A d v e r t i s e m e n t With Us

မန္တလေးသင်္ကြန်တွင်း ယာဉ်ထိန်းရဲနှစ်ဦးက ရိုက်နှက်

မန္တလေးမြို့မှာ ယာဉ်ထိန်းရဲနှစ်ဦးက လူငယ်တဦးကို သင်္ကြန်အတက်နေ့ဖြစ်တဲ့ ဧပြီ (၁၆) ရက်နေ့က သွေးထွက်သံယိုဖြစ်တဲ့အထိ အဆက်မပြတ်ရိုက်နှက်မှု ဖြစ်ပွားခဲ့ပါတယ်။ မန္တလေးကျူံးရဲ့အရှေ့ဘက် ၆၆ လမ်း၊ ၂၇ လမ်းနဲ့ ၂၈ လမ်းကြားမှာ အသက် (၂ဝ) သာသာအရွယ်တွေဖြစ်တဲ့ လူငယ်တဦးနဲ့ ယာဉ်ထိန်းရဲနှစ်ဦး အချေအတင် စကားများပြီးတဲ့နောက် ယာဉ်ထိန်းရဲနှစ်ဦးက ကိုင်ဆောင်တဲ့ ရာဘာတုတ်နဲ့ ရိုက်နှက်တာလို့ မြင်တွေ့ရသူ မန္တလေးသားတဦးက ပြောပါတယ်။ “ဘာဖြစ်လို့ရိုက်တယ်ဆိုတာတော့ မသိဘူးခင်ဗျ။ စကားများတာတော့ လှမ်းမြင်နေရပြီးတော့ အဲလိုပဲ ရိုက်တာ။ လူတွေက ဖြစ်စေချင်တာက ဆိုင်ကယ်မောင်းတာ အဆင်မပြေလို့လား။ ဒီလိုရိုက်စရာမလိုဘူးပေါ့။ အခုဟာက တဖက်က လက်မြောက်ပြီး တောင်းပန်တယ်။ ပြောတာကို လိုက်ရိုက်တယ်။ ထွက်ပြေးတော့ တောက်လျှောက်လိုက်ရိုက်တယ်။ လမ်းချိုးလေးကို ဝင်သွားတဲ့အချိန်မှာ ခါးတွေ၊ ခြေထောက်တွေ၊ ခေါင်းတွေကို ထပ်ရိုက်တယ်။ အားလုံးပေါင်း ၁၂ ချက်လောက်ရိုက်တယ်။ မျက်လုံးတဖက်လည်း ဖူးယောင်သွားတယ်။ နားထဲကလည်း သွေးထွက်တယ်။ နှာခေါင်းတွေကလည်း ထွက်တယ်။ ကျနော်ထင်တာတော့ ဒဏ်ရာတော်တော် ပြင်းထန်တယ်။ သေဖို့များတယ်ထင်တာပဲ။ ရိုက်တဲ့ယာဉ်ထိန်းရဲတဦးရဲ့ ကိုယ်ပိုင်နံပါတ်ဟာ ၂၆၇ ဖြစ်တယ်လို့ ပြောပါတယ်။ ဒီအဖြစ်အပျက်ကိုမြင်တဲ့ တခြားသင်္ကြန်လည်တဲ့ လူတွေကလည်း အရိုက်ခံရတဲ့ လူငယ်ဘက်ကနေ မခံမရပ်ဖြစ်ပြီး ဝိုင်းပြောကြသလို သင်္ကြန်လည်တဲ့လူတွေကလည်း ရိုက်မယ်ဆိုတဲ့လူနဲ့ မရိုက်နဲ့ဆိုပြီးတားတဲ့ လူနှစ်စုအဖြစ် ဝရုန်းသုန်းကား ဖြစ်သွားတယ်လို့လည်း ပြောပါတယ်။ အရိုက်ခံရတဲ့လူငယ်ဟာ ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားပြီး ဒီအဖြစ်အပျက်ကို မြင်လိုက်တဲ့ ဒေသခံက မန္တလေးဆေးရုံကြီးကို လိုက်သွားပြီး စုံစမ်းတော့ အရိုက်ခံရတဲ့လူငယ်ကို ဆေးရုံကနေ ရဲတပ်ဖွဲ့ဝင်တွေကပဲ ခေါ်ထုတ်သွားတယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဘာကြောင့် ဆေး±ုံကနေ ခေါ်ထုတ်သွားလဲဆိုတာကိုတော့ အတိအကျမသိရဘူးလို့ ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးကို ဆက်သွယ်မေးမြန်းရာမှာ တာဝန်ခံက ဗိုလ်ကြီးပြုံးချို ကိုင်တွယ်ဆောင်ရွက်နေတယ်လို့ ဖြေပါတယ်။ “ကလေးအခြေအနေက ကျနော်တို့တော့ ဘာမှမသိဘူး။ နယ်မြေမှူး ဗိုလ်ကြီးတော့ သွားကြည့်ပြီး ဆောင်ရွက်နေတာတော့ တွေ့တယ်။ လမ်း ၃ဝ-၉ဝမှာ ရုံးရှိပါတယ်။ နယ်မြေ ၂ မှာ ဗိုလ်ကြီး ဦးပြုံးချိုနဲ့တွေ့ရင် အားလုံးအဆင်ပြေမှာပါ။” မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးကို မေးကြည့်ရာမှာလည်း တာဝန်ကျ အမျိုးသမီးက အဲဒီရိုက်နှက်ခံရသူ လူငယ်ဟာ သူတို့အိမ်နားက လူငယ်ဖြစ်တယ်လို့ ပြောပြပြီး ဒဏ်ရာသက်သာလို့ ဆေး±ုံက ဆင်းတယ်လို့ ပြောပါတယ်။ “တာဝန်ထမ်းဆောင်နေတုန်း အဲဒီကလေးက မူးပြီးရမ်းတာတဲ့။ အရိုက်ခံရတဲ့သူက သူ့ဟာသူ မူးပြီးတော့ လဲသွားပြီး နှုတ်ခမ်းလေး နည်းနည်းပေါက်သွားတာ။ အခုတော့ အဲဒီနေ့မှာပဲ ဆေးရုံက ချက်ချင်းဆင်းသွားတယ်။ အဲဒီလူငယ်ရဲ့အခြေအနေကို မန္တလေးဆေးရုံအပါအဝင် သက်ဆိုင်ရာထံကနေ သတင်းအချက်အလက် ရနိုင်ဖို့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။ ဒီအခင်းဖြစ်ရပ်ကို ကိုယ်တိုင်မြင်ရတဲ့ လူငယ်ဒေသခံကတော့ ဒီမိုကရေစီနိုင်ငံ ထူထောင်မယ်လို့ အစိုးရသစ်ခေါင်းဆောင်က ကတိပေးထားပေမယ့် အောက်ခြေမှာ ဒီလိုအကြမ်းဖက်တဲ့လုပ်ရပ် လုပ်ဆောင်တဲ့အပေါ် အရပ်သားတွေ မကျေမနပ် ပြောဆိုနေကြတယ်လို့ ပြောဆိုပါတယ်။ “တချို့လူတွေကလည်း ဒေါသဖြစ်ဖြစ်နဲ့ ပြောကြတယ်။ ဒီမိုကရေစီနိုင်ငံအဖြစ် ထူထောင်နေတာ။ မင်းတို့က စပြီးတော့ စည်းမဲ့ကမ်းမဲ့ လုပ်ရသလားပေါ့။ ဖြစ်တယ်ဆိုရင် ဖမ်းမယ်ဆိုလည်း တခါတည်းဖမ်းပေါ့။ ဘာအမှုနဲ့ပဲ ဖမ်းဖမ်းပေါ့။” သင်္ကြန်အတက်နေ့မှာ ယာဉ်တိုက်မှုတွေရော၊ ရန်ဖြစ်မှုတွေရော၊ ဓားထိုးမှုတွေကြောင့် ထိခိုက်ဒဏ်ရာရတဲ့လူ (၆၆) ယောက်ကျော် ရှိကြောင်းလည်း ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up