A d v e r t i s e m e n t With Us

ဗိုလ်ကြီးဟောင်း နေမျိုးဇင် စစ်ကြောရေးမှာ နှိပ်စက်ခံနေရ

လူမှုရေးလုပ်ငန်းတွေလုပ်ရင်း ဒီလဆန်းပိုင်းက ဖမ်းဆီးခံနေရတဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို အာဏာပိုင်တွေက နှိပ်စက်ညှဉ်းပန်းနေတယ်လို့ ယုံကြည်နိုင်လောက်တဲ့သတင်းတွေ ထွက်နေပါတယ်။ သူ့ကို ဘယ်နေရာမှာ ဘာကိစ္စစစ်ကြောနေတယ်ဆိုတာ  မပြောတဲ့အတွက် မိသားစုဝင်တွေ သောကရောက်နေပြီး ပြန်လွတ်မြောက်ရေးအတွက် သမ္မတဦးသိန်းစိန်ကို တိုင်လိုက်ကြပါတယ်။ ဒီလ ၂ ရက်နေ့မှာ ရဲက စစ်ကြောရေးခနလိုက်ခဲ့ဖို့ ခေါ်ဆောင်ခံရတဲ့ ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင်ဟာ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်အစိုးရတက်လာပြီး သုံးရက်အကြာမှာ ဖမ်းဆီးစစ်ကြောခံနေတရတာပါ။ ဒီလဆန်း ၂ ရက်နေ့ကစလို့ ဒီကနေ့ပါဆို ၁၉ ရက်တိတိ ရှိပေမယ့် သက်ဆိုင်ရာက ဘယ်မှာ ဘာကြောင့် ဖမ်းထားတယ်ဆိုတာ ပေးမသိပါဘူး။ ဒီအခြေအနေကြောင့်  ဇနီးသည်နဲ့ သားငယ် မောင်အောင်ပြည့်စုံတို့ရဲ့ မိသားစုဘဝ၊ ကျန်းမာရေး၊ စီးပွားရေး အဘက်ဘက်က အခက်အခဲတွေ ရင်ဆိုင်ရတယ်လို့ ကိုနေမျိုးဇင်ရဲ့ ညီငယ် ကိုခင်မောင်ထွေးက  ပြောပါတယ်။ မောင်အောင်ပြည့်စုံဟာ တတိယတန်းတက်ဖို့ ပြင်ဆင်နေပြီး ဖခင်ဘယ်သွားလဲ မေးနေတယ်လို့ ကိုခင်မောင်ထွေးက ဖမ်းဆီးမှုနောက်ကွယ်က မိသားစုဘဝ အခက်အခဲကို ပြောပါတယ်။ “ကျနော့်အစ်မကတော့ ဖြစ်သွားတဲ့ ၂ ရက် ၃ ရက်ဆိုရင် သူ တော်တော်လေး ကျန်းမာရေးတွေ ဘာတွေ ထိခိုက်သွားတယ်။ ခင်ပွန်းသည်ပေါ်မှာထားတဲ့ ဇနီးကောင်းတယောက်ရဲ့ စိတ်ထားကတော့ ခံစားရတယ်ဆိုတာ ပြောမပြနိုင်လောက်အောင်ပါပဲ။ သူ့သားကလည်း တော်တော်လေးပဲ ခံစားရပါတယ်။ ကလေးက တော်တော်လေးငယ်သေးတဲ့ အရွယ်ဖြစ်နေလို့ ချော့ချော့မော့မော့နဲ့ ပြောထားရတယ်။ ကျနော့်အစ်ကို ဒီလိုဖြစ်သွားတော့ မိသားစုနှစ်စုရဲ့တာဝန်ကို ကျနော်တယောက်တည်းပဲ ရင်ဆိုင်ဖြေရှင်းနေရတဲ့အခြေအနေမျိုးမှာ ရှိပါတယ်။ ကျနော့်အစ်ကိုက တိုင်းပြည်အပေါ်မှာ ကောင်းတဲ့စိတ်ထားနဲ့ အများအကျိုးဆောင်ရွက်တဲ့ လုပ်ငန်းတွေ လုပ်နေတဲ့ လူတယောက်ဖြစ်တဲ့အတွက် ကျနော့်အစ်ကိုမှာ အပြစ်တစုံတရာမရှိဘူးလို့ ခံယူတယ်။ ” ရဲက စတင်ခေါ်ဆောင်စဉ်က ရန်ကုန်က အောင်သပြောစစ်ကြောရေးကို ခေါ်ဆောင်မယ်လို့ ပြောတာကြောင့် သင်္ကြန်မတိုင်ခင် ၁၁ ရက်နေ့က မိဘနှစ်ပါးနဲ့ ညီငယ်နဲ့လုပ်ဖော်ကိုင်ဖက်တွေ အောင်သပြေစစ်ကြောရေးမှာ  သွားတွေ့ခွင့်တောင်းရာမှာ ပေးမတွေ့ဘဲ မောင်းထုတ်ခံရပါတယ်။ “အတွေ့မခံဘူးသူတို့က၊ မရှိဘူးလို့ပဲ ပြောတယ်။ မရှိဘူးမဟုတ်ဘူး ရှိတဲ့အနေနဲ့ ကိုယ်က သွားတွေ့တော့ တာဝန်ခံခေါ်ပေးပါပြောပေတော့ နေပြည်တော် သွားတယ်တဲ့။ ဒီမှာတယောက်မှ မရှိဘူးဆိုပြီး အန်တီတို့ကို မောင်းထုတ်တယ်။ ကြာကြာမရပ်ပါနဲ့ အဲဒီအဝမှာဆိုပြီးမောင်းထုတ်တော့ အန်တီတို့ ထွက်လာခဲ့ရတယ်။ ရှိကိုရှိနေတယ် အဲဒီစစ်ကြောရေးမှာ။” လာရောက်ဖမ်းဆီးသူ ရဲကလည်း ကိုနေမျိုးဇင်ဟာ စစ်ကြောရေးမှာ ရိုက်ပုတ်ထိုးနှက်တဲ့ဒဏ် မခံနိုင်ဘူးဆိုတာကို မိသားစုတွေကို ထေ့ငေါ့ပြောဆိုပုံကို ထောက်ချင့်ပြီး သူ့သား နှိပ်စက်ခံနေရတယ်လို့ ဒေါ်ခင်သီက ခန့်မှန်းပြောပါတယ်။ “ဘာပြောလဲဆိုတော့ လူကောင်ကြီးထွားပြီးတော့ စိတ်ကပျော့တယ်လေး၊ ဘာလေးနဲ့ အဲဒီရဲ ဦးရွှေလင်းကပြောတယ်။ ဘယ်လောက်ညှဉ်းဆဲနေလည်းတော့မသိဘူး။ အဲဒီ ရွှေလင်းက ရဲမှူး၊ လာဖမ်းသွားတဲ့လူလေ။ လူကောင်ကြီးထွားသလောက် စိတ်ဓာတ်က ပျော့တယ်တဲ့။ ဘယ်လောက်ထိ ညှဉ်းဆဲနေလည်းမသိတော့ဘူး။” ဒီနောက် သူတို့ဟာ နိုင်ငံတော် သမ္မတဦးသိန်းစိန်နဲ့ ရဲချုပ်ထံကို စာရေးသားပြီး စာတိုက်ကနေ ပေးပို့တောင်းဆိုထားပါတယ် ကိုနေမျိုးဇင်ဟာ ၂ဝဝ၅ ခုနှစ်မှာ တပ်မတော်ကနေထွက်ပြီး ကယ်ဆယ်ရေးလုပ်ငန်း၊ သွေးအလှူ စတဲ့ လူမှုရေးလုပ်ငန်းတွေမှာ တက်တက်ºကွºကွလုပ်ဆောင်သူတဦးဖြစ်ပါတယ်။ သူ့ကို ဖမ်းဆီးမှုဟာ တရားဥပဒေပြင်ပက ဆောင်ရွက်ချက်ဖြစ်တယ်လို့ ကိုခင်မောင်ထွေးက ပြောဆိုပြီး ပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်။ သူဟာ သမ္မတကြီး ဦးသိန်းစိန်ရဲ့ အစိုးရလက်ထက်မှာ ပထမဆုံး စစ်ကြောရေးမှာ  စစ်မေးခံရတဲ့ လူမှုရေးလှုပ်ရှားသူဖြစ်ပါတယ်။ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အသက်ဝင်ပြီဖြစ်ပေမယ့် အရင်တပ်မတော် အစိုးရလက်ထက်က အတိုင်း ဝရမ်းမပါ၊ ပြစ်ချက်မပြဘဲ ဥပဒေမဲ့ ရိုက်နှက်စစ်ကြော မေးမြန်းနေတာ ဖြစ်ပါတယ်။ ဥပဒေပညာရှင်တို့အဆိုအရ လူတယောက်ကို ၂၄ နာရီထက် ကျော်လွန် ဖမ်းဆီးထားရင် သူ ဘယ်မှာရှိနေသလဲ၊ အခြေအနေ ဘယ်လိုလဲဆိုတာကို မိသားစုအနေနဲ့ သိခွင့်ရှိတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up