ရာသီဥတုကြောင့် နေရောင်ခြည်စွမ်းအင်သုံးလေယာဉ် ခရီးစဉ်ဖျက်သိမ်း

ဓာတ်ပုံ - solarimpulse.com
ကမ္ဘာတပတ်ပျံသန်းဖို့ ရည်မှန်းထားတဲ့ နေရောင်ခြည် စွမ်းအင်သုံး လေယာဉ်ဟာ ဂျပန်နိုင်ငံကနေ အမေရိကန်နိုင်ငံ ဟာဝိုင်အီကို ပျံသန်းမယ့် အစီအစဉ်ကို ပြီးခဲ့တဲ့ ဇွန် ၂၄ ရက်နေ့က ဖျက်သိမ်းလိုက်ပါတယ်။ ရာသီဥတုအခြေအနေကြောင့် နောက်ဆုံးမိနစ်ကျမှ ဖျက်သိမ်းလိုက်ရတာ ဖြစ်ပါတယ်။ Solar Impulse 2 လေယာဉ်ဟာ ဇွန် ၁ ရက်နေ့ကတည်းက ဂျပန်နိုင်ငံ အနောက်ပိုင်းက နာဂိုယာလေဆိပ်မှာ ရာသီဥတု ကောင်းမယ့်အချိန်ကို စောင့်ဆိုင်းနေတာ ဖြစ်ပါတယ်။ လေယာဉ်မှူး အန်ဒရီ ဘော့စဘာ့ဂ်ရဲ့ ပြောခွင့်သူက ဟာဝိုင်အီ အနီးတ၀ိုက်မှာ အအေးရပ်ဝန်း ပိတ်နေတဲ့အတွက် ဖြတ်သန်းဖို့ မဖြစ်နိုင်ဘူးလို့ ရှင်းပြပါတယ်။ လောလောဆယ်မှာ စိတ်ပျက်မိပေမယ့် မကြာခင်မှာ ပျံသန်းနိုင်မယ်လို့ ယုံကြည်တယ်လို့လည်း ပြောပါတယ်။ ပစိဖိတ်သမုဒ္ဒရာကို ဖြတ်သန်းမယ့် အစီအစဉ်ကို ဖျက်သိမ်းရတာ ဒီတကြိမ်ပါဆိုရင် အနည်းဆုံး ၂ ကြိမ် ရှိပါပြီ။ နေရောင်ခြည်စွမ်းအင်သုံးလေယာဉ်ဟာ ပျံသန်းချိန် ၂၅ ရက်၊ ရပ်နားမယ့် နေရာ ၁၂ နေရာနဲ့ ကမ္ဘာတပတ် ပျံသန်းဖို့ ရည်မှန်းထားတာပါ။ အမြန်နှုန်းက ၁ နာရီ မိုင် ၃၀ ကနေ ၆၀ အတွင်း ပျံသန်းမယ့် ခရီးစဉ်တလျှောက်လုံးမှာ တရုတ်နိုင်ငံ နန်ကျင်းကနေ ဟာဝိုင်အီဆီကို ပျံသန်းတဲ့ ပစိဖိတ်သမုဒ္ဒရာဖြတ် ခရီးစဉ်ဟာ အခက်ခဲဆုံးလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up