ဆောင်းပါး

September 28, 2021

အစိုးရနှစ်ဖွဲ့က မြန်မာ့နေရာအတွက် ကုလသမဂ္ဂမှာ တောင်းဆိုထားရာ၊ ဘယ်သူ ရပါသလဲ

နယူးယောက်မြို့ ကုလသမဂ္ဂမှာ ကမ္ဘာ့ခေါင်းဆောင်တွေ ဒီလအတွင်း အထွေထွေညီလာခံ အစည်းအဝေး ထိုင်ကြတဲ့အခါ မြန်မာနိုင်ငံအတွက် ဘယ်သူ ကိုယ်စားပြုသင့်သလဲဆိုတာနဲ့ ပတ်သက်ပြီး မတင်မကျ ဖြစ်နေခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးကတည်းက မြန်မာစစ်တပ်ဟာ ကုလသမဂ္ဂနဲ့ တခြား နေရာတွေမှာ သံတမန်တွေ ခန့်အပ်ဖို့ တရားဝင်အစိုးရဖြစ်တဲ့သူ့မှာ အာဏာရှိသင့်တယ်လို့ ပြောဆိုထားတာပါ။

ဒါပေမဲ့ ဖယ်ရှားခံလိုက်ရတဲ့ ယခင်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရွေးကောက်ခံကိုယ်စားလှယ်တွေနဲ့ အဓိကဖွဲ့စည်းထားတဲ့ အစိုးရနဲ့ တိုင်းရင်းသားလူနည်းစုတွေ ပါဝင်တဲ့ အမျိုးသားညီညွတ်ရေးအစိုး ရ(NUG) ကို နိုင်ငံပြင်ပမှာ ဖွဲ့စည်းထားခဲ့ပါပြီ။

အမျိုးသားညီညွတ်ရေးအစိုးရကလည်း တရားဝင်အစိုးရဖြစ်ပြီး တိုင်းပြည်ရဲ့သံတမန်တွေကို ခန့်အပ်သင့်တယ်လို့ ပြောပါတယ်။ မြန်မာပြည်က အရပ်ဘက်အဖွဲ့အစည်းတွေကတော့ အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး စစ်အစိုးရကို ဝေဖန်နေတဲ့ လက်ရှိသံတမန် ဦးကျော်မိုးထွန်းကိုပဲ ဆက်လက်ခန့်ထားဖို့ အထွေထွေညီလာခံကို စာပေးပို့ တိုက်တွန်းထားပါတယ်။

ဒါကြောင့် ဘယ်သူက မြန်မာကို ကမ္ဘာ့စင်မြင့်မှာ ကိုယ်စားပြုမလဲဆိုတာနဲ့ ဘယ်သူက အထက်စီးမှာရှိနေလဲဆိုတာ ဘာကြောင့် အရေးကြီးနေပါသလဲ။ 

အမျိုးသားညီညွတ်ရေးအစိုးရ ဆိုတာ

လက်ရှိမှာ စစ်အစိုးရဟာ လူ ၁,၁၀၀ ကျော် သတ်ဖြတ်ပြီး ၆,၆၀၀ ကျော် ဖမ်းဆီးထားကာ ရာနဲ့ချီတဲ့လူတွေကို ပုန်းအောင်း၊ ဒါမှမဟုတ် ပြည်တွင်းက ထွက်ပြေးစေပါတယ်။ အဲဒီလို ရက်စက်ကြမ်းကြုတ်တဲ့နည်းနဲ့ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သူတွေကို ဖိနှိပ်မှုနဲ့ အာဏာသိမ်းမှုကို တုံ့ပြန်သောအားဖြင့် အမျိုးသားညီညွတ်ရေးအစိုးရကို ဧပြီလထဲမှာ ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အဓိကခေါင်းဆောင် နှစ်ဦးကတော့ ဖယ်ရှားခံခဲ့ရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ ဖြစ်ပြီး အာဏာသိမ်းပြီးကတည်းက ဖမ်းဆီး ထိန်းသိမ်းခံထားရပါတယ်။ ဒါကြောင့်မို့ သူတို့ရဲ့ အခန်းကဏ္ဍဟာ အများအားဖြင့် အသွင်သဏ္ဍာန်သဘောသာရှိပါတယ်။

ကျန်တဲ့ခေါင်းဆောင်ပိုင်းကတော့ ကရင်တိုင်းရင်းသားနဲ့ ခရစ်ယာန် နိုင်ငံရေးသမားဖြစ်သူ ယာယီဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ ကချင်တိုင်းရင်းသား နိုင်ငံရေးသမားဖြစ်သူ ယာယီသမ္မတ ဒူဝါလရှီးလတို့ပဲ ဖြစ်ပါတယ်။

ဝန်ကြီးအများအပြားဟာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အစိုးရရဲ့ အစိတ်အပိုင်းတွေ ဖြစ်ပေမဲ့ တိုင်းပြည်ရဲ့ ခေါင်းဆောင်မှုမှာ ယခင်ကထက် အားလုံး ပါဝင်နေတဲ့ အမြင်မျိုးဖြစ်အောင် ကြိုးစားထားတာ သိသာထင်ရှားပါတယ်။

အန်အယ်လ်ဒီပါတီအပြင် ကျယ်ပြန့်တဲ့ နိုင်ငံရေးပါတီတွေက ရွေးကောက်ခံ ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသားလူနည်းစုတွေကိုလည်း ပိုပြီးပါဝင်နိုင်ဖို့ ဝန်ကြီးဌာနတွေကို ဖွဲ့စည်းခဲ့တာပါ။ ထင်ရှားတာကတော့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှာ ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူ တယောက်ကို အကြံပေးအဖြစ် ခန့်အပ်ထားခဲ့တာပါပဲ။

နိုင်ငံအများစုက စစ်တပ်ကို မြန်မာပြည်ရဲ့ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုဖို့ နှုတ်ဆိတ်နေခဲ့ကြပေမဲ့ အမျိုးသားညီညွတ်ရေးအစိုးရအတွက် တရားဝင်အသိအမှတ်ပြုမှု ရရှိရေးကလည်း ခက်ခဲနေကြဆဲပါပဲ။

နိုင်ငံတကာအသိအမှတ်ပြုရေးရဲ့ လက်ရှိအခြေအနေ 

ထပ်မံ၍ တိုင်းရင်းသားလူမျိုးစုပေါင်းစုံပါဝင်တဲ့ ဝန်ကြီးဌာန ဖွဲ့စည်းရာမှာ နှစ်ကြာရှည် ဖိနှိပ်ခံနေရတဲ့ ရိုဟင်ဂျာတွေကို ဖယ်ထုတ်ထားသော အငြင်းပွားဖွယ် နိုင်ငံသားဖြစ်မှုဆိုင်ရာ မူဝါဒကို အမျိုးသားညီညွတ်ရေးအစိုးရက ပြောင်းပြန်လှန်ခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရဟာ အခြေအနေကို မဟာဗျူဟာမြောက် ပါးပါးနပ်နပ် ထိန်းချုပ်နိုင်ဖို့အတွက် ၂၀၀၂ ခုနှစ်ကတည်းက မြန်မာနိုင်ငံမှာ ကျူးလွန်ခဲ့တဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး(အိုင်စီစီ)ကနေ တရားစီရင်မှုကို လက်ခံမှာဖြစ်ကြောင်း ပထမဆုံးအကြိမ် ကြေညာခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (အိုင်စီစီ) ရော အပြည်ပြည်ဆိုင်ရာ တရားမျှတမှုတရားရုံး (အိုင်စီဂျေ) နှစ်ခုစလုံးမှာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် စွဲဆိုထားတဲ့အမှုတွေကို ရင်ဆိုင်နေရတာပါ။

အဲဒီအရာတွေကတော့ ယခင်အစိုးရရဲ့ ရိုဟင်ဂျာတွေအပေါ် ထောက်ခံဖို့ ပျက်ကွက်ခဲ့တာနဲ့ ပတ်သက်ပြီး အမှန်တကယ်ပဲ ခါးသီးစရာတွေ ဖြစ်နေပါတယ်။ ယခင်အချိန်တုန်းက စစ်တပ်ရဲ့ မောင်းထုတ်မှုကြောင့် ရာနဲ့ ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေ သူတို့နေရပ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးသွားခဲ့ကြတာကို ဒေါ်အောင်ဆန်းစုကြည်က ကာကွယ်ခဲ့ပြီး လူမျိုးတုံး သတ်ဖြတ်မှု မမြောက်ကြောင်း ငြင်းဆိုခဲ့ပါတယ်။

ဒါပေမဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ရွှေ့ကွက်ကတော့ နိုင်ငံတကာထောက်ခံမှုရအောင် ကြံဆစီမံခြင်းပါပဲ။ အဓိကအားဖြင့် အမေရိကန်ကွန်ဂရက်လွှတ်တော်ရဲ့ ဖိအားကလည်း ရှိနေတာပါ။ သံတမန်ရေးနဲ့ ရုပ်ဝတ္ထုပစ္စည်း ထောက်ပံ့မှုတွေကို ပြည်ပရောက်အစိုးရကို မပေးခင် ကွန်ဂရက်မှာ ရိုဟင်ဂျာပြဿနာနဲ့ပတ်သက်ပြီး တစုံတခု ပြောဖို့ လိုအပ်နေပါတယ်။

ကုလမဂ္ဂကို ရွှေ့လာတဲ့ သံတမန်ရေးတိုက်ပွဲ အသိအမှတ်ပြုရေးတိုက်ပွဲရဲ့ အဓိကဆုလာဘ်တော့ ကုလသမဂ္ဂမှာ မြန်မာကို ကိုယ်စားပြုမယ့်နေရာပဲ ဖြစ်ပါတယ်။ တရားဝင်မြန်မာ့အစိုးရနဲ့ ပတ်သက်ပြီး နိုင်ငံတကာအသိုက်အဝန်းရဲ့ သဘောဆန္ဒကို ထင်ဟပ်စေတဲ့အလျောက် အဲဒီနေရာဟာ အရေးကြီးပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအတွက်ကတော့ အထွေထွေညီလာခံရဲ့ စည်းမျဉ်းတွေက အထောက်အကူပေးထားပြီးသားပါ။ တကယ်လို့ ကိုယ်စားလှယ်ရဲ့ အထောက်အထားတွေနဲ့ ပတ်သက်ပြီး အငြင်းပွားစရာရှိလာရင် လက်ရှိ တာဝန်ယူနေတဲ့ သံတမန်ကိုပဲ ဆက်ထားဖို့ စည်းမျဉ်းတွေက သတ်မှတ်ထားပါတယ်။

ကုလသမဂ္ဂအနေနဲ့ကတော့ အသိအမှတ်ပြုမှုနဲ့ပတ်သက်တဲ့ တရားဝင်ဆုံးဖြတ်ချက်ကို လက်ရှိ အထွေထွေညီလာခံမှာ ချမှတ်မယ်လို့ မျှော်လင့်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ကွယ်မှာ တရုတ်နဲ့ အမေရိကန် အပေးအယူညှိနိုင်းမှု (တရားဝင်မဟုတ်တဲ့ ရုရှား၊ အာဆီယံ၊ ဥရောပသမဂ္ဂတို့ရဲ့ သဘောတူညီမှုနဲ့အတူ)အရ ညီလာခံမှာ စစ်တပ်ကိုယ်စားလှယ်ကို တက်ရောက်ခွင့်မပြုဖို့ သဘောတူခဲ့ကြပါတယ်။

ဆိုလိုတာကတော့ လက်ရှိ သံတမန် ဦးကျော်မိုးထွန်းကပဲ အထွေထွေညီလာခံဖွင့်ပွဲမှာ ပါဝင်တက်ရောက်ခွင့် ရခဲ့တာပါပဲ။ ဒါပေမဲ့ တရုတ်နဲ့ အမေရိကန်တို့ သဘောတူညီချက်မှာ သူ့ကို စစ်တပ်အပေါ် ပြင်းထန်တဲ့စကားလုံးတွေ သုံးစွဲတာမျိုးကို ရှောင်ကြဉ်ဖို့ ပါဝင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါဟာ အမျိုးသားညီညွတ်ရေးအစိုးရအတွက်တော့ ကြီးမားတဲ့ အောင်ပွဲတခုပါပဲ။

အမေရိကန်၊ တရုတ်နဲ့ ရုရှား တို့ပါဝင်တဲ့ အဖွဲ့ဝင် ၉ ဦးပါ အထောက်အထားစိစစ်ရေးကော်မတီက နိုဝင်ဘာလမှာ မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂနေရာကို တရားဝင်ဘယ်သူ ရယူမလဲဆိုတာကို ဆုံးဖြတ်ပါလိမ့်မယ်။

ပြည်တွင်းစစ်က ရှောင်လွှဲမရနိုင်ဘူးလား

အမျိုးသားညီညွတ်ရေးအစိုးရက နိုင်ငံတကာအသိအမှတ်ပြုရေးအတွက် ကြိုးပမ်းနေစဉ်မှာပဲ၊ တပြိုင်နက်တည်း စစ်အစိုးရအပေါ် လူထုခုခံရေးစစ်ပွဲကို ကြေညာခဲ့ပါတယ်။ ဒါဟာ နေအိမ် အကျယ်ချုပ်ကျနေတဲ့နှစ်တွေမှာ ဒေါ်အောင်ဆန်းစုကြည်ချမှတ်ခဲ့တဲ့ အကြမ်းမဖက်ရေး နည်းနာကို ကျောခိုင်းလိုက်တာပါပဲ။

မြန်မာပြည်ရှိ အမေရိကန်နဲ့ ဗြိတိန်သံရုံးတွေက ဝေဖန်သံတွေ တိတ်နေပေမဲ့ အခုလို ပေါ်ပေါ်တင်တင်ထုတ်ဖော်ကြေညာလိုက်တာဟာ တချို့ရပ်ဝန်းတွေမှာ အဆင်မပြေ ဖြစ်စေပါတယ်။

မြန်မာပြည်သူလူထုက ဒီအဖြေကို အပူတပြင်းထုတ်လိုက်တဲ့အပေါ် နားလည်မိနေစဉ်မှာပဲ၊ လေ့ကျင့်မထားတဲ့ လက်နက်မပြည့်မစုံ ကိုင်ဆောင်ထားတဲ့ အရပ်သားတွေဟာ စစ်တပ်အပေါ် တိုက်ခိုက်အနိုင်ယူဖို့ရာမှာ သေချာမှုနဲ့ ဝေးနေပါသေးတယ်။

ဒီနေရာမှာ အဆင့်မြင့်လေ့ကျင့်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ လက်ရှိ မြို့ပြတွေက စုဆောင်းထားတဲ့ အရပ်သားတွေအကြား ပူးပေါင်းဆောင်ရွက်မှု သက်သေတချို့ရှိ နေပါတယ်။ ဒါပေမဲ့ မြန်မာစစ်တပ်ရဲ့ ရှည်လျားတဲ့ သမိုင်းတလျှောက် သိသာလှတဲ့ အသေအပျောက်နှုန်းတွေအားဖြင့် ပြေလည်ဖို့ အဆင်ပြေစရာ မရှိပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် စစ်ပွဲဟာ တခုတည်းသော ရွေးချယ်စရာအဖြစ် လူထုက ခံစားနေရပါတယ်။ တကယ်တော့ အချိန်တိုအတွင်းမှာ မြန်မာစစ်တပ်နဲ့ ပြည်သူလူထုအကြား ကာလရှည်ကြာ ပဋိပက္ခတွေအတွက် ငြိမ်းချမ်းတဲ့ ပြေလည်မှုရရှိရေးဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့ရဲ့ အစောပိုင်းအချိန်တခဏမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ ဖမ်းဆီးခံလိုက်ရကတည်းက ပျောက်ကွယ်သွားခဲ့ပါပြီ။

အေးမင်းစိုး

( ဩစတြေးလျအခြေစိုက်  theconversation.com ဝက်ဘ်ဆိုက်မှာဖော်ပြထားတဲ့  South Australia တက္ကသိုလ်ဝါရင့်ကထိက အဒမ်ဆင်မ်စန် ရေးသားတဲ့   Two governments claim to run Myanmar. So, who gets the country’s seat at the UN?   ဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြခြင်းဖြစ်သည်။ ) 

Ref: The Conversation

16 seconds Ago

September 27, 2021

စစ်သားတွေကို မြင်ရင် ကြောက်တယ်

“ စစ်ယူနီဖောင်းဝတ်တွေကိုမြင်ရင် ဒူးတွေ တဆတ်ဆတ်တုန်လာတယ်…. သူတို့ကို သမီးသိပ်ကြောက် တယ်…. ပြီးတော့ စစ်လက်နက်ပေါက်ကွဲသံတွေကိုကြားရင် ကြောက်တယ်…. ဖြစ်ပျက်ခဲ့သမျှအဖြစ်အပျက်တွေ က သမီးရဲ့ အိပ်မက်ထဲအထိရောက်လာပြီး မကြာခဏ ခြောက်လှန့်နေတယ်…. သမီး သိပ်ကြောက်တယ်..”

ရခိုင်သံမပီကလာဖြင့်ပြောဆိုနေသော ခမီလူမျိုး မခင်မေဦး တစ်ယောက် စကားပြော နေစဉ်အတောအတွင်း၌ပင် အသံများတဆတ်ဆတ်တုန်ရီလာကာ တစ်ဆို့တိမ်ဝင်သွားတော့သည်။ နံဘေးနား တွင်ထိုင်နေသောမိခင်ဖြစ်သူက ချက်ချင်းဆိုသလို မခင်မေဦးကို သူ၏ရင်ခွင်ထဲသို့ဆွဲသွင်းကာ ပွေ့ဖက်ထား လိုက်၏။ ထို့နောက် “ သမီးလေးရဲ့ စိတ်ဒဏ်ရာကိုအချိန်ပေးပြီး ကုစားရဦးမယ်” ဟု ညီးရှာသည်။

စင်စစ် အသက် ၁၂ နှစ်ခန့်အရွယ်ဆိုသည်မှာ ပုံမှန်အားဖြင့် အရာရာကို စူးစမ်းတတ်သောအရွယ်၊ သွက်လက်ဖျတ်လတ်သောအရွယ်၊ ရဲရင့်တက်ကြွသောအရွယ်ပင်ဖြစ်သည်။ လောကဓံလေဆန်လမ်းကိုရင်ဆိုင် ကျော်ဖြတ်ရန်အတွက် အတောင်ပံများ တဖျတ်ဖျတ်ခတ်နေသောအရွယ်ပင်ဖြစ်သည်။ ကလေးဘဝမှ လူငယ် ဘဝသို့စတင်တက်လှမ်းရန် တာစူနေချိန်ဖြစ်သည်။ ထိုအချိန်သည် လူသားတိုင်းအတွက် အလန်းဆန်းအတက် ကြွဆုံးအချိန်အရွယ်ပင် ဖြစ်၏။ သို့သော် ထိုကဲ့သို့အခြေအနေမျိုးသည် မခင်မေဦးနှင့်တော့ လားလားမျှမသက် ဆိုင်သကဲ့သို့ဖြစ်နေသည်။

မဝေးလှသေးသော အတိတ်ကာလတစ်ခုက မခင်မေဦး သည် စစ်တလင်းပြင်၏ မြေစာပင်တစ်ပင်ဖြစ် ခဲ့ရပြီး သူ့တစ်ကိုယ်လုံး သေကောင်ပေါင်းလဲဒဏ်ရာများအလိန်းလိန်းရရှိခဲ့ဖူးသည်။ ထိုအချိန်မှစတင်ကာ စတု တ္ထတန်းကျောင်းသူကလေး မခင်မေဦး ၏အတွင်းစိတ်ထဲ၌ ကြောက်မက်ထိတ်လန့်ဖွယ်ရာ အရိပ်ဆိုးကြီးတစ်ခု စွဲကပ်လာခဲ့ပြီး အချိန်တိုင်း သူ့ကို ခြောက်လှန့်နေတော့သည်။

သွေးစွန်းသွားခဲ့သော မြန်မာ့ကလေးများနေ့

၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ-၁၃ ရက်နေ့။ ထိုနေ့သည် မြန်မာ့လွတ်လပ်ရေးခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၏ (၁၀၅)နှစ်မြောက်မွေးနေ့ဖြစ်ပြီး (၇၃) နှစ်မြောက် မြန်မာ့ကလေးများနေ့လည်းဖြစ်၏။ ထိုနေ့က NLDအစိုးရမှဦးဆောင်ကာ မြန်မာနိုင်ငံအနှံ့အပြားတွင်ပျော်ပွဲရွှင်ပွဲများပြုလုပ်ဆင်နွှဲလျှက်ရှိနေခဲ့သည်။သို့သော် မြန်မာနိုင်ငံအနှံ့အပြားမှ ပျော်ပွဲရွှင်ပွဲများနှင့်ဆန့်ကျင်စွာပင် ရခိုင်ပြည်နယ်ထဲတွင်တော့ စစ်လက်နက်ပေါက် ကွဲသံများနှင့် စစ်တလင်းထဲမှ မြေစာပင်တို့၏ ငိုယိုညည်းတွားသံများ ဆူညံနေခဲ့ရသည်။

ဖေဖော်ဝါရီ-၁၃ ရက်နေ့၊ နံနက်ခင်း-၁၀ နာရီကျော်အချိန်က ဖြစ်သည်။ ဆောင်းနှောင်းရာသီ၏မနက် ခင်းသည် နှင်းကြွင်းနှင်းကျန်ကလေးများဖြင့်အေးအေးမြမြရှိနေ၏။ ရခိုင်မျိုးနွယ်စုဝင် ခမီ(ခမွီ/ခမွေ) လူမျိုးများ နေထိုင်လျှက်ရှိသော ဘူးသီးတောင်မြို့နယ်၊ စံညင်းဝေကျေးရွာအုပ်စုထဲမှ ခမွေချောင်းကျေးရွာကလေးသည် လည်း ပုံမှန်အတိုင်းပင် ငြိမ်းငြိမ်းချမ်းချမ်းရှိနေသည်။

ထိုအချိန်၌ပင် ကျယ်လောင်လွန်းလှသော လက်နက်ကြီးပေါက်ကွဲသံတစ်ခုကိုကြားလိုက်ရပြီး ခမွေ ချောင်းကျေးရွာမူလတန်းကျောင်း၏ခေါင်မိုးတစ်ခုလုံး ဖွာလန်ကြဲထွက်သွားသည်။ ထိုလက်နက်ကြီးကျည်ဆံ ကျ ရောက်ပေါက်ကွဲမှုကြောင့် စာသင်ကျောင်းထဲတွင်စာသင်နေကြသော ကျောင်းသူကျောင်းသားကလေးငယ် (၁၇) ဦးကျော်မျှကို ထိခိုက်ဒဏ်ရာရရှိသွားစေခဲ့သည်။ ခမွေချောင်းကျေးရွာစာသင်ကျောင်းသည် ကျောင်းသူ ကျောင်းသားပေါင်း (၆၅) ဦးတက်ရောက်စာသင်နေသော စာသင်ကျောင်းတစ်ကျောင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရ ရှိသွားကြသောအလေးငယ် (၁၇)ဦးမှာ KG တန်းမှ စတုတ္ထတန်းအထိ ကျောင်းသူကျောင်းသား ကလေးငယ်များ ပင် ဖြစ်သည်။

ကျည်ဆန်စထိမှန်ခဲ့ကြသော ကလေးငယ်အများစုမှာ ပွန်းပဲ့ရှနာရုံဒဏ်ရာဒဏ်ချက်မျှကိုသာ ရရှိခဲ့သော် လည်း အသက် -၁၁ နှစ်ခန့်အရွယ်၊ စတုတ္ထတန်းကျောင်းသူကလေး မခင်မေဦး တစ်ယောက်ကတော့ ကံဆိုး လွန်းစွာပင် ညာဖက်လက်မောင်း၊ ဝဲဖက်ပါး၊ မေးစေ့၊ လည်ပင်းနှင့် နောက်စေ့တို့ကို ပြင်းပြင်းထန်ထန်ထိခိုက် ဒဏ်ရာရရှိသွားခဲ့သည်။

“ အဲဒီနေ့ မနက်ပိုင်း (၅) နာရီကျော်လောက်ကတည်းက ကျွန်တော်တို့ ခမွေချောင်းကျေးရွာရဲ့မြောက် ဖက်တောင်တန်းတွေပေါ်မှာ မြန်မာ့တပ်မတော်နဲ့ ရခိုင်တပ်တော်(AA) တို့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်နေ ကြသံကို ကြားရပါတယ်… မနက် ၁၀ နာရီကျော်လောက်အချိန်မှာတော့ ကျွန်တော်တို့ရွာရဲ့စာသင်ကျောင်းပေါ်ကို လက်နက်ကြီး ကျပါ တယ်… ကျွန်တော်တို့ စာသင်ကျောင်းကိုရောက်သွားချိန်မှာ သမီးလေး ခင်မေဦး ဟာ ဒဏ် ရာတွေနဲ့ သွေးအိုင်ထဲမှာ သတိမေ့မျောနေပါပြီ…. ” ဟု မခင်မေဦး၏ဖခင် ဦးထွန်းမောင်က ပြန်ပြောပြသည်။

စာသင်ကျောင်းကိုလက်နက်ကြီးကျပြီးနောက် နှစ်နာရီခန့်မျှအကြာ၊ နေ့လယ်ခင်း ၁၂ နာရီ ကျော်ခန့်အချိန်တွင် ခမွေချောင်းကျေးရွာတွင်းသို့တပ်မတော်စစ် ကားတစ်စီးရောက်ရှိလာခဲ့ပြီး ထိုစစ်ကားဖြင့် ဒဏ်ရာရရှိသောကလးငယ်များကို ဘူးသီးတောင်မြိဲ့နယ် ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြသည်။ ဒဏ်ရာပြင်းထန်သော မခင်မေဦး သည် ဘူးသီးတောင်ဆေးရုံသို့ ရောက်ရှိပြီး နာရီအနည်းငယ်ခန့်ကြာသည်အထိ ဆက်လက်သတိမေ့မျောနေခဲ့သည်။

ရခိုင်စစ်ပွဲဆိုးမွေထဲက မြေစာပင် မျိုးနွယ်စုများ

လက်နက်ကြီးကျည်ဆန်ထိမှန်ဒဏ်ရာရရှိခဲ့သူ အသက်(၁၂) နှစ်ခန့်အရွယ် မခင်မေဦးတို့မိသားစု သည် ရခိုင်မျိုးနွယ်စုဝင် ခမီလူမျိုးများ ဖြစ်ကြသည်။ ဖခင် ဦးထွန်းမောင်နှင့် မိခင် ဒေါ်မဖြူတို့တွင် မခင်မေဦး မပါအဝင် သားသမီး (၃) ဦးရှိပြီး မခင်မေဦးမှာ အကြီးဆုံး သမီးကြီး ဖြစ်သည်။ မခင်မေဦး၏မိဘများသည် ဘိုး စဉ်ဘောင်ဆက် ခမီချောင်းကျေးရွာတွင်နေထိုင်လာခဲ့ကြသူများဖြစ်ပြီး မိသားစုပိုင် တောင်ယာလုပ်ငန်းဖြင့် အသက်မွေးကြ၏။

ဦးထွန်းမောင်နှင့် ဒေါ်မဖြူတို့နေထိုင်ရာ ခမွေချောင်းကျေးရွာပတ်ဝန်းကျင်တွင် ရှေးယခင်က မည် သည့်တိုက်ပွဲများမှ ဖြစ်ပွားခြင်းမရှိခဲ့သော်လည်း ၂၀၁၅ ခုနှစ်နောက်ပိုင်းတွင်မူ မြန်မာ့တပ်မတော်နှင့် ရခိုင့်တပ် တော် (AA) တို့၏ တိုက်ပွဲဖြစ်ပွားသံများကိုမကြာခဏကြားလာခဲ့ရသည်။ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ(၁၃) ရက် နေ့နောက်ပိုင်းအချိန်များတွင်တော့ ခမွေချောင်းကျေးရွာအနီးအနားတွင် တိုက်ပွဲကြီးများ ဆက်တိုက်ဆိုသလို ဖြစ်ပွားလာခဲ့ပြီး ကျေးရွာထဲတွင် ဆက်လက်မနေထိုင်နိုင်အောင် ဖြစ်သွားခဲ့ရသည်။ ထို့ကြောင့် အိမ်ခြေ (၆၅) အိမ်နှင့် လူဦးရေ (၃၀၀) ကျော်ခန့်မျှရှိသော ခမွေချောင်း ကျေးရွာတစ်ခုလုံး ဘေးလွတ်ရာသို့ထွက်ပြေးတိမ်း ရှောင်ခဲ့ကြရသည်။ လက်ရှိအချိန်တွင် မခင်မေဦးတို့မိသားစုသည်ဘူးသီးတောင် မြို့နယ်ရှိ ဂန္ဓာရီ ခမီတိုက်ပွဲ ရှောင် ကယ်ဆယ်ရေးစခန်းထဲတွင် ခိုလှုံနေထိုင်နေကြရသည်။ ဂန္ဓာရီ ခမီတိုက်ပွဲ ရှောင်ကယ်ဆယ်ရေးစခန်း သည် အစိုးရမှသတ်မှတ်ပေးထားသော ဘုန်းတော်ကြီးကျောင်း တိုက်ပွဲရှောင်စခန်း တစ်ခုဖြစ်ပြီး ထိုစခန်းထဲ တွင် ခမီလူမျိုး တိုက်ပွဲရှောင်အိမ်ထောင်စု (၂၀၆) စုနှင့် လူဦးရေ(၁၂၀၀) ခန့် ခိုလှုံလျှက်ရှိသည်။

လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်အတွင်း၌ မြန်မာ့တပ်မတော်နှင့် ရခိုင်တပ်တော်(AA) တို့၏ နှစ်ဖက် ရင်ဆိုင်တိုက်ပွဲများ ငြိမ်သက်နေခဲ့ပြီဖြစ်သော်လည်း မြေမြုှပ်မိုင်းအန္တရာယ်များက တောတောင်နှင့်အနီးပတ်ဝန်း ကျင်တို့၌နေထိုင်လုပ်ကိုင်စားသောက်နေကြသော ဒေသခံမျာ၏အိမ်ပြန်ရေးအိပ်မက်ကို ခြိမ်းခြောက်နေဆဲပင် ဖြစ်သည်။ အထူးသဖြင့် တောင်တန်းများနှင့် တောင်ခြေဒေသများတွင် မှီတင်းနေထိုင်ကြသူအများစုမှာ ရခိုင်မျိုး နွယ်စုဝင်လူမျိုးများဖြစ်သဖြင့် ထိုသူများသည် ရခိုင်တိုက်ပွဲ၏ဆိုးမွေကိုအများဆုံး ရင်ဆည်းခံနေကြရသူများပင် ဖြစ်၏။

ရခိုင်တိုက်ပွဲကြားထဲက မှတ်တမ်းဝင်မည့် နေ့တစ်နေ့

ရခိုင်ပြည်နယ်သည် မြန်မာ့တပ်မတော်နှင့် AA တို့ ပြင်းပြင်းထန်ထန်တိုက်ပွဲများ နှစ်နှင့်ချီကာ ဖြစ်ပွား ခဲ့ရာ ပြည်နယ်တစ်ခု ဖြစ်သည်။ ရခိုင်အခြေစိုက် နိရဉ္စရာဂျာနယ်၏ မှတ်တမ်းများအရ မြန်မာ့တပ်မတော်နှင့် AA တို့သည် ၂၀၁၅ ခုနှစ်၊ မတ်လ-၂၉ ရက်နေ့မှစတင်ကာ ရခိုင်ပြည်နယ်အတွင်း၌ ထိတွေ့တိုက်ပွဲများစတင်လာ ခဲ့ကြောင်းဆို၏။ ထိုစဉ်အချိန်မှစတင်ကာ ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ်များအတွင်း၌ တိုက်ပွဲသံများကို ခပ် စိပ်စိပ်ကြားလာခဲ့ရပြီး ၂၀၁၈ ခုနှစ်အလွန်ကာလများတွင်မူ ရခိုင်တိုက်ပွဲနယ်မြေသည် ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ်များကိုသာမကတော့ပဲ ရခိုင်အလယ်ပိုင်းနှင့် တောင်ပိုင်းမြို့နယ်များအထိတိုင်း ပြင်းပြင်းထန်ထန်ပျံ့နှံ့ သွားတော့သည်။

၂၀၁၉ ခု နှစ်၊ ဇန်နဝါ ရီလ -၄ ရက်နေ့တွင် ရခိုင်တပ်တော်(AA) သည် ဘူးသီးတောင်မြို့နယ်ရှိ ရဲကင်း စခန်းလေးခုကို တစ်ပြိုင်နက်တည်းဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့သည်။ သည်နောက်တွင်တော့ နိုင်ငံတော်မှ ရ ခိုင့်တပ်တော် (AA) ကို အကြမ်းဖက်သောင်းကြမ်းသူအဖွဲ့အစည်းအဖြစ်သတ်မှတ်ကြေငြာခဲ့ပြီး အမြစ်ဖြတ်ချေ မှုန်းရန် စစ်ဆင်ရေးများကို စတင်ခဲ့သည်။ ၂၀၁၉ မှ ၂၀၂၀ အထိကာလများအတွင်း ရခိုင်ပြည်နယ်ထဲ၌ ကြည်း၊ ရေနှင့် လေကြောင်းပစ်ကူပါသောတိုက်ပွဲကြီး အမြောက်အများ ဖြစ်ပွားခဲ့သည်။ AA ၏ ထုတ်ပြန်ချက်အရ ၂၀၁ ၉ ခုနှစ်အတွင်း မြန်မာ့တပ်မတော်နှင့် AA တို့သည် မိနစ်-၃၀ အထက်ကျော်လွန်သောတိုက်ပွဲပေါင်း (၆၈၁) ပွဲ အထိ ထိတွေ့မှုရှိခဲ့ကြကြောင်း ဆိုသည်။

AA နှင့် စစ်တပ်တို့၏ နှစ်ဖက်ပြင်းထန်တိုက်ပွဲများကြောင့် သေကြေပျက်စီးမှုများ၊ ထိခိုက်ဏ်ရာရရှိမှု များ၊ နေရပ်အိုးအိမ်ကို စွန့်ခွာထွက်ပြေးကြရသော တိုက်ပွဲရှောင်များနှင့် ကျေးရွာလုံးကျွတ် မီးလောင်ပြာကျ ခဲ့မှုပေါင်းများစွာ ရှိခဲ့သည်။ တိုက်ပွဲများအတွင်း ထိခိုက်ဒဏ်ရာရရှိကြသူများနှင့် သေကြေကြသူများထဲတွင်အမျိုး သမီးများ၊ ကလေးငယ်များနှင့် ကျောင်းသူ ကျောင်းသားလူငယ်လူလတ်ပိုင်း အများအပြား ပါဝင်ခဲ့သည်။ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ-၁၃ ရက်နေ့က ဘူးသီးတောင်မြို့နယ်၊ ခမွေချောင်းကျေးရွာစာသင်ကျောင်းပေါ်သို့ လက် နက်ကြီးကျရောက်ပေါက်ကွဲခဲ့မှုဖြစ်စဉ်မှာလည်း ရခိုင်တိုက်ပွဲများ၏ သမိုင်းဝင်မှတ်တမ်းတစ်ခုပင် ဖြစ်သည်။

“ သမီးလေးကို လက်နက်ကြီးကျပြီး ဒဏ်ရာရသွားတဲ့နေ့ဟာ ဖေဖော်ဝါရီ-၁၃ ရက်နေ့၊ အဲဒီနေ့ ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ (၁၀၅) နှစ်မြောက်မွေးနေ့၊ မြန်မာနိုင်ငံရဲ့ကလေးများနေ့လို့ လူတွေက ပြောကြပါတယ်။ ကျွန်မတို့သမီးကလေးက ကျောင်းတက်နေရင်း လက်နက်ကြီးဒဏ်ရာရပြီး သေလုမျောပါးဖြစ်သွားခဲ့ရတယ်။ သမိုင်းဝင် သွေးစွန်းသွားခဲ့ရတဲ့ ကလေးများနေ့တစ်နေ့ပါပဲ” ဟု မခင်မေဦး ၏ မိခင်ဖြစ်သူ ဒေါ်မဖြူ ကဆိုသည်။

လက်နက်ကြီးကျည်ဆန် ထိမှန်ခဲ့သော မခင်မေဦးကို ဘူးသီးတောင်မြို့နယ်ဆေးရုံတွင် (၃) ရက်၊ စစ်တွေ ဆေးရုံတွင် (၄) ရက်နှင့် ထိုမှ တဆင့် (၁၉.၂.၂၀၂၀) ရက်နေ့တွင် ရန်ကုန်မြို့၊ ေ့မြာက်ဥက္ကလာဆေးရုံသို့ ပြောင်းရွှေ့ကာ (၃) လကျော်ခန့် အထိ ဆက်လက်ကုသခဲ့ရကြောင်း ဆိုသည်။ ်။ သုံးလလျှင်တစ်ကြိမ် ရန်ကုန်ဆေး ရုံသို့ ပြန်လည်သွားရောက်ပြသရမည်ဖြစ်သော်လည်း ငွေကြေးမတတ်နိုင်သဖြင့် လက်ရှိတိုင် ပြန်လည်ပြသ နိုင်ခြင်းမရှိခဲ့ကြောင်း မခင်မေဦး၏ မိခင် ဒေါ်မဖြူကဆိုသည်။

ပြန်လည်ကုစားရန်လိုအပ်နေသော မြေစာပင်တို့၏ စိတ်ဒဏ်ရာများ

“ ကျွန်မသမီးလေးရဲ့ ရင်ထဲမှာ ကြောက်စိတ်တွေ အခုထိ စွဲကပ်နေတုန်းပါပဲ… ဖြစ်ပျက်ခဲ့တာတွေက အရိပ်ဆိုးကြီးတစ်ခုလို သူ့ကို အချိန်တိုင်း ခြောက်လှန့်နေပုံပေါ်ပါတယ်… ညဖက်တွေဆိုရင် မကြာခဏ လန့် နိုးတယ်… သူ့ကို နဂိုအတိုင်းပုံမှန်ပြန်ဖြစ်စေချင်ပါတယ်… ပြီးတော့ ကျွန်မသမီးလေးလိုပဲ စစ်ပွဲတွေအတွင်းမှာ အပြင်ဒဏ်ရာ အတွင်းဒဏ်ရာရရှိခဲ့ကြသူတွေအားလုံးလည်း အကာင်းအတိုင်းပြန်ဖြစ်လာဖို့ ဆုတောင်းပါတယ်”

ရခိုင်ပြည်နယ်သည် စစ်တပ် နှင့် ရခိုင့်တပ်တော် (AA)တို့၏ တောက်လျှောက်ဖြစ်ပွားခဲ့ကြသော နှစ်ဖက်ရင်ဆိုင်တိုက်ပွဲများအတွင်း ထိခိုက် ဒဏ်ရာရရှိသူ (၁၂၁) ဦးနှင့် အသက်သေဆုံးခဲ့ရသူ (၅၃) ဦးရှိကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ အစည်း အရုံး(REC) အတွင်းရေးမှူးကိုဇော်ဇော်ထွန်းကဆိုသည်။ စစ်ပွဲအတွင်းထိခိုက်သေဆုံးမှုများထဲတွင် ရခိုင်မျိုးနွယ် စုဝင်များပါဝင်နှုံးမှာ (၂၀) ရာခိုင်နှုံးမှ (၂၅) ရာခိုင်နှုံးအထိရှိနိုင်ကြောင်း ကိုဇော်ဇော်ထွန်း က ခန့်မှန်းပြောဆို၏။ ထို့အပြင် ရခိုင်ပြည်နယ်ထဲတွင် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရသော တိုက်ပွဲရှောင် အရေအတွက်မှာလည်း သိန်းဂဏန်းကျော် အထိရှိနေသည်။

လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်အနှံ့၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိတော့သော်လည်း တိုက်ပွဲရှောင်စခန်းမှ တိုက်ပွဲရှောင်များ နေရပ်ပြည်လည်အခြေချနိုင်ရေးအပါအဝင် စစ်ဒဏ်သင့်ခဲ့ကြသူများ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာတို့ကို ပြန်လည် ကုစား၊ တည်ဆောက်ရေးတို့မှာ စိန်ခေါ်မှုများရှိနေဆဲဖြစ်သည်။ အထူးသဖြင့် မခင်မေဦး ကဲ့သို့ စစ်တလင်းထဲ၌မြေစာပင်ဖြစ်ခဲ့ရသူများ၏ ယိုယွင်းပျက်စီးသွားသော စိတ်ပိုင်းဆိုင်ရာများကို ပြန်လည် ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများမှာ မရှိမဖြစ် လုပ်ဆောင်ရမည့် လုပ်ငန်းတစ်ခုအဖြစ် ကျန်ရှိနေ ဆဲပင် ဖြစ်လေသည်။

ရက္ခ

hiburma.net ဝက်ဘ်ဆိုက်မှ ပြန်လည်ဖော်ပြသည်။

1 day Ago
More News
Up