ဘရွန်ဒီ ဒု-သမ္မတ နိုင်ငံမှ ထွက်ပြေး

ဓာတ်ပုံ - newtimes
1.4K
လက်ရှိ ဘရွန်ဒီသမ္မတက တတိယသမ္မတသက်တမ်း ဆက်ယူမှာကို ဆန့်ကျင်တဲ့ ဒု-သမ္မတဟာ ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်နေ့က နိုင်ငံက ထွက်ပြေးခဲ့ပါတယ်။
လက်ရှိ သမ္မတက တတိယသက်တမ်း ဆက်ယူဖို့လုပ်တဲ့ကိစ္စဟာ အခြေခံဥပဒေကို ဆန့်ကျင်မှု ဖြစ်တယ်လို့ ပြောဆိုခဲ့တဲ့အတွက် သူ့အပေါ် ခြိမ်းခြောက်မှုရှိတယ်လို့ ဒု-သမ္မတ ရတ်ဖီကီရီ (Rufyikiri) က ပြင်သစ် ၂၄ (France 24) ရုပ်သံကို ပြောလိုက်ပါတယ်။
“နိုင်ငံက ဗုဒ္ဓဟူးနေ့က ထွက်ခွာခဲ့တယ်။ သမ္မတရဲ့ သဘောထားကို ဘယ်လိုမှ လက်မခံနိုင်ပါဘူး။ တတိယသက်တမ်းကိုပါ ဆက်ယူဖို့ လုပ်နေတာဟာ အခြေခံဥပဒေကို ချိုးဖောက်တယ်ဆိုတာ လူတိုင်းက သိပါတယ်။”
ဘရွန်ဒီအစိုးရရဲ့ ပြောခွင့်ရကတော့ ဒု-သမ္မတ ခြိမ်းခြောက်ခံရတယ်ဆိုတာကို ငြင်းဆန်ပါတယ်။ ဒု-သမ္မတလိုပဲ လွှတ်တော်ဥက္ကဋ္ဌကလည်း ကျန်းမာရေးအကြောင်းပြချက်နဲ့ ဘယ်လ်ဂျီယံနိုင်ငံကို အရင်ထွက်ခွာခဲ့တာပါ။
ဧပြီ ၂၅ ရက်နေ့က လက်ရှိသမ္မတက နောက်သက်တမ်းအတွက် ရွေးကောက်ပွဲဝင်မယ်လို့ ကြေညာခဲ့ချိန်ကစလို့ နိုင်ငံမှာ ၂ လကြာ လူထုဆန္ဒပြပွဲတွေ ဖြစ်ပွားနေတာပါ။
ရဲနဲ့ ပဋိပက္ခတွေအတွင်း လက်ရှိအချိန်အထိ လူအယောက် ၇၀ သေဆုံးပြီး အယောက် ၅၀၀ ကျော် ဒဏ်ရာရရှိတယ်လို့ အခွင့်အရေး လှုပ်ရှားသူတွေက ဆိုပါတယ်။
ပြည်သူ ၁ သိန်းကျော်ဟာလည်း နိုင်ငံက ထွက်ခွာသွားကြတယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။ ဇွန် ၂၅ ရက်နေ့က မြို့တော်မှာ လက်ပစ်ဗုံး ၃ လုံး ပေါက်ကွဲခဲ့လို့ လူတချို့ ဒဏ်ရာရရှိခဲ့ပါသေးတယ်။
ဇွန် ၂၅ ရက်နေ့က တက္ကသိုလ်ကျောင်းသားတွေရဲ့ ဆန္ဒပြစခန်းကို ရဲတွေက ဖြိုခွင်းလို့ ကျောင်းသားတွေဟာ အမေရိကန်သံရုံး အုတ်တံတိုင်းကိုကျော်ပြီး သံရုံးထဲ ၀င်ရောက်ခိုလှုံခဲ့ကြပါတယ်။
မေလထဲမှာ သမ္မတကို ဆန့်ကျင်တဲ့ အာဏာသိမ်းမှုတခု ဖြစ်ပွားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
ရွေးကောက်ပွဲကို ဇွန်လထဲမှာ ကျင်းပဖို့ ပထမက စီစဉ်ခဲ့ပေမယ့် အာဖရိက ဒေသတွင်း ခေါင်းဆောင်တွေက ဇူလိုင် ၁၅ ရက်ကို နောက်ဆုတ်ပေးဖို့ တောင်းဆိုခဲ့ကြလို့ ပါလီမန်ရွေးကောက်ပွဲကိုပါ နောက်ဆုတ်ပေးခဲ့တာပါ။
သမ္မတကတော့ သူ့ရဲ့ ပထမသက်တမ်းဟာ မဲဆန္ဒရှင်ပြည်သူတွေက တိုက်ရိုက် ရွေးကောက်ခဲ့တာ မဟုတ်ဘဲ ပါလီမန်က ရွေးချယ်ခဲ့လို့ အခြေခံဥပဒေနဲ့ အကျုံးမ၀င်ဘူးလို့ ပြောဆိုနေတာပါ။