ပါကစ္စတန်တွင် အပူလွန်ကဲမှုကြောင့် အရေးပေါ်အခြေအနေကြေညာ

ဓာတ်ပုံ - ရိုက်တာ
ပါကစ္စတန်တောင်ပိုင်း ဆင်းပြည်နယ်ထဲမှာ အပူလွန်ကဲတာကြောင့် သေဆုံးသူ ၈၀၀ နီးပါး ရှိလာချိန်မှာ ၀န်ကြီးချုပ် နာဝပ်ရှရစ်က အရေးအပေါ်အခြေအနေကို ကြေညာလိုက်ပါတယ်။ သေဆုံးသူအများစုဟာ ပြည်နယ်မြို့တော်နဲ့ ပါကစ္စတန်မှာ အကြီးဆုံး စီးပွားရေးမြို့တော်ဖြစ်တဲ့ ကရာချီက ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၃ ရက်အတွင်းမှာ အပူချိန် ကျဆင်းသွားပေမယ့် လူသေစာရင်းကတော့ တိုးမြဲ တိုးလာတာပါ။ ဇွန် ၂၁ ရက်နေ့က သေဆုံးသူ ၁၃၆ ယောက်ပဲ ရှိရာကနေ ဇွန် ၂၄ ရက်နေ့မှာတော့ သေဆုံးသူ ဦးရေဟာ ၈၀၀ နီးပါး ရှိလာပါတယ်။ အပူလှိုင်းဖြတ်သန်းနေတဲ့အချိန်မှာ လျှပ်စစ်မီးလည်း ဆိုးဆိုးရွားရွား ပြတ်တောက်တဲ့အချိန်၊ မွတ်စလင်တို့ရဲ့ မနက်မိုးသောက် နေထွက်ချိန်မှ ညနေ နေ၀င်ချိန်အထိ အစားအသောက် ရှောင်ကြဉ်ရာ ရာမဒန်ဥပုသ်လနဲ့ တိုက်ဆိုင်နေပါတယ်။ သေဆုံးသူတွေထဲမှာ ဆင်းရဲသားတွေ၊ လူအိုတွေနဲ့ လူနာတွေ တော်တော်များများနေပြီး ရေဓာတ်ခန်းခြောက်လို့ သေဆုံးကြတာ ဖြစ်ပါတယ်။ လျှပ်စစ်မီး လိုအပ်တဲ့အချိန်မှာ  လျှပ်စစ်မီး ပြတ်တောက်တဲ့အတွက်  အစိုးရဆေးရုံတွေမှာ လူနာတွေကို စောင့်ရှောက်မှုအပိုင်းမှာပါ ညံ့ဖျင်းတဲ့အတွက် ပြည်သူတွေကလည်း ဒေါသထွက်နေကြပါတယ်။ ဆိုးရွားတဲ့ မီးပျက်မှုကြောင့် ဖြစ်ရတဲ့ အကျပ်အတည်းကို စီမံခန့်ခွဲမှု မလုပ်တဲ့အတွက် အတိုက်အခံ ပါတီတွေက ဝေဖန် ပြစ်တင်နေပါတယ်။ လူတွေက ပန်ကာတွေနဲ့ လေအေးပေးစက်တွေကို ဖွင့်ပြီး တချိန်တည်းမှာ ချက်ပြုတ်ခဲ့ကြလို့ ဓာတ်အားပေးလိုင်းတွေ ဝန်နဲ့အား မနိုင်မနင်း ဖြစ်ခဲ့တာပါ။ ပါကစ္စတန်စစ်တပ်နဲ့ ပြည်သူ့စစ်တွေက အပူရှပ် အရေးပေါ် ဆေးကုသဌာနတွေကို ဖွင့်ပြီး လူထုကို ရေနဲ့ ရေဓာတ်ဖြည့် ဓာတ်ဆားတွေ ပံ့ပိုးပေးနေပါတယ်။

//
More News
Up