A d v e r t i s e m e n t With Us

အမေရိကန်နှင့် ဖိလစ်ပိုင် ရေတပ်စစ်ရေးလေ့ကျင့်မှုလုပ်

ဓာတ်ပုံ - ရိုက်တာ
ဖိလစ်ပိုင်နဲ့ အမေရိကန်တပ်တွေ ဖိလစ်ပိုင်နိုင်ငံ ပါလာဝမ်ကျွန်း စစ်တပ် အခြေစိုက်စခန်းနားမှာ ဇွန် ၂၅ ရက်နေ့က ရေတပ် စစ်ရေးလေ့ကျင့်မှုတွေ လုပ်နေပါတယ်။ ၂ ပတ်ကြာ ပူးတွဲ စစ်ရေးလေ့ကျင့်မှုဟာ ၂ နိုင်ငံကြား လုံခြုံရေးဆိုင်ရာ ဆက်ဆံရေး တိုးမြှင့်ဖို့ ရည်မှန်းထားပါတယ်။ တောင်တရုတ်ပင်လယ်အတွင်း တရုတ်ရဲ့ ပိုင်နက်အရေး အခိုင်အမာ ပြောဆိုမှုတွေ မြင့်တက်နေချိန်မှာ လေ့ကျင့်တာလည်း ဖြစ်ပါတယ်။ ပါလာဝမ်ကျွန်းဟာ တရုတ်နဲ့ ဖိလစ်ပိုင်ကြား ပိုင်နက်အငြင်းပွားနေတဲ့ စပရတ်တလေ ကျွန်းစုတွေနဲ့ မဝေးလှပါဘူး။ တရုတ်က အဲဒီနေရာမှာ ကျွန်း ၇ ကျွန်းကို အမြန်ဖန်တီးနေလို့ ဒေသတွင်း တင်းမာမှုတွေ မြင့်နေတာပါ။ တရုတ်ဟာ တောင်တရုတ်ပင်လယ်တခုလုံး နီးပါးကို ပိုင်တယ်လို့ အခိုင်အမာ ပြောနေတာကြောင့် ဖိလစ်ပိုင်၊ မလေးရှား၊ ဗီယက်နမ်၊ ထိုင်ဝမ်နဲ့ ဘရူနိုင်းတို့နဲ့ ပိုင်နက် အငြင်းပွားနေပါတယ်။ ပူးတွဲ စစ်ရေးလေ့ကျင့်မှုဟာ အကျပ်အတည်း အခြေအနေကို တုံ့ပြန်ရေး ၂ နိုင်ငံ ရေတပ်တွေကြား အဏ္ဏဝါ စွမ်းဆောင်ရည်တွေကို အားဖြည့်ပေးဖို့ ရည်ရွယ်တယ်လို့ ဖိလစ်ပိုင် ရေတပ်က ပြောပါတယ်။ အမေရိကန် ရေတပ်ကလည်း ယူအက်စ်အက်စ် ဖို့တ်ဝုသ် (USS Fort Worth) တိုက်ခိုက်ရေးသင်္ဘောကို ထုတ်သုံးလာပြီး ပင်လယ်ပြင် ပစ်ခတ်လေ့ကျင့်မှုတွေ ဆောင်ရွက်ခဲ့ပါတယ်။ အမေရိကန် ရေတပ်ဗိုလ်ကြီး ဖရဒ်ကာချာက “ဒီတိုက်ခိုက်ရေးသင်္ဘောမျိုးဟာ အရှေ့တောင်အာရှမှာ အမေရိကန်ရေတပ်ရဲ့ တကယ့် အနာဂတ်ထိတွေ့မှုပဲ လာမယ့်နှစ်အနည်းငယ်အတွင်း ဒါမျိုး ၄ စီး အရှေ့တောင်အာရှမှာ လည်ပတ်တာ မြင်ရမယ်။” လို့ ပြောပါတယ်။ ဖိလစ်ပိုင်ရေတပ်ဟာ အာရှမှာ အားအနည်းဆုံး ရေတပ်တွေထဲက တခုပါ။ ဒီနှစ်ကစပြီး ဖိလစ်ပိုင်ရေတပ်ဟာ မဟာမိတ် အမေရိကန်နဲ့သာမက ဂျပန်၊ ဗီယက်နမ်တို့နဲ့ပါ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုတွေ ရှေ့တိုး ဆောင်ရွက်ခဲ့ပါတယ်။ ဖိလစ်ပိုင်ဟာ ဒီအပတ် အစောပိုင်းက ဂျပန်နဲ့ ၂ ရက်ကြာ စစ်ရေးလေ့ကျင့်မှု လုပ်ခဲ့တာပါ။ တောင်တရုတ်ပင်လယ်အတွင်း ကင်းထောက်လေယာဉ်နဲ့ ပျံသန်းခဲ့လို့ တရုတ်ရဲ့ ဝေဖန်မှုကို ခံခဲ့ရပါတယ်။

A d v e r t i s e m e n t With Us

More News
Up