Home
အထွေထွေ
ပြည်တွင်းရုပ်သံများ ရွေးကောက်ပွဲ ဘက်လိုက်ထုတ်လွှင့်ပါက ချက်ချင်းပိတ်သိမ်းမည်ဟုဆို
ရွှေအောင်
·
June 28, 2015
မြန်မာ့အသံရုပ်မြင်သံကြားနဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ ရုပ်သံလွှင့်မီဒီယာများ ရွေးကောက်ပွဲကာလအတွင်း ဘက်လိုက် ထုတ်လွှင့်ရင် ရုပ်သံထုတ်လွှင့်မှု ချက်ချင်းပိတ်သိမ်းမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက သတိပေးပြောကြားလိုက်ပါတယ်။ နေပြည်တော်မှာ ဇွန် ၂၇ ရက်က ပြုလုပ်တဲ့ ရုပ်သံလုပ်ငန်းများ လိုက်နာရမယ့် ကျင့်ဝတ်နဲ့ ရွေးကောက်ပွဲဆိုင်ရာ လိုက်နာရမယ့် ကျင့်ဝတ်များ ရှင်းလင်းဆွေးနွေးပွဲကနေ အခုလို သတိပေး လိုက်တာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲဆိုင်ရာ လိုက်နာရမယ့် ကျင့်ဝတ်များအဖြစ် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် ပါတီတခု၊ ကိုယ်စားလှယ် တဦးအတွက် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း စည်းရုံးလှုံ့ဆော်ပေးရာရောက်သည့် ထုတ်လွှင့်မှုမျိုး မပြုလုပ်ရန်၊ ပါတီများ၊ ကိုယ်စားလှယ်များ၏ စည်းရုံး လှုံ့ဆော်သည့် ကြော်ငြာများ (Campaign Advertisement) ထည့်သွင်းခြင်း မပြုရန်တို့ ဖော်ပြပါရှိပါတယ်။ ဒါ့အပြင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားတဲ့ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များ၊ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)မှ ရေးသားထုတ်ဝေထား တဲ့ မြန်မာသတင်း မီဒီယာများအတွက် ရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်စာအုပ်ပါ ဆောင်ရန်၊ ရှောင်ရန် အချက်များအား သိရှိလိုက်နာရန်တို့ ပါဝင်ပါတယ်။ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင် ဦးဇော်သက်ထွေးကတော့ ရုပ်သံတွေက ရွေးကောက်ပွဲသတင်း မဖော်ပြဘူးလို့ ဝေဖန်လာမယ့်အပေါ် ကြိုကာလိုက်တာဖြစ်မယ်လို့ ပြောပါတယ်။ “ရုပ်သံမှာက အစိုးရရယ်၊ အစိုးရနဲ့ ဆက်စပ်ပတ်သက်နေတဲ့ ပုဂ္ဂလိကရုပ်သံရယ် ၂ ခုပဲ ရှိတယ်။ အဲ့ဒီတော့ ဒီရုပ်သံတွေက အစိုးရ စိတ်ဆိုးအောင် အစိုးရ ငြိုငြင်အောင် ဆောင်ရွက်ပြီး ရွေးကောက်ပွဲသတင်းတွေ ဖော်ပြဖို့ဆိုတာ အရမ်း အခက်အခဲရှိတာပေါ့။ အဲ့ဒါမျိုးကို ဒီဘက်က ဝေဖန်ထောက်ပြရှုတ်ချမှာစိုးလို့ ကြိုပြီးတော့ စည်းကမ်းထုတ် သတိပေးလိုက်တဲ့ သဘောပါ။” ဒီနေ့ ဆွေးနွေးပွဲကို ဦးဆောင်တက်ရောက်ခဲ့တဲ့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က လာမယ့် ရွေးကောက်ပွဲမှာ နိုင်ငံပိုင်ရုပ်သံနဲ့ ဖက်စပ်ရုပ်သံလုပ်ငန်းဌာနများအနေနဲ့ ဘက်လိုက်မှု မရှိအောင် တင်းတင်းကြပ်ကြပ် ထိန်းသိမ်းလုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024