Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် တအိမ်တက်ဆင်း မဲစာရင်း ပညာပေး
ရွှေအောင်
·
June 27, 2015
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့မွန်းလွဲပိုင်းက နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန်ရွာ၊ အမှတ် (၂) နယ်မြေအတွင်း တအိမ်တက်ဆင်း သွားရောက်ပြီး မဲစာရင်းပညာပေးဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်အတွင်း ပြုလုပ်ခဲ့တဲ့ ပါတီဗဟိုကော်မတီစည်းဝေးပွဲကနေ မဲစာရင်းစိစစ်ရေး လုပ်ငန်းတွေကို ပါတီအနေနဲ့ အင်တိုက်အားတိုက်လုပ်ဆောင်သွားဖို့ ဆုံးဖြတ်ခဲ့ပြီး အခု ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပညာပေးလုပ်ငန်းတွေ လိုက်လံလုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲစာရင်းပညာပေးဆွေးနွေးမှုခရီးမှာ လိုက်လံသတင်းရယူနေတဲ့ ဒီဗွီဘီ သတင်းထောက် ကိုပိုင်စိုးက သူမြင်တွေ့ကြားသိခဲ့ရတာတွေကို အခုလို ပြောပါတယ်။ “ပထမဆုံးမေးတာကတော့ မဲစာရင်း သွားကြည့်ပြီးပြီလား၊ ပါလား၊ အမှားအယွင်း ရှိလား မေးတယ်။ တကယ်လို့ အမှားအယွင်းရှိတယ်ဆိုရင် ပြင်ပြီးပြီလားပေါ့။ ဒီရွေးကောက်ပွဲဟာ လာမယ့် နိုင်ငံရေးဖြစ်စဉ်တွေအတွက် အရေးကြီးတယ်။ နောက်တခုက ပန်းဖလက်တွေဝေတယ်။ မဲစာရင်းနဲ့ ပတ်သက်လို့ ဘာတွေ ဘာတွေလုပ်ရမယ်ဆိုတဲ့ ပညာပေးလက်ကမ်းစာစောင်တွေကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဝေတယ်ခင်ဗျ။” မဲစာရင်းမှာမပါလို့ သွားရောက်ပြောဆို တောင်းဆိုတဲ့အခါ တားဆီးဟန့်တားတာမျိုး လုပ်လာရင် သက်ဆိုင်ရာရဲတပ်ဖွဲ့ကို တိုင်ကြားဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မြန်မာနိုင်ငံတ၀န်း မဲပေးခွင့်ရှိသူ ရှေ့ပြေးဆန္ဒမဲစာရင်းတွေ ကပ်ထားရာမှာ အချက်အလက်မှားယွင်းမှုတွေ အများအပြား တွေ့မြင်နေရပြီး ဒါနဲ့ပတ်သက်လို့ အဖွဲ့ချုပ်က ကော်မရှင်နဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ထုတ်ဖော်ကြေညာထားပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024