A d v e r t i s e m e n t With Us

သီတဂူဆရာတော် ငလျင်သင့်ဘုန်းကြီးကျောင်းများကို သိန်း၂၁ဝဝ လှူဒါန်း

ရှမ်းပြည်နယ်မှာ ပြီးမတ်လက ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားတဲ့ ဘုန်းကြီးကျောင်းတွေ ပြန်လည်ပြုပြင်တည်ဆောက်ဖို့အတွက် သီတဂူဆရာတော် အရှင်ဥာဏိသရနဲ့ တပည့်တွေ စုပေါင်းပြီး အခုလ ၁၂ ရက်နေ့က သွားရောက်လှူဒါန်းခဲ့ကြပါတယ်။ ဆရာတော်ကိုယ်တိုင် ငလျင်ဒဏ်ခံရတဲ့ ဒေသကိုကြွပြီး ကျောင်းထိုင်ကိုယ်တော်တွေလက်ဝယ် အရောက်လှုဒါန်းခဲ့တယ်လို့ ဆရာတော် အနီးနေ ကိုယ်တော်တပါးက အခုလို မိန့်ကြားပါတယ်။ “ဘုန်းကြီးကျောင်း ၂၁ ကျောင်းကို တကျောင်းကို သိန်း၁ဝဝ၊ ကျောင်းထိုင်ဆရာတော်တွေ ပင့်ပြီးမှ ကယ်ဆယ်ရေး လူကြီးတွေရှေ့မှာပဲ တခါတည်း လှူတာပါ။ ကျောင်းပြန်ဆောက်ဖို့ပေါ့။ ပျမ်းမျှနှုန်းကိုမှ အကုန်လုံး တကျောင်းကို သိန်း ၁ဝဝပါ၊ ၂၁ ကျောင်းကို သိန်း ၂၁ဝဝပေါ့။” သက်ဆိုင်ရာကပေးတဲ့ ဘုန်းကြီးကျောင်း စာရင်းအတိုင်း ၂၁ ကျောင်းကို လှူဒါန်းခဲ့ကြတာလို့လည်း မိန့်ပါတယ်။ နာဂစ်ဖြစ်တုန်းကတော့ ဆရာတော်ကြီးကိုယ်တိုင်ဦးစီးပြီး ပြန်လည်တည်ဆောက်ပေးခဲ့နိုင်ပေမယ့် အခုရှမ်းပြည်နယ်ကတော့ သွားလာရေးစရိတ်ကြီးတာကြောင့် အလှူငွေပဲလှူဖြစ်တာလို့ သိရပါတယ်။ ငလျင်ကြောင့် ပြိုကျပျက်စီးကုန်တဲ့ အဆောက်အဦတွေကို ရှင်းလင်းထားပြီးဖြစ်ပေမယ့် ပြန်တည်ဆောက်တာတော့ မလုပ်နိုင်ကြသေးဘူးလို့ ကယ်ဆယ်ရေးလုပ်နေတဲ့ ကျားဖြူပါတီက တာဝန်ခံ ဒေါ်နန်းငွေမြကပြောပါတယ်။ တချို့ရွာတွေမှာ ကယ်ဆယ်ရေးပစ္စည်း မရကြတာမျိုးတွေ ရှိတယ်လို့လည်း ခုလို ပြောပါတယ်။ “သူများပစ္စည်းတွေ ဘာတွေလာဝေရင် တနေရာတည်း တခါတည်း ရပ်ကွက်ဥက္ကဋ္ဌတွေစီမှာပဲ ပုံထားရပြီး နောက်ပိုင်း ရပ်ကွက်ဥက္ကဋ္ဌတွေက ဝေပေးမယ်ပြောပြီးတော့ တချို့နေရာတွေ မဝေပေးဘူး။ ဆုံးသွားတဲ့ ကိုယ်ရင်လေး မိဘလည်း လာပြောတယ်။ ကိုယ်ရင်လေးက ဆုံးသာဆုံးသွားတာ။ သေတဲ့အထဲမှာ အကျုံးမဝင်ဘူးတဲ့။ အသက် ၁၈နှစ် မပြည့်လို့ဆိုပြီးတော့ ရွာက လူကြီးကလည်း ဘာမှမပေးဘူး။ မထောက်ပံ့ဘူးလို့ လာပြောတာလည်းရှိတယ်။” အစိုးရကထုတ်ပြန်တဲ့ စာရင်းအရ သာသနိကအဆောက်အဦ ၁၁ ခု ပြိုကျပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ ဒေသခံတွေအဆိုအရ လုံးဝပြိုကျပျက်စီးသွားတဲ့ ဘုန်းကြီးကျောင်းပေါင်း ၁၁ ကျောင်း ရှိပြီး ကျန်တဲ့ ဘုန်းကြီးကျောင်းတွေကတော့ ထိခိုက်ပျက်စီးကြတာလို့ သိရပါတယ်။ ရှမ်းပြည်နယ်ထဲ ပြီးခဲ့တဲ့မတ်လ ၂၄ ရက်ညက လှုပ်သွားတဲ့ ပြင်းအား ရစ်ခ်ျတာ စကေးအဆင့် ခုနှစ်ရှိတဲ့ငလျင်ကြောင့် လုံးဝပြိုကျ သွားတဲ့ အိမ်အလုံးပေါင်း ၁၄ဝ ရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up