အမေရိကန် အားကစားငွေကြယ်ပွင့် အိမ်တွင်းညှဉ်းပန်းမှုဖြင့် တရားစွဲခံရ

908
အမေရိကန်နိုင်ငံ အမျိုးသားဘောလုံးအသင်း ကစားသမားဟောင်း ဝါရန်ဆာ့ပ်ကို အိမ်တွင်းနှိပ်စက် ညှဉ်းပန်းမှုနဲ့ ဇွန် ၂၅ ရက်နေ့က လပ်စ်ဗီးဂတ်စ်မြို့မှာ တရားစွဲလိုက်ပါတယ်။
ပြည့်တန်ဆာမြူဆွယ်မှုနဲ့ အဖမ်းခံရအပြီး လပိုင်းအတွင်း ခုလို တရားစွဲခံရတာပါ။ အဖမ်းခံဖို့ ဆင့်ခေါ်ထားကြောင်း လပ်စ်ဗီးဂတ်စ် တရားရုံးရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ဆာ့ပ်နဲ့ ၅ နှစ်ကြာတွဲခဲ့တဲ့ ရည်းစား ချားလက်စ်မိုးတို့ ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက်က ရန်ပွဲကြောင့် တရားစွဲတာလို့ ကလာ့ခ်မြို့နယ်ရှေ့နေရုံးက ပြောပါတယ်။
M Resort Spa လောင်းကစားရုံရဲ့ ရေကူးကန်ဧရိယာမှာ ဆာ့ပ်ဟာ သူ့လက်ချောင်းကို ကိုက်ခဲ့ပြီး မျက်နှာကို ခြေထောက်နဲ့ တက်နင်းခဲ့တယ်လို့ ချားလက်စ်မိုးက ရဲကို ပြောပါတယ်။ စွဲချက်ကို ဆာ့ပ်က လုံးဝငြင်းတယ်လို့ ဆာ့ပ်ရဲ့ရှေ့နေ ခရေ့ခ်ျ မာရန်စ်က ပြောပါတယ်။
ဆာ့ပ်ဟာ မေလကလည်း ဖီးနစ်ဟိုတယ်မှာ ပြည့်တန်ဆာ ၁ ဦးကို မြူဆွယ်မှု၊ ကိုယ်ထိလက်ရောက် ကျူးလွန်မှု ၂ မှုနဲ့ စွဲချက်တင်ခံရပြီး အပြစ်ရှိကြောင်း ဝန်ခံခဲ့ပါတယ်။
ဒါ့အပြင့် ဆာ့ပ်ဟာ အမျိုးသမီး ၂ ဦးနဲ့ ငွေကြေးအငြင်းပွားမှု တရပ်ဖြစ်ပွားပြီး အဖမ်းခံရချိန်က သူဟာ NFL ကွန်ရက်အတွက် ပွဲစဉ်တခုကို အကဲခတ်အဖြစ် ဖီးနစ်မြို့မှာ တက်ရောက်နေချိန်ပါ။ ဒီကိစ္စအပြီးမှာ ကွန်ရက်ကနေ အလုပ်ထုတ် ခံခဲ့ရပါတယ်။
ဆာ့ပ်ဟာ Tampa Bay Buccaneers နဲ့ the Oakland Raiders အသင်းတွေမှာ ၁၃ ရာသီ ကစားခဲ့အပြီး ၂၀၁၃ ခုနှစ်မှာ အားကစားငွေကြယ်ပွင့်အဖြစ် စာရင်းသွင်းခံခဲ့ရပါတယ်