A d v e r t i s e m e n t With Us

ပျက်ကျ MH17 လေယာဉ်ပေါ်ပါ သီလရှင်၏နေအိမ် ဖောက်ထွင်းခံရ

ဓာတ်ပုံ - sbs.com.au
ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လက မလေးရှား MH17 လေယာဉ်မတော်တဆ ပျက်ကျမှုမှာ သေဆုံးခဲ့တဲ့ သြစတြေးလျ ခရစ်ယာန်သီလရှင်တဦးရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ လက်ဝတ်ရတနာတွေနဲ့ ဘာသာရေးဆိုင်ရာ ရှေးဟောင်းပစ္စည်းတွေကို မဲလ်ဘုန်းမြို့ နေအိမ်မှာ ဖောက်ထွင်းခံခဲ့ရပါတယ်။ စာနာစိတ်မရှိတဲ့ ဖောက်ထွင်းသူခိုးတွေဟာ ဒီလအစောပိုင်းမှာ သီလရှင် ဖိုင်လိုမင်တီရာနမ် နေထိုင်တဲ့ ရစ်ခ်ျမွန်အရပ်ရှိ တိုက်ခန်းကို နှံ့နှံ့စပ်စပ်ရှာဖွေပြီး တန်ဖိုးကြီး ကိုယ်ရေးကိုယ်တာဆိုင်ရာ ဘာသာရေး အသုံးအဆောင် ပစ္စည်းတွေနဲ့ လက်ဝတ်ရတနာတွေကို ဖောက်ထွင်းခိုးယူခဲ့ကြတယ်လို့ သတင်းမှာဖော်ပြပါတယ်။ ဖိုင်လိုမင်တီရာနမ်ဟာ ကက်သလစ်သီလရှင်တပါးအဖြစ် ဘ၀တလျှောက်လုံး သွားလေရာ ယူသွားခဲ့တဲ့ အဲဒီပစ္စည်းတွေကို လေယာဉ်ပျက်ကျမှုကနေ ပြန်လည်တွေ့ရှိခဲ့တာကြောင့် သူ့ရဲ့ညီမဖြစ်သူကို မလေးရှား လေကြောင်းလိုင်းက ပြန်လည်ပေးအပ်ခဲ့တယ်လို့ ရဲတွေကဆိုပါတယ်။ အကြီးတန်း စုံစမ်းရေးရဲအရာရှိ အန်ဒရူးလုခ်က “ဒီပစ္စည်းတွေဟာ ကာယကံရှင် မိသားစုအတွက်တော့ တန်ဖိုးမဖြတ်နိုင်ပေမယ့် ပြစ်မှုကျူးလွန်သူတွေအတွက်တော့ ဘာမှအဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်ပါ။ ၀မ်းနည်းကြေကွဲနေတဲ့ မိသားစုအတွက် ခုကိစ္စက ပိုပြီးခံစားရစေမှာပဲ။” လို့ ပြောပါတယ်။ အဲဒီပစ္စည်းတွေကို ဖိုင်လိုမင်တီရာနမ်ရဲ့ ညီမအပါအ၀င် အိမ်သားတွေ အားလပ်ရက် ခရီးထွက်နေတဲ့အချိန် ဇွန်လ ၁၃ ရက်နဲ့ ၁၈ ရက်ကြားမှာ ခိုးယူခံခဲ့ရတာပါ။ ခိုးယူသူတွေနဲ့ပတ်သက်ပြီး သတင်းပေးကြဖို့ ရဲတပ်ဖွဲ့က ပြောကြားထားပါတယ်။ မလေးရှားလေကြောင်းလိုင်း MH17 ဟာ ဇူလိုင်လ ၁၇ ရက်နေ့က နယ်သာလန်နိုင်ငံ အမ်စတာဒမ်ကနေ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ကို ပျံသန်းတဲ့ ခရီးစဉ်အတွင်း ယူကရိန်းနိုင်ငံ အရှေ့ပိုင်းအရောက်မှာ ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်ပါတဲ့ ၂၉၈ ယောက်လုံး သေဆုံးခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up