A d v e r t i s e m e n t With Us

ကောင်းမွန်သည့် အခြေအနေမရှိဘဲ ဒုက္ခသည်များ ပြန်မပို့ဟု အမေရိကန်သံအမတ်ပြော

မြန်မာနိုင်ငံမှာ သင့်တော်ကောင်းမွန်တဲ့ အခြေအနေ မရှိသေးဘဲနဲ့ ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်တွေကို ပြန်ပို့မှာ မဟုတ်သေးဘူးလို့ ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ပက်ထရစ် မာဖီက ပြောပါတယ်။ ဇွန်လ ၂၄ ရက်နေ့ မနက်ပိုင်းက ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ပက်ထရစ်မာဖီနဲ့အဖွဲ့ ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ မယ်လဒုက္ခသည်စခန်းကို သွားရောက်လေ့လာခဲ့ပြီးနောက် ဒုက္ခသည်တွေ ပြန်လည်ပို့ဆောင်ရေးနဲ့ ပတ်သက်တဲ့ အစီအစဉ်ကို အခုလို ပြောခဲ့တာပါ။ “ဒီဒုက္ခသည်တွေကို ထိုင်းနိုင်ငံက တာဝန်ယူစောင့်ရှောက်ပေးတဲ့အတွက် ကျေးဇူးတင်တယ်။ ဒုက္ခသည်တွေကို ပြန်ပို့မယ်ဆိုရင်တောင်မှ လုံခြုံစိတ်ချရတဲ့ အခြေအနေရှိဖို့နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အကူအညီတွေနဲ့အတူ နိုင်ငံတကာစံနှုန်းတွေအတိုင်း လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ အခြေအနေကို ရှင်းရှင်းလင်းလင်း ပြောချင်တာကတော့ မြန်မာနိုင်ငံမှာ သင့်တော်ကောင်းမွန်တဲ့ အခြေအနေ မရှိသေးဘဲနဲ့ ဒုက္ခသည်တွေကို ပြန်ပို့မှာ မဟုတ်သေးဘူး ဆိုတာပါပဲ။” လို့ မစ္စတာ ပက်ထရီမာဖီက ပြောပါတယ်။ ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးနဲ့အဖွဲ့ဟာ ထိုင်းအာဏာပိုင်အဖွဲ့နဲ့အတူ  မြန်မာဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ အဖွဲ့တွေကိုပါ တွေ့ဆုံခဲ့ပြီး ဒုက္ခသည်တွေရဲ့ စားဝတ်နေရေး ကိစ္စတွေကိုပါ ဆွေးနွေးခဲ့ပါတယ်။ အဲဒီနောက် ထိုင်း-မြန်မာနယ်စပ်မှာ ဖွင့်လှစ်ထားတဲ့ ဒေါက်တာစင်သီယာမောင်ရဲ့ မယ်တော်ဆေးခန်းနဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းတို့ကိုလည်း သွားရောက်လေ့လာခဲ့ပြီး နိုင်ငံရေးအကျဉ်းသားတွေကိစ္စနဲ့ မကြာခင် မြန်မာနိုင်ငံမှာ ကျင်းပတော့မယ့် ရွေးကောက်ပွဲတွေအကြောင်းကို တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ထိုင်း-မြန်မာနယ်စပ်မှာ မြန်မာဒုက္ခသည်စခန်း ၉ ခုရှိနေပြီး မြန်မာဒုက္ခသည် ၁ သိန်းခွဲနီးပါး ခိုလှုံနေကြရကာ အများစုက ကရင်ဒုက္ခသည်တွေ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up