Data Story

December 19, 2021

ဖားကန့်တွင် စွန့်ပစ်မြေစာပုံပြိုကျ၊ ရေမဆေးကျောက်ရှာသမား အချို့သေဆုံး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်မှာ မနေ့ညသန်းခေါင်ကျော် ဒီဇင်ဘာ ၁၉ ရက်မနက်အစောပိုင်းက တရားမဝင်ကျောက်စိမ်းတူးဖော်လုပ်ငန်းက စွန့်ပစ်မြေစာပုံ ပြိုကျပြီး   ရေမဆေးကျောက်ရှာဖွေသူ အနည်းဆုံး ၆ ယောက်ကနေ ၁၀ ယောက်လောက်အထိ သေဆုံး ဒါမှမဟုတ်‌ ပျောက်ဆုံးနေပါတယ်။

အေးမြသာယာရပ်ကွက်အပိုင်  မနမှော်လို့လူသိများတဲ့  မနကျေးရွာနဲ့ ဆိုင်းဂျာဘုံကျေးရွာကြားက  တရားမဝင်ကျောက်စိမ်းတူးဖော်လုပ်ငန်းခွင်မှာ စွန့်ပစ်မြေစာပုံပြိုကျခဲ့တာပါ။

မြေစာပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေနေတဲ့ ရေမဆေးသမား ၆ ယောက်ထက်မနည်း မြေစာအောက်မှာ နစ်မြုပ်သေဆုံးခဲ့တယ်လို့ မျက်မြင်တွေ့ရှိခဲ့တဲ့ ရေမဆေးသမားတဦးက ဒီဗွီဘီကို ပြောပါတယ်။

"မြေစာက လုပ်ကွက်ဟောင်းရေကန်ထဲမှာ သွန်တာဆိုတော့ မြေစာခါးကျိုးသွားတာ။ အောက်ခြေရေကန်နဲ့ ကားသွန်တဲ့အပေါ်မြေပြင်ကြားက မြေစာခါးကျိုးသွားတာဗျ။ အဲ့နားမှာရှာနေ တဲ့လူတွေ ကျနော့်ရှေ့တင်ပါကုန်တာ။”

တခြားဒေသခံတဦးကလည်း  ဒီမနက်အစောပိုင်း  ၂ နာရီလောက်က မြေစာပုံပြိုကျပြီး ဒီညနေပိုင်းအထိ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေဆဲ ဖြစ်ပေမဲ့ သေဆုံးသူတွေကို ရှာဖွေမရခဲ့ဘူးလို့ ပြောပါတယ်။ 

“ယာဉ်မောင်းတစ်ဦးရယ်၊ ယာဉ်လမ်းပြ တစ်ဦးရယ်၊ ရေမဆေးရှာတဲ့ ကျောက်တူးသမားတွေ ပါသွားတယ်။ ၁၀ ယောက်လောက် ရှိမယ်။ ညနေစောင်း အထိ ကယ်ဆယ်ရေးတွေနဲ့ ရှာတာ။ ဘာမှ ပြန်မတွေ့ဘူး” လို့ ဒေသခံက  ပြောပါတယ်။ 

မြေစာပြိုရာမှာ နစ်မြုပ်သေဆုံးသွားသူတွေကို ဒီဇင်ဘာ ၁၉ ရက် ဒီနေ့ညအထိ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ခြင်းမရှိသလို လုပ်ဖို့လည်းမဖြစ်နိုင်ဘူးလို့ မန ရွာသားတဦးက ပြောပါတယ်။

"ရေကန်အနက်ကြီး မြုပ်သွားတဲ့လူတွေကို ဘယ်လိုသွားရှာလို့ရမှာလဲ။ နှစ်ရက်သုံးရက်နေလို့ အလောင်းပေါ်လာမှ ပိုင်ရှင်တွေကို အကြောင်းကြားရုံပေါ့။”

အခင်းဖြစ်ပွားတဲ့ လုပ်ကွက်ဟောင်းရေကန်ထဲကို တရားမဝင်ကျောက်စိမ်းတူးလုပ်ငန်းတွေက စွန့်ပစ်မြေစာတွေ လာရောက်ပြီး စွန့်ပစ်ကြတာလို့ လည်း သိရပါတယ်။

မြေမြုပ်သေဆုံးသူအများစုဟာ ဆိုင်ဂျာဘွမ်ကျေးရွာက ကချင်တိုင်းရင်းသား လူငယ်အများစုဖြစ်တယ်လို့  ဆိုင်းဂျာဘွမ်ရွာသားတဦးက ပြောပါတယ်။ 

ဖားကန့်ရတနာနယ်မြေမှာ တရားမဝင်ကျောက်စိမ်းတူးဖော်မှုလုပ်ငန်းတွေ အများအပြား လုပ်ဆောင်နေတာဖြစ်ပြီး နိုဝင်ဘာ ၂ ရက်က လုံးခင်းကျေးရွာအုပ်စု၊ ငိုးပင်းကျေးရွာအနီးမှာ တရားမဝင်ကျောက်စိမ်းတူးဖော်နေတဲ့ ဘက်ဟိုးကားမောင်းသမားတယောက် သေဆုံးခဲ့ရသလို  ဒီဇင်ဘာ ၁၀ ရက်ညကလည်း ရှရောခကျေးရွာက ကချင်လူငယ် မောင်ခေါဆောင်ဟာ ဘက်ဟိုးကားနဲ့ မတော်တဆ ထိခိုက်မှုဖြစ်ပြီး သေဆုံးသွားခဲ့ရပါတယ်။ 

ဖားကန့်ရတနာနယ်မြေက ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေဟာ စက်ယန္တရားတွေ အမြောက်အမြားသုံးပြီး  စည်းကမ်းမဲ့တူးဖော်နေတာကြောင့် နောက်နောင်အလားတူ ဖြစ်ရပ် မျိုးတွေ ထပ်မံဖြစ်ပွားမှာကို ဒေသခံတွေက  စိုးရိမ်နေကြပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖားကန့်မှာ ​ကျောက်စိမ်းတရားမဝင်တူး​ဖော်မှု​တွေ ​အောက်တိုဘာလ​လောက်က ပြန်လည်စတင် လုပ်ဆောင်နေပြီး  ကန့်သတ်ထားတဲ့ စက်ယန္တရားတွေ အ​မြောက်အမြားအသုံးပြုကာ နေ့ရောညပါ ကျောက်စိမ်းတူးဖော်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

1 month Ago

December 8, 2021

Mytel အပါအဝင် စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းများကို ဖေ့စ်ဘွတ်ခ်က စတင်ဖယ်ရှား

မြန်မာစစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ဖေ့စ်ဘွတ်ခ်ပေါ်ကနေ ဒီဇင်ဘာ ၈ ရက် ဒီနေ့ကစလို့ ဖယ်ရှားသွားမယ်လို့ ဖေ့စ်ဘွတ်ခ်ရဲ့ ကုမ္ပဏီ Meta က ကြေညာလိုက်ပါတယ်။

မြန်မာစစ်တပ်ပေါ် တားမြစ်ပိတ်ပင်တာတွေကို ထပ်ပြီး တိုးမြှင့်တဲ့အနေနဲ့ စစ်တပ် ထိန်းချုပ်မှုအောက်က စီးပွားရေးလုပ်ငန်းကိုယ်စားပြု လူမှုကွန်ရက်စာမျက်နှာတွေ ၊ Group တွေနဲ့ အကောင့်တွေကို ဖယ်ရှားမှာဖြစ်ပြီး ဒါဟာ ဒီလုပ်ဆောင်ချက်ဟာ အခုနှစ်ဆန်းပိုင်းမှာ ကြေညာခဲ့တဲ့ စစ်တပ်ပိုပ်ငန်းတွေကို ကြော်ငြာခွင့်တားမြစ်ခဲ့ပြီး နောက်ဆက်တွဲ ပိတ်ပင်အရေးယူတာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်တပ်ကဆက်တိုက်ကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်တာတွေနဲ့ အကြမ်းဖက်မှု လုပ်ရပ်တွေအတွက် အဲဒီစီးပွားရေးလုပ်ငန်းတွေကနေ ငွေကြေးဆိုင်ရာ ထောက်ပံ့တာမှာ တိုက်ရိုက် ပါဝင်နေတယ်ဆိုတာကို နိုင်ငံတကာအသိုင်းအဝိုင်းက စုစည်းတင်ပြထားတဲ့ အချက်အလက်တွေအပေါ်  အခြေခံပြီး အခုအရေးယူဆောင်ရွက်တာကို လုပ်တာလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီ ကျူးလွန်တဲ့ အချက်အလက်တွေကို  အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းတို့က အသေးစိတ်လေ့လာစိစစ်မှတ်တမ်းတင်ထားတာဖြစ်ပြီး အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ တခြား နိုင်ငံတကာ အစိုးရတို့ရဲ့ အရေးယူ ပိတ်ဆို့တာတွေကိုလည်း အဲဒီအချက်အလက်တွေအပေါ် အခြေခံလုပ်ဆောင်ခဲ့တာလို့ Meta က ထုတ်ပြန်ပြောဆိုပါတယ်။

“မြန်မာစစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်း ပိုင်ဆိုင်မှုနဲ့ သူတို့ရဲ့ သက်ရောက်မှုဟာ အလွန်ကျယ်ပြန့်တဲ့အလျောက် အမြဲတမ်းတိတိကျကျ သတ်မှတ်ဆုံးဖြတ်နိုင်ဖို့ ခက်ခဲပါတယ်။ ဒါ‌ကြောင့် စစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းပိုင်ဆိုင်မှုတွေကို ဖော်ပြထားတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးမစ်ရှင်ရဲ့ ၂၀၁၉ ခုနှစ် အစီရင်ခံစာကို အခြေခံပြီး ကုလသမဂ္ဂ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်အခြေခံမူတွေနဲ့အညီ အခုလို အရေးယူဆောင်ရွက်မှုကို လုပ်ဆောင်တာပဲ ဖြစ်ပါတယ်” လို့ Meta ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ   ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံက အခြေအနေတွေကို ဆက်လက်လေ့လာစောင့်ကြည့်သွားမှာဖြစ်ပြီး လူတွေ ဘေးကင်းဖို့အတွက် လိုအပ်တဲ့ လုပ်ဆောင်တာတွေ ထပ်ပြီး ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

ခုလိုကြေညာပြီးနောက် နာရီပိုင်းအတွင်းမှာပဲ စစ်တပ်ရဲ့ အဓိကစီးပွားရေး လုပ်ငန်းတခုဖြစ်တဲ့ Mytel ဆက်သွယ်ရေး ကုမ္ပဏီအပါအဝင် စစ်တပ်ပိုင်ကုမ္ပဏီတွေရဲ့  ဖေ့စ်ဘွတ်စ်စာမျက်နှာတွေ ဖယ်ရှားခံလိုက်ပါတယ်။

1 month Ago

ဆော်ဒီရေနံချက်စက်ရုံနှင့် ကာကွယ်ရေးဝန်ကြီးဌာန ပစ်မှတ်များ တိုက်ခိုက်ခံရ

ဆော်ဒီအာရေဗျနိုင်ငံ၊ ဂျဒ်ဒါမြို့ရှိ အာရမ်ကိုရေနံချက်စက်ရုံနဲ့ ရိယာ့ဒ်မြို့တော်ရှိ ကာကွယ်ရေးဝန်ကြီးဌာနတို့ကို ပစ်မှတ်ထားပြီး  ယီမင်နိုင်ငံအခြေစိုက်ဟူသီအဖွဲ့က  လက်နက်တပ်ဆင်ထားတဲ့ ဒရုန်းယာဉ် ၂၅ စီး၊ ပဲ့ထိန်းဒုံးကျည် အတော်များများနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒီဇင်ဘာ ၇ ရက်မှာ ပြောပါတယ်။

ယီမင်နိုင်ငံတွင်းက ဟူသီတွေနဲ့ တိုက်နေတဲ့ ဆော်ဒီအာရေဗျ ဦးဆောင်တဲ့ မဟာမိတ်တပ်တွေ ကတော့ ဆော်ဒီမြို့တော်ပေါ်ကနေ ပျံသန်းခဲ့တဲ့ ဒုံးကျည်တစီးကို ကြားဖြတ် ပစ်ချခဲ့တယ်လို့ ဒီဇင်ဘာ ၆ ရက်က ပြောပါတယ်။ 

ဒေသခံတွေကလည်း ကျယ်လောင်တဲ့ ပေါက်ကွဲသံကို ကြားတယ်လို့ ပြောကြပြီး အသေအပျောက်နဲ့ ထိခိုက်ပျက်စီးမှု အခြေအနေ သတင်းတွေကတော့ မထွက်သေးပါဘူး။

အီရန်နဲ့ မဟာမိတ်ဖြစ်တဲ့ ဟူသီတွေဟာ ဂျဲ့ဒါမြို့မှာရှိတဲ့ ရေနံထုတ်ကုန်ဖြန့်ဖြူးရေးစက်ရုံကို အရင်ကလည်း ပစ်မှတ်ထား တိုက်ခိုက်ဖူးပါတယ်။

၂၀၁၉ တုန်းက ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆော်ဒီနိုင်ငံ တဝက်ကျော်အတွက် ရေနံထွက်နှုန်း ထိခိုက်ခဲ့ပါတယ်။

ဒါ့အပြင် ဟူသီတွေဟာ အာရမ်ကို ရေနံချက်စက်ရုံနဲ့  ကင်းဖာဟက် လေတပ်အခြေစိုက်စခန်းကို လက်နက်တပ်ဆင်ထားတဲ့ ဒရုန်းယာဉ် ၆ စီးနဲ့ တိုက်ခိုက်ခဲ့သလို ရိယာ့ဒ်မြို့နဲ့ မြို့ထဲက လေဆိပ်ကိုလည်း ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ ဟူသီတပ်ဖွဲ့ ပြောခွင့်ရက သူတို့ရဲ့ ရုပ်သံ မတ်စ်စီရာကနေ ထုတ်လွှင့်ရာမှာ ပြောပါတယ်။

၇ နှစ်ကြာ စစ်ပွဲအတွင်း နှစ်ဘက်စလုံးက စစ်သည် ထောင်ချီ သေဆုံးခဲ့ပေမဲ့ ယီမင်မြို့တော် ဆာနာနဲ့ ဓာတ်ငွေ့ကြွယ်ဝတဲ့ မာရစ်ဘ်ဒေသကို ဆော်ဒီ ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်တွေက တိုက်ခိုက်မှု တိုးလာနေလို့ ဟူသီတွေကလည်း နယ်စပ်ဖြတ်ကျော်ပြီး ပိုတိုး တိုက်ခိုက်နေပါတယ်။

အီရန်က ဟူသီတွေကို ဒုံးကျည်တွေ ပံ့ပိုးနေတယ်လို့ ဆော်ဒီက စွပ်စွဲထားပြီး တချို့လက်နက်တွေက အီရန်မှာ ထုတ်လုပ်တဲ့ လက်နက်တွေနဲ့ နည်းပညာ စရိုက်လက္ခဏာ တူနေတယ်လို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးတွေက ပြောပါတယ်။

ဟူသီတွေကတော့ သူတို့လက်နက်တွေကို သူတို့ကိုယ်တိုင် ထုတ်လုပ်တယ်လို့ ပြောထားပါတယ်။

1 month Ago
More News
Up