၅ ဦးကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေရဲ့ပြောကြားချက်အရ သိရပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ ပြီးခဲ့တဲ့ရွေးကောက်ပွဲတုန်းက မဲရုံမှာ NLD ကိုယ်စားလှယ်အဖြစ်နဲ့ လုပ်ဆောင်ခဲ့သူတွေပါဝင်ပြီး စာရင်းနဲ့တကွ လာရောက်ဖမ်းဆီးခဲ့တာဖြစ်တဲ့အတွက် တစ်ယောက်ယောက်က တိုင်ကြားထားတာဖြစ်နိုင်တယ်လို့ ဒေသခံတဦး ပြောပါတယ်။

ဒါ့အပြင် ကုန်းဇရပ်ကျေးရွာမှာလည်း ညနေ ၄ ‌နာရီကျော်ကျော်လောက်က စစ်ကောင်စီတပ်တွေ နေအိမ်တွေကိုဝင်ရောက်ရှာဖွေပြီး ဆန္ဒပြရာမှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကိုပြသ မေးမြန်းရာမှာ မသိဘူးပြောတဲ့အတွက် အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦးအပါအဝင် အမျိုးသမီး ၃ ဦးကို ဖမ်းဆီးသွားခဲ့တယ်လို့ ဆိုပါတယ်။

လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီတပ်ကနေ အကြမ်းဖက်ဖမ်းဆီး ပစ်ခတ်မှုတွေကြားထဲက ကျောင်းသားလူငယ်တွေအပါအဝင် ပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး နေ့စဉ် ဆန္ဒပြနေကြတာလည်း ဖြစ်ပါတယ်။

အခုရက်ပိုင်းအတွင်း လောင်းလုံးမြို့နယ်ထဲမှာ ဖမ်းဆီးစစ်ဆေးမှုတွေများပြားနေပြီး Mytel တာဝါတိုင်တွေမှာလည်း စစ်ကောင်စီတပ်သားတွေက မိုင်းထောင်မှုတွေပြုလုပ်နေပါတယ်။

13 hours Ago

မြို့ ၂ မြို့က MPT နှင့် Mytel တာဝါတိုင် ဖျက်ဆီးခံရ၊ ပြည်သူ ၅၀ ကျော်ကို ဖမ်းဆီး

မကွေးတိုင်း မကွေးမြို့နဲ့ ရေစကြိုမြို့နယ်တို့မှာ စက်တင်ဘာ ၂၅ ရက်၊၂၆ ရက်နေ့တွေက MPT နဲ့  Mytel တာဝါတိုင်တွေ  ဗုံးဖောက်ခွဲခံခဲ့ရတယ်လို့ သိရပါတယ်။

ရေစကြိုမြို့နယ်၊ မအူတောင်ကျေးရွာအနီးက Mytel တာဝါတိုင် စက်တင်ဘာ ၂၆ ရက်နေ့ည ၈ နာရီဝန်းကျင်လောက်က ဖောက်ခွဲဖျက်ဆီးခံလိုက်ရတယ်လို့ သိရပါတယ်။

ကျေးရွာသားဒေသခံတဦးက “ရွာကနေအသံကြားလိုက်ရပြီး အဲ့ဒီ Mytel တာဝါတိုင်မှာ မီးလောင်နေတာမြင်တာပဲ။ တိုင်ကြီးကတော့ မလဲဘူး။ အောက်ခြေက စက်ခန်းမှာ မီးလောင်တာ လှမ်းမြင်ရတာ” လို့ ပြောပါတယ်။

အဆိုပါ Mytel တာဝါတိုင်ကို ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YSO-PDF) က ဖောက်ခွဲဖျက်ဆီးလိုက်တာလို့ သတင်းပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။

ဗုံးပေါက်ကွဲပြီး ည ၉ နာရီဝန်းကျင်လောက်မှာတော့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေပါတဲ့ မော်တော်ယာဉ် ၁ စီး မအူတောင်ကျေးရွာဘက် ထွက်သွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ရေစကြိုမြို့နယ်အတွင်းမှာလည်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရဲ့ မိသားစုနဲ့ စီးပွားရေးဖက်စပ်လုပ်ကိုင်တဲ့ Mytel တာဝါတိုင်ပေါင်း ၂၀ နီးပါး ဖျက်ဆီးခံထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မကွေးမြို့၊ ကန်သာ ၁၈ လမ်းက MPT တာဝါတိုင်မှာလည်း စက်တင်ဘာ ၂၅ ရက်နေ့၊ မနက်ပိုင်းက ဗုံးပေါက်ကွဲပြီး လမ်းခင်းနေတဲ့ လမ်းလုပ်သားနဲ့ လမ်းအတွင်းနေထိုင်ကြတဲ့ ဒေသခံပြည်သူအယောက် ၅၀ ကျော်ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိပါတယ်။

လမ်းအတွင်းနေသူတဦးက "လမ်းလုပ်သားတွေကို အရင်ဖမ်းပြီး ၁၈ လမ်းအတွင်းက ယောက်ျားမှန်သမျှ ဖမ်းတယ်။ ထပ်ပြီးတော့ အသက် ၁၈ နှစ်ကျော်တဲ့ ယောက်ျား၊ မိန်းမ အကုန်ဖမ်းသွားတာ။ တချို့ဆို မိသားစုလိုက်ပါသွားတာ အခုထိပြန်မလွှတ်သေးဘူး။ အယောက် ၅၀ ကျော်လောက်တယ်” လို့ ပြောပါတယ်။

အဖမ်းခံရတဲ့အထဲမှာ သက်ကြီးရွယ်အိုတွေနဲ့ ကျန်းမာရေးမကောင်းတဲ့သူတွေပါဝင်ပြီး အပြစ်မဲ့ပြည်သူအားလုံး ပြန်မလွှတ်သေးတဲ့အပြင် အကြမ်းဖက်စစ်ကောင်စီရဲ့နှိပ်စက်ခံရမှာကို ဆွေမျိုးသားချင်းတွေက စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

အဆိုပါ တာဝါတိုင်ဖောက်ခွဲမှုနဲ့ပတ်သက်ပြီး No Chair ပြောက်ကျားတပ်ဖွဲ့ကပြုလုပ်ခဲတာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

13 hours Ago
More News
Up