တူနီးရှားဟိုတယ် တိုက်ခိုက်မှု ဗလီ ၈၀ ခန့်ကို ပိတ်ရန် တူနီးရှားအစိုးရ ဆုံးဖြတ်

လူ ၃၉ ယောက်သေဆုံးခဲ့ရတဲ့ တူနီးရှားဟိုတယ် တိုက်ခိုက်မှုကို တုံ့ပြန်တဲ့ အနေနဲ့ တူနီးရှားအစိုးရက သီတင်းပတ် တပတ်အတွင်း ဗလီ ၈၀ နီးပါးကို ပိတ်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ တူနီးရှားဝန်ကြီးချုပ် ဟာဘိ ဘာဆေ့ဒ်က ပြောဆိုလိုက်ပါတယ်။ လာမယ့်သီတင်းပတ်အတွင်း ပြည်ထဲရေးဝန်ကြီးဌာနနဲ့ အာဏာပိုင်အားလုံးက တာဝန်ယူပြီး တူနီးရှားမှာ ဘယ်ဗလီကိုမှ ဥပဒေပြင်ပ လှုပ်ရှားတာကို လက်မခံနိုင်ဘူးလို့ ပြောပါတယ်။ မြို့တော် တူးနစ်ရဲ့ တောင်ဘက် မိုင် ၉၀ အကွာမှာ သေနတ်သမား တယောက်က ခရီးသည်ဟန်ဆောင်ပြီး တူနီးရှားဟိုတယ်ထဲ ၀င်လာပြီး ထီးထဲမှာ ထည့်ဝှက်ထားတဲ့ ရိုင်ဖယ်သေနတ်တလက်နဲ့ ပစ်ခတ်ခဲ့တာပါ။ ဒါကြောင့် ဗြိတိန်၊ ဂျာမန်နဲ့ ဘယ်လ်ဂျီယံနိုင်ငံသားတွေ အပါအဝင် လူ ၃၉ ယောက် သေဆုံးခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကို အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေက သူတို့လက်ချက်လို့ ကြေညာခဲ့ပါတယ်။ ရဲတွေက သေနတ်သမားကို အသေပစ်သတ်ခဲ့တယ်လို့ မျက်မြင်သက်သေတွေနဲ့ လုံခြုံရေး အရာရှိတွေက ပြောပါတယ်။ ၂၀၁၁ ခုနှစ်က တူနီးရှားသမ္မတ ဘန်အာလီကို ဖြုတ်ချရေး ဆန္ဒပြပွဲတွေ စတည်းက တူနီးရှားအစိုးရဟာ အစွန်းရောက် အစ္စလာမ္မစ် လှုပ်ရှားမှုတွေကို တားဆီးဖို့ ရုန်းကန်နေရပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up