China Focus

July 8, 2022

အိမ်နီးနားချင်းဆိုးများ ဝန်းရံနေတဲ့ မြန်မာပြည်

လူဘဝမှာ အရပ်ထဲ ရွာထဲ‌ နေထိုင်ကြတော့ မိတ်ဆွေကောင်းပီသပြီး ရိုင်းပင်းကူညီတတ်တဲ့ အိမ်နီးနားခြင်းကောင်း ရတတ်သလို မကောင်းဆိုးဝါးစိတ်ဓာတ်နဲ့ ရန်သူသဖွယ် မိမိအကျိုး မလိုလားတတ်တဲ့ အိမ်နီးချင်းဆိုးတွေနဲ့လည်း ကြုံရတတ်ပါတယ်။

မြန်မာနိုင်ငံနဲ့ ပြည်သူလူထုအတွက်တော့ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာတယ် ဆိုရမလား မိမိအိမ်သားထဲမှာ လူစိတ်မရှိတဲ့ တိရစ္ဆာန်အရိုင်းအစိုင်းလို စိတ်ဓာတ်နဲ့ လူယုတ်မာ စစ်အခွင့်ထူးခံတွေ နှိပ်စက်တဲ့ဒဏ်ကို ကျောကော့နေအောင် ခံရရုံသာမက မိတ်ဆွေမပီသဘဲ အမြတ်ထုတ်ချင်ကြတဲ့ အိမ်နီးချင်းဆိုးတွေပေးတဲ့ ဒုက္ခမျိုးစုံကိုလည်း ခါးစည်းခံခဲ့ကြရပါတယ်။

မြန်မာနိုင်ငံအပေါ် စိတ်ရင်းစေတနာမရှိ၊ မိတ်ဆွေကောင်း မပီသတဲ့အထဲမှာ ကွန်မြူနစ် အာဏာရှင်စနစ် ခြယ်လှယ်‌နေတဲ့ တရုတ်နိုင်ငံရဲ့ တပါတီအာဏာရှင်အစိုးရက ထိပ်ဆုံးက အမြဲပါခဲ့ပါတယ်။

ဒီဆောင်းပါးကို ရေးရခြင်း ရည်ရွယ်ချက်က တရုတ်နိုင်ငံနဲ့ တရုတ်လူမျိုးမုန်းတီးရေး ဖြန့်ချိဖို့ မဟုတ်ပါဘူး။ တရုတ်နိုင်ငံကို ခြယ်လှယ်ဗိုလ်ကျနေတဲ့ ကွန်မြူနစ်အာဏာရှင် ပေါလစ်ဗျူရိုအဖွဲ့ရဲ့ မမှန်ကန်တဲ့ စိတ်နေသဘောထားနဲ့ လုပ်ရပ်ဆိုးတွေကို စာဖတ်သူတွေ ပိုသိလာစေဖို့ ရေးခြင်းသာ ဖြစ်ပါတယ်။

ပါးစပ်နဲ့ စက္ကူပေါ်မှာသာ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးတို့၊ မိတ်ဝတ်မပျက် ဆက်ဆံရေး စတာတွေ ပြောနေခဲ့ပေမဲ့ လက်တွေ့မှာတော့ မြန်မာပြည်သူတွေနဲ့ မြန်မာနိုင်ငံ အကျိုးစီးပွား ဆုတ်ယုတ်ဖို့၊ ဒုက္ခတွင်းထဲ ဆင်းရဲတွင်းထဲ ပိုကျအောင် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး အဘက်ဘက်မှာ ပိုဒုက္ခရောက်‌အောင် အဆင်းမှာ ဘီးတပ်တာမျိုး၊ မသာအိမ် ဖဲလိမ်ရိုက်တာမျိုး၊ သိသိသာသာတမျိုး၊ မသိမသာတမျိုး လုပ်ဆောင်ခဲ့တာကို လွတ်လပ်‌ရေးရစကတည်းက ဒီကနေ့အချိန်ထိ အနှစ် ၇၀ ကျော် သမိုင်းတလျှောက်လုံးမှာ အိမ်နီးချင်းကောင်းမပီသတဲ့ လုပ်ရပ်‌တွေကိုသာ ကွန်မြူနစ်ဇာတ်ပျက် တရုတ်အစိုးရက ကျူးလွန်ခဲ့ပါတယ်။

တကယ်တော့ မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄  ရက်မှာ လွတ်လပ်ရေးရခဲ့ပြီး တရုတ်ပြည်သစ်ကတော့ ၁၉၄၉ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့မှ ပေါ်ထွက်လာခဲ့တာမို့  တနှစ်ကျော်ကာလမှာ မြန်မာ-တရုတ် သံတမန်ဆက်ဆံရေးဟာ ကူမင်တန်အစိုးရနဲ့ပဲ ဖြစ်ခဲ့ပါတယ်။ နောက်တော့ မော်စီတုန်းရဲ့ တပ်နီတွေ အောင်ပွဲခံပြီး ကွန်မင်တန် တရုတ်ဖြူတွေ စစ်ရှုံးတော့မှ ကွန်မြူနစ်အစိုးရနဲ့ ဆက်ဆံခဲ့ရတာပါ။

မြန်မာနဲ့တရုတ် နယ်နိမိတ်သတ်မှတ်‌ရေးကိစ္စအတွက် ၁၉၅၆ ခုနှစ် အောက်တိုဘာ-နိုဝင်ဘာ ခရီးစဉ်အတွင်းမှာ ဖီမော်-ဂေါ်လန်-ကန်ဖန် ဆိုတဲ့ ကချင်ရွာကြီးသုံးရွာကို ဒေသခံတိုင်းရင်းသားတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေက မြန်မာပိုင်နက်ဖြစ်တာမို့ တရုတ်နိုင်ငံဘက် မပါလိုကြပါဘူး။ ဒါပေမဲ့ ၁၉၆ဝ ပြည့်နှစ် ဇန်နဝါရီ ၂၈ မှာ စစ်ဓားပြလောင်း ဗိုလ်ချုပ်ကြီးနေဝင်းက တိုင်းရင်းသားပြည်သူ့အလိုကို ဆန့်ကျင်ပြီး အင်အားကြီးတဲ့ တပ်နီ တရုတ်အစိုးရကို မျက်နှာချို‌သွေးဖို့ အဲဒီရွာသုံးရွာပါ ပေးအပ်ခဲ့ပါတယ်။

တရုတ်အစိုးရကလည်း သူတို့နယ်မြေမဟုတ်တာ သိသိကြီးနဲ့ ဒေသခံတိုင်းရင်းသားတွေ အလိုမတူတာ သိလျက်သားနဲ့လည်း အရယူခဲ့တာပါပဲ။ နိုင်ငံပိုင်နက်ကို တလက်မတောင် အပဲ့မခံဘူးလို့ အသံကောင်းဟစ်လေ့ရှိပေမဲ့ နိုင်ငံအပေါ် စေတနာမရှိတဲ့ စစ်ဓားပြတွေ အုပ်စိုးတဲ့ ကာလတလျှောက်လုံးမှာ နယ်ခြားစည်းမျဥ်းတ‌လျှောက် နိုင်ငံပိုင်နယ်နိမိတ်တွေ အများအပြား ဆုံးရှုံးခဲ့ရပါတယ်။ နယ်နိမိတ်စည်းပေါ်က မြစ်ချောင်းတွေ မြစ်ကြောင်းပြောင်း ကမ်းပါးတွေ ပြိုလာရင် မြန်မာပိုင်နက်ကို ဖဲ့ယူ တိုးယူပြီး နယ်မြေချဲ့ထွင်လာကြတာ ဖြစ်ပါတယ်။

စစ်အာဏာရှင်စနစ်ဆိုးကြောင့် အဘက်ဘက် နိမ့်ကျကျန်ရစ်တဲ့ မြန်မာနိုင်ငံကို တရုတ်အစိုးရဟာ စီးပွားရေး၊ ကုန်သွယ်ရေးမှာ နည်းမျိုးစုံနဲ့ အမြတ်ထုတ်ခဲ့ကြပါတယ်။ ငွေပင်ငွေရင်းနည်းတဲ့ မြန်မာကုန်သည်တွေဟာ နယ်စပ်မှာ တရုတ်နိုင်ငံနဲ့ အရောင်းအဝယ် လုပ်ကြရာမှာ မိအေး နှစ်ခါနာ  သုံးခါနာဆိုသလို အရှုံးခံ အမြတ်ထုတ်ခံကြရပြီး မဖွံ့ဖြိုးတဲ့ တိုင်းပြည်တွေကို အတိုးနှုန်းမြင့်မားစွာနဲ့ ငွေထုတ်ချေး စာချုပ်ချုပ်ပြီး အဲ့ဒီနိုင်ငံတွေဟာ အကြွေးလည်ပင်းခိုက်ပြီး နောက်ဆုံး အကြွေးရှင် တရုတ်နိုင်ငံကို မိမိနိုင်ငံပိုင်လုပ်ငန်း မြေနေရာတွေကို ထိုးအပ် ဆုံးရှုံးခဲ့ကြရပါတယ်။

အဲဒီလို ခေတ်သစ်စီးပွားရေးကိုလိုနီနယ်ချဲ့ သိမ်းပိုက်တာ ခံရမှုမှာ ထင်ရှားတဲ့ သာဓကတွေကတော့ သီရိလင်္ကာနိုင်ငံနဲ့ အာဖရိကနိုင်ငံတချို့ ဖြစ်ပါတယ်။ လူ့အခွင့်အ‌ရေး ချိုးဖောက်မှုတွေကြောင့် နိုင်ငံအများစုက အဆက်ဖြတ်တာ ခံခဲ့ရတဲ့ စစ်အခွင့်ထူးခံ ဗိုလ်ယုတ်တွေဟာ လူမိုက် ပညာမဲ့ခေါင်းဆောင်တွေနဲ့သာ ဆက်ဆံ အမြတ်ထုတ်တတ်တဲ့ တရုတ်အစိုးဆီက ပိုက်ဆံတွေချေးပြီး နိုင်ငံရဲ့ အဖိုးတန် သဘာဝသယံဇာတတွေကို စိတ်ကြိုက်ထုတ်ခွင့်ပေး၊ သူတို့ချမ်းသာကြွယ်ဝဖို့ တိုင်းပြည်နဲ့ ပြည်သူလူထု အကျိုးမခံစားရဘဲ နိုင်ငံတွင်း စီးပွားရေးလုပ်ကွက်တွေ ပရောဂျက်တွေ အရှုံးခံ ပေးခဲ့ကြပါတယ်။

ဧရာဝတီမြစ်ဆုံဆည်တည်ဆောက်ရေး ပရောဂျက်၊ လက်ပတောင်းတောင်ဒေသ ကြေးစင်တောင် စပယ်တောင်စီမံကိန်း၊ တကောင်းနီကယ်စက်ရုံစီမံကိန်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း စတဲ့စီမံကိန်းတွေဟာ တရုတ်အစိုးရရဲ့ မြန်မာနိုင်ငံအပေါ် မသာအိမ် ဖဲလိမ်ရိုက်တဲ့ သာဓကတွေပါပဲ။

ငါးမျှားချိတ်မှာ တပ်ထားတဲ့ ငါးစာနဲ့တူတဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီငွေ ထုတ်ပေးတဲ့သဘောမျိုး မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၁) အနေနဲ့ မြန်မာနိုင်ငံက စီမံကိန်း ၂၁ ခုအတွက် အမေရိကန်ဒေါ်လာ ၆ ဒသမ ၁ သန်းကျော် ရန်ပုံငွေ လွှဲပြောင်းလက်ခံလွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ၂၀၂၁ ခုနှစ် ဩဂုတ် ၁၀ ရက် နံနက်ပိုင်းမှာ ပြုလုပ်ပြီး နဖားကြိုးထိုးခဲ့ပါတယ်။

နောက်တခါ စစ်ဓားပြဂိုဏ်းရဲ့ နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်က ဒီနှစ် မတ် ၃၁ ရက်နေ့မှာ တရုတ်အစိုးရရဲ့ ဖိတ်ခေါ်ချက်နဲ့ တရုတ်ပြည်ကို သွားပါတယ်။ နှစ်နိုင်ငံ စီးပွားရေးနဲ့ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးစာချုပ် ချုပ်ဆိုခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော်ခန့် စစ်ဓားပြတပ်ကို ကူညီမယ်လို့ ကြေညာပြောဆိုခဲ့တာဟာ ပြည်သူလူထုကို ဆက်ပြီးသတ်ဖြတ်ဖို့ လက်နက်ဖိုး ကျည်ဆန်ဖိုး ပေးလိုက်တာပါပဲ။

အကြမ်းဖက်စစ်တပ်က ပြည်သူ့ထံက အာဏာလုပြီးတဲ့နောက် တရုတ်အစိုးရဟာ  ပြည်သူသတ် ဖက်ဆစ်စစ်ကောင်စီကို ပထမဆုံးဖိတ်ခေါ်တဲ့ နိုင်ငံကြီး ဖြစ်ပါတယ်။ သူတို့သဘောကတော့ မြန်မာပြည်သူလူထု အသတ်အဖြတ်ခံနေရချိန် အသုဘရှုနေရတဲ့နိုင်ငံမှာ  အာဏာလု စစ်ဓားပြခေါင်းဆောင်တွေနဲ့ ကျင့်ဝတ်မဲ့စွာ ပိုင်ရှင်ကိုဂရုမစိုက်ဘဲ ပိုင်ရှင်မဟုတ်သူနဲ့ စီးပွားရေးအရ လက်တွဲဆောင်ရွက်မယ်ဆိုတဲ့ သဘောပါပဲ။

အိမ်တွင်းဓားပြတိုက်၊ လူသတ်၊ မီးရှို့တာ ခံ‌နေရလို့ အသုဘရှုနေရတဲ့အိမ်ကို အိမ်သူအိမ်သားတွေ အလိုမတူဘဲ အိမ်ထဲဝင်ပြီး စစ်ဓားပြတွေနဲ့ စီးပွားရေးလုပ်ဖို့ ဦးဆောင်ဆွေးနွေးမယ့်သူဟာ စစ်ဓားပြထက်ဆိုးတဲ့ မကောင်းဆိုးဝါး မိစ္ဆာဂိုဏ်းချုပ်လို့ ပြောရမှာပါပဲ။

အဆိုးဆုံးကတော့ ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ (၇) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တက်ရောက်ဖို့  မြန်မာ့ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံမြို့မှာ ရောက်ရှိခဲ့ပေမဲ့ လူထုခေါင်းဆောင်နဲ့တွေ့ရဖို့ မကြိုးစားဘဲ မြန်မာ့နိုင်ငံရေး ပြေလည်စေချင်တယ်လို့ ပြောဆိုတာဟာ စေတနာမပါဘဲ ကြားကောင်းအောင် ပြောခဲ့တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံပြီးရင် အိမ်နီးချင်းမပီသတဲ့အထဲမှာ ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်လည်း ပါပါတယ်။ သူ့အကျိုးစီးပွားအတွက်သာ ကြည့်တဲ့ လူသတ်ဓားပြ စစ်အစိုးရနဲ့ ပုလင်းတူဘူးစို့ အာဏာရှင်ပါပဲ။ ဒါကြောင့်လည်း ထိုင်းနိုင်ငံအတွင်းကို ဇွန်လ ၃၀ ရက်နေ့တုန်းက အကြမ်းဖက်စစ်ကောင်စီရဲ့ တိုက်လေယာဉ်တစင်းက နယ်စပ်နား‌နေတဲ့ ပြည်သူလူထုနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ဗုံးကြဲဖို့ ထိုင်းလေကြောင်းပိုင်နက်ထဲ ကျူးကျော်ဝင်ရောက်မှုအတွက် မြန်မာဘက်က တောင်းပန်ထားပြီးဖြစ်လို့ ပြဿနာမဟုတ်ဘူးလို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်က ပြောဆိုလိုက်တာကို ထိုင်းပြည်သူတွေက လှောင်ပြောင်ခဲ့ကြပါတယ်။

ဒီဆောင်းပါးကိုနိဂုံးချုပ်ရရင် အိမ်နီးချင်းကောင်းနိုင်ငံ မဟုတ်ကြတဲ့ တရုတ်၊ ထိုင်း စတဲ့နိုင်ငံတွေက အာဏာရှင်အစိုးရများဟာ မြန်မာပြည်သူတွေ ခံစားရတဲ့ ဒုက္ခတွေအပေါ်  ဘယ်တုန်းကမှ စာနာ‌ဖေးမလိုစိတ် မရှိကြပါဘူး။ သူတို့နဲ့ မျိုးတူ၊ နာမ်တူ၊ အကျိုးစီးပွားတူရာ စစ်ဓားပြ အာဏာရှင်တွေဘက်ကသာ ရပ်တည်ကူညီကြရင်း မြန်မာပြည်သူလူထုရဲ့ သဘောထားဆန္ဒကို တလျှောက်လုံး ပစ်ပယ်ခဲ့ကြတာ သမိုင်းက သက်သေပြနေပါတယ်။

ဗူးလေးရာဖရုံဆင့် ဆိုသလို နွမ်းပါးချို့တဲ့ရှာတဲ့ မြန်မာပြည်သူ တိုင်းရင်းသားထုအပေါ် အမြတ်ထုတ် ခေါင်းပုံဖြတ်တဲ့ စီးပွားရေးရင်းနှီးမြှုပ်နှံမှုကို အသုံးချပြီး ခေတ်သစ် ကိုလိုနီနယ်ချဲ့ လုပ်ရပ်‌တွေနဲ့ အိမ်နီးချင်းဆိုး အာဏာရှင်အစိုးရဆိုးများသာ ဖြစ်ကြပါတယ်။

ဒါကြောင့် မြန်မာပြည်သူလူထု တိုင်းရင်းသားလူမျိုးအားလုံးဟာ ပြည်တွင်းအာဏာရှင် စစ်ဓားပြတွေရန်ကိုသာမက ပြည်ပ အိမ်နီးချင်းဆိုး အာဏာရှင်အစိုးရတွေရဲ့ အန္တရာယ် ရန်စွယ်များကိုပါ ရင်ဆိုင်နေကြရတာမို့ ကိုယ့်ပြည်တွင်းအား၊ ပြည်သူလူထုအားကိုသာ ဗဟိုပြုပြီး အချင်းချင်း စည်းလုံးညီညွတ်စွာ စုစည်းညီညွတ်ကြဖို့၊ စစ်ဖိနပ်အောက်က လွတ်မြောက်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးပေါ်ထွန်းပြီး တိုင်းရင်းသားလူမျိုးအားလုံး တန်းတူညီမျှ အေးချမ်းသာယာတဲ့ဘဝတွေ အတူတည်ဆောက်ကြမယ်ဆိုတဲ့ စိတ်ဓာတ်၊ ယုံကြည်ချက်နဲ့ ခိုင်ခိုင်မြဲမြဲ လက်ချင်းချိတ်ဆက်ထားကြမှသာ မကောင်းဆိုးဝါး အာဏာရှင်တွေကို တွန်းလှန်ချေမှုန်းနိုင်မှာ ဖြစ်ပါကြောင်း။

မင်းကောင်းချစ်

3 months Ago

March 3, 2022

တရုတ်တို့ မြန်မာ့အရေး ချဉ်းကပ်ပုံအား သုံးသပ်ခြင်း

ပထမအချက်

တရုတ်တို့သည် မြန်မာပြည်တွင် ဒီမိုကရေစီစနစ်ဖြစ်ထွန်းရန်လိုလားသည် သို့မဟုတ် အာဏာရှင် စနစ်လိုလားသည်ဆိုသည့် ကောက်ချက်အနက် တခုခုကိုသာ ကောက်ချက်ချရမည်ဆိုပါက တရုတ် ၏ မြန်မာပြည်နှင့်ပတ်သက်သည့် သဘောထားကို ပြည့်စုံစွာဖော်ပြ၍မရနိုင်ပါ။

ယခုအချိန်တွင် တရုတ်သည် ၎င်းနှင့် ဆက်ဆံသည့် မြန်မာပြည်ဖြစ်စေ၊ အခြားနိုင်ငံများတွင်ဖြစ်စေ မည်သည့်စနစ် ကျင့်သုံးသည်ဆိုသည်ကို သူ အလေးမထားပါ။ သူ အလေးထားသည်မှာ မည်သည့်စနစ် ကျင့်သုံးသည်ဖြစ်စေ တည်ငြိမ်သောအစိုးရနှင့် နိုင်ငံဖြစ်ရန်သာ လိုလားသည်။ လက်ရှိကာလ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးမဟာဗျူဟာ ရေးဆွဲအကောင်အထည်ဖော်နေသော တရုတ်အဖို့ တိုင်းပြည်ကို တည်ငြိမ်အောင်အုပ်ချုပ်နိုင်သော အစိုးရများနှင့်သာ သူ၏ မဟာဗျူဟာ အောင်မြင်မည် ဖြစ်သည်။ 

သို့ဖြစ်ရာ မြန်မာပြည်တွင် အာဏာရှင်စနစ် ကျင့်သုံးသည်ဖြစ်စေ၊ ဒီမိုကရေစီစနစ် ကျင့်သုံးသည်ဖြစ်စေ တရုတ်အတွက် အရေးမကြီးပေ။ တိုင်းပြည်ကို တည်ငြိမ်အောင် အုပ်ချုပ်နိုင်သော အစိုးရမျိုးသာ တရုတ်တို့ လိုလားသည်ဟု ဆိုရမည်။

တရုတ်နှင့် အိမ်နီးချင်း မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ထွန်းကားလာပါက တရုတ်အား ရိုက်ခတ်နိုင်သဖြင့် တရုတ်တို့ မလိုလားဟု အချို့က ယူဆကြသည်။ တကယ်တော့ မြန်မာပြည်တွင် မည်သည့်စနစ် ကျင့်သုံးသည်ဖြစ်စေ ဖွံ့ဖြိုးတိုးတက်မှုနောက်ကျသော မြန်မာပြည်အား တရုတ်ပြည်သူများ အားကျလိမ့်မည် မဟုတ်ပါ။ ထို့ပြင် တရုတ်နှင့် အိမ်နီးချင်း အိန္ဒိယသည် ဒီမိုကရေစီနိုင်ငံကြီးအဖြစ် ရပ်တည်နေသည်မှာ နှစ် ၇၀ ကျော်ကြာပြီဖြစ်ရာ မြန်မာပြည်တွင် ဒီမိုကရေစီကရေစီစနစ် ထွန်းကားခြင်းဆိုသည်မှာ တရုတ်တို့အတွက် ကိစ္စသေးတခုမျှသာ ဖြစ်သည်။

ဒုတိယအချက်

တရုတ်နှင့်ပတ်သက်၍ အများကြည့်မြင်ကြသော အကြောင်းအရာတခုမှာ တရုတ်တို့သည် မြန်မာပြည်အရေးအား ချဉ်းကပ်ရာတွင် မြန်မာလူထုနှင့် ဆက်ဆံမှုကို အလေးထားသလော သို့မဟုတ် အာဏာရှိ အစိုးရနှင့် ဆက်ဆံမှုကို အလေးထားသလောဆိုသည့် အကြောင်းအရာ ဖြစ်သည်။

လက်တွေ့ မြန်မာပြည်အ‌ရေးနှင့်ပတ်သက်၍ တရုတ်တို့ ချဉ်းကပ်ဆက်ဆံလာသည်မှာ မြန်မာပြည်ရှိ key player များဟု ဆိုရမည့် မြန်မာ့ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး နယ်ပယ်များရှိ အဆုံးအဖြတ်ပေးနိုင်သည့်လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့် ဆက်ဆံခြင်းကို တလျှောက်လုံး လုပ်ဆောင်လာသည်ဟု ဆိုရမည်။

တရုတ်တို့သည် အစိုးရနှင့်သာ ဆက်ဆံ၍ လူထုနှင့် မဆက်ဆံ၊ သို့မဟုတ် လူထုနှင့်သာ ဆက်ဆံ၍ အစိုးရအား မဆက်ဆံဆိုသည့် အခြေအနေမျိုး မရှိပေ။ မြန်မာ့ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးနယ်ပယ်တွင် သော့ချက်ကျသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့် ဆက်ဆံခြင်းသည် တရုတ်တို့ ကျင့်သုံးသည့်ပေါ်လစီ ဖြစ်သည်။

တတိယအချက်

မြန်မာပြည်နှင့်ပတ်သက်၍ ချဉ်းကပ်ရာတွင် တရုတ်နှင့် အမေရိကန်အပါအဝင် အနောက်တိုင်းတို့ ချဉ်းကပ်ပုံ တူညီချက်မှာ—

၁။ ၎င်းတို့၏ မဟာဗျူဟာအရ ချဉ်းကပ်ကြည့်မြင်ခြင်း ဖြစ်သည်။ (သို့ဖြစ်ရာ မဟာဗျူဟာအရ အရေးပါသော အခြားကိစ္စများ ရှေ့ရောက်ပါက မြန်မာကိစ္စသည် နောက်ရောက်သွားလေ့ရှိသည်။)

၂။ ၎င်းတို့အကျိုး၏ စီးပွားရေးအခြေခံပေါ်မှ ကြည့်မြင်ခြင်း ဖြစ်သည်။

 ၎င်းတို့ မြန်မာ့အရေးချဉ်းကပ်ပုံ မတူညီချက်မှာ—

အမေရိကန်နှင့် အနောက်တိုင်းက—

၁။ ကြေညာချက်အများအပြား ထုတ်ပြန်လေ့ရှိကြသည်။ သို့သော် လက်တွေ့လုပ်ဆောင်မှု အားနည်းသည်။

၂။ ၎င်းတို့၏ စံတန်ဖိုးများ၊ ပေတံများဖြင့် မြန်မာပြည်ပြဿနာကို တိုင်းထွာသုံးသပ်လေ့ ရှိကြသည်။ (ဤသို့ ချဉ်းကပ်မှုအား အချို့က ပြည်သူဘက်က ရပ်တည်သည်ဟု ရှုမြင်လေ့ရှိကြသည်။)

တရုတ်တို့က—

၁။ ကြေညာချက်ထုတ်ပြန်လေ့ မရှိ။ လက်တွေ့လုပ်ဆောင်စရာရှိသည်ကို ခပ်သွက်သွက် လုပ်ဆောင်လေ့ရှိသည်။

၂။ တရုတ်တို့က မြန်မာ့ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးနယ်ပယ်တို့မှ သော့ချက်ကျသူများနှင့် ထိ‌တွေ့ဆက်ဆံပြီး ချဉ်းကပ်လေ့ရှိသည်။ စံတန်ဖိုးများ၊ ပေတံများ သုံးလေ့မရှိကြ။ လက်တွေ့အကျိုးမျှော်ဝါဒီများ pragmatist များ ဖြစ်ကြသည်။ 

နိဂုံး

လက်တွေ့ မြန်မာ့အရေးချဉ်းကပ်ရာတွင် ကုလသမဂ္ဂ၌ အမေရိကန်နှင့် ညှိနှိုင်းခြင်း၌ ဖြစ်စေ၊ အာဆီယံအား ရှေ့တင်ပြီး အာဆီယံမှတဆင့် အဖြေရှာရန် ကြိုးပမ်းရာ၌ဖြစ်စေ တရုတ်က ရှေ့ရောက်နေသည်ဟု သုံးသပ်ရပါသည်။

မောင်မောင်စိုး

7 months Ago
More News
Up