Live
Home
အထွေထွေ
သတင်းသမားများကို တရားစွဲမှု မီဒီယာဥပဒေနှင့်ဆန့်ကျင်နေ
ထွန်းထွန်းသိန်း
·
June 25, 2015
အစိုးရအနေနဲ့ သတင်းမီဒီယာသမားတွေကို တရားစွဲဆိုတာဟာ သတင်းမီဒီယာနည်း ဥပဒေနဲ့ ဆန့်ကျင်နေတယ်လို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီက ဇွန် ၂၄ ရက်နေ့က သတင်း ထုတ်ပြန်လိုက်ပါတယ်။ သတင်းသမားတွေကို တိုက်ရိုက်တရားစွဲဆိုတာဟာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းထားတဲ့ သတင်းမီဒီယာနည်းဥပဒေပါ အခန်း ၁၁၊ နည်း ၃၅၊ နည်း ၃၆ တို့နဲ့ ဆန့်ကျင်နေတာပါ။ အစိုးရအနေနဲ့ သတင်းမီဒီယာသမားတွေကို တရားစွဲဆိုတဲ့နေရာမှာ စာနယ်ဇင်းကောင်စီ ကို ကြိုတင်ညှိနှိုင်းမှုမရှိဘဲ တိုက်ရိုက်တရားစွဲဆိုနေတဲ့အပေါ် သတင်းစာဆရာ ဦးမြင့်ကျော်က “အာဏာရှိတဲ့သူတွေက တန်းပြီးတော့ တရားစွဲတယ်။ သူတို့ကအသာစီးရယူချင်တယ်။ ဒါမှမ ဟုတ် နောက်တစ်ခါဒါမျိုးတွေမလုပ်အောင် ကြောက်လန့်သွားအောင်လုပ်တဲ့ကိစ္စတွေရှိပါတယ်။ ကောင်စီက ဒါမျိုးတွေမလုပ်ဖို့ကို ပြီးခဲ့တဲ့နှစ်တွေထဲကပြောလာတာပါ။ အဓိကက အစိုးရကိုပေါ့။ ခုဒီလတ်တလောမှာလည်း မီဒီယာကို တန်းပြီးတရားစွဲတဲ့ကိစ္စမျိုးတွေကို အဲဒါတွေထပ်ပြီးမလုပ်ဖို့ ကို ကြေညာချက်ထုတ်တဲ့သဘောပါပဲ”လို့ပြောပါတယ်။ ဇွန် ၁၇ ရက်နေ့က ပြဋ္ဌာန်းခဲ့တဲ့ သတင်းမီဒီယာနည်းဥပဒေပါ အခန်း ၁၁၊ နည်း ၃၅၊ နည်း ၃၆ အရ သတင်းမီဒီယာသမားတဦးဟာ ကျင့်ဝတ်စည်းကမ်းဖောက်ဖျက်ရင် နစ်နာတဲ့ဌာန အဖွဲ့အစည်း ပုဂ္ဂိုလ်က ရက် ၉၀ အတွင်း စာနယ်ဇင်းကောင်စီကို တိုင်ကြားနိုင်ပြီး ကောင်စီက တိုင်ကြားစာရပြီး ၁၅ ရက်အတွင်းမှာ ဖြေရှင်းပေးရမှာဖြစ်ပါတယ်။ အခုလို စာနယ်ဇင်းသမားတွေကို တရားစွဲဆိုမှုနဲ့ပတ်သက်ပြီး ဥပဒေပညာရှင်တခိျု့က လည်းထောက်ပြဝေဖန်ကြပါတယ်။ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က “သက်ဆိုင်ရာစာနယ်ဇင်းကောင်စီကလည်း အစိုး ရကို ထဲထဲဝင်ဝင်ပြောပေးရမယ်။ သတင်းထောက်တွေကိုလည်း ရှင်းပြရမယ်။ အဓိက ကတော့ စာနယ်ဇင်းကောင်စီအနေနဲ့ ဒီ့ထက်ပိုပြီး ကြိုးစားဖို့လိုတယ်။ အစိုးရအနေနဲ့လည်း သူထုတ်ထား တဲ့ဥပဒေတွေအပေါ်မှာ သူလေးစားဖို့လိုတယ်”လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ သတင်းထောက်တွေကို နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှု၊ အကြည်ညိုပျက်မှု၊ တရားရုံးမထီမဲ့မြင်ပြုမူတွေနဲ့ အရေးယူလေ့ရှိပြီး ၂၀၁၄ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ် ဇွန်လအထိ သတင်းထောက်အယောက် ၂၀ လောက်ကို အစိုးရက တရားစွဲဆိုခဲ့ပါတယ်။ လက်ရှိမှာလည်း ယူနတီဂျာနယ်နဲ့ မွန်းတည့်နေဂျာနယ်ကသတင်းသမားတွေကို နှစ်ရှည်ထောင်ဒဏ်ချမှတ်ထားသလို အလဲဗင်းသတင်းဂျာနယ်က အယ်ဒီတာအဖွဲ့ကိုလည်း တရားရုံးကို မထီမဲ့မြင်ပြုမူနဲ့ တရားစွဲဆိုထားပါသေးတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024