A d v e r t i s e m e n t With Us

လူသတ်၊ ကိုကင်းကုန်ကူးမှုဖြင့် ကိုလံဘီယာဂိုဏ်းဝင် ၁၇ ဦးကို အမေရိကန် တရားစွဲ

အမေရိကန်အစိုးရဟာ လူသတ်မှု၊ ပြန်ပေးဆွဲမှုနဲ့ ကိုကင်းကုန်ကူးမှုတွေအတွက် ကိုလံဘီယာဂိုဏ်းအုပ်စု အူစူဂါရဲ့ အဖွဲ့ဝင် ၁၇ ဦးကို တရားစွဲကြောင်း ကြေညာလိုက်ပါတယ်။ အမေရိကန်အာဏာပိုင်တွေက သူတို့ကို ရှာနေခဲ့တာဖြစ်ပြီး ခေါင်းဆောင် ဒိုင်ရို အန်တိုနီယို အူစူဂါ ဒေးဗစ်ကို ဖမ်းဖို့ သတင်းပေးနိုင်ရင် အမေရိကန်ဒေါ်လာ ၅ သန်းပေးမယ်လို့ အရင်က ကမ်းလှမ်းဖူးပါတယ်။ ခုလို တရားစွဲနိုင်တာဟာ အမေရိကန် အာဏာပိုင်တွေနဲ့ နှစ်ပေါင်းများစွာ အဖွဲ့လိုက် ပူးပေါင်းလုပ်ကိုင်မှုကြောင့်လို့ ပြောရင်း ကိုလံဘီယာသမ္မတ ဟွမ်မန်နျူယယ် စန်တို့စ်က ကျေးဇူးတင်ကြောင်း ပြောပါတယ်။ ဂိုဏ်းအဖွဲ့ဝင်တွေကို ၂၀၀၂ ကနေ ၂၀၁၅ ကြားမှာ အမေရိကန်နိုင်ငံတွင်း ကိုကင်း ၇၃ တန်ကျော် တင်ပို့မှု၊ လူသတ်၊ ပြန်ပေးဆွဲ၊ ကိုယ်ထိလက်ရောက် တိုက်ခိုက်မှုတွေအတွက် ကြေးစားလူသတ်သမား အသုံးပြုမှုတွေနဲ့ စွပ်စွဲပြီး နယူးယောက်နဲ့ မိုင်ယာမီက တရားရုံးတွေမှာ တရားစွဲထားပါတယ်။ ဂိုဏ်းအဖွဲ့ဟာ ကိုလံဘီယာ၊ ဗင်နီဇွဲလား၊ အီကွေဒေါ၊ ဂွါတီမာလာ၊ ပနားမား၊ ဟွန်ဒူးရပ်စ်၊ ကော့စတာရီကာ၊ နီကာရာဂွါနဲ့ မက္ကဆီကို အပါအဝင် လက်တင်အမေရိက နိုင်ငံအများအပြားမှာ ရာဇဝတ်မှုတွေကို လျှို့ဝှက် ပူးပေါင်းကြံစည်ခဲ့ကြတယ်လို့ ဖလော်ရီဒါ တောင်ပိုင်းခရိုင်က အမေရိကန်ရှေ့နေက ပြောပါတယ်။ တရားစွဲခံ ၁၇ ယောက်မှာ အများစုက လွတ်နေဆဲလို့ အမေရိကန်အစိုးရက ပြောပါတယ်။ ကိုလံဘီယာရဲတွေကတော့ အူစူဂါဂိုဏ်းမှာ အဖွဲ့ဝင် အယောက် ၂၀၀၀ လောက်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ ကိုလံဘီယာနိုင်ငံတွင်း လက်ဝဲစွန်း သူပုန်တွေကို လက်နက်ဖြုတ်သိမ်းအပြီး ပြည်သူ့အုပ်စုတွေကြားမှာ အူစူဂါလို ရာဇဝတ်ဂိုဏ်းတွေ မှိုလိုပေါက်နေတာပါ။ သူတို့ဟာ မူးယစ်ကုန်ကူးမှုမှာ အကြီးအကျယ် ပါဝင် ပတ်သက်နေကြပါတယ်။ အမေရိကန်ကတော့ ကိုလံဘီယာနဲ့ နီးကပ်တဲ့ မဟာမိတ်ပါ။ အမေရိကန်ဟာ ကိုလံဘီယာနိုင်ငံတွင်း မူးယစ်ကုန်ကူးမှုတွေနဲ့ မူးယစ်ကုန်ကူးရာမှာ ပါဝင်ပတ်သက်နေတဲ့ သူပုန်အုပ်စုတွေကို နှိမ်နင်းရာမှာ ကူညီဖို့ ဒေါ်လာဘီလီယံချီ သုံးစွဲခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up